မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 16, 2016
စစ်ပွဲများ ရပ်တန့်နိုင်ရေးနှင့် စစ်ဘေးဒုက္ခသည်များ အရေး အမြန်ဆုံးဖြေရှင်းပေးရန် အစိုးရများနှင့် အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင် -------- --------- -------
စစ်ပွဲများ ရပ်တန့်နိုင်ရေးနှင့် စစ်ဘေးဒုက္ခသည်များ အရေး အမြန်ဆုံးဖြေရှင်းပေးရန် အစိုးရများနှင့် အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်
-------- --------- -------
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားလျက် ရှိသည့်အပေါ် တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင် ဒုက္ခသည်များ အရေးတကြီး လိုအပ်နေသည့် ကူညီမှုများကို ပြည်ထောင်စု အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးများအား တိုက်တွန်းကြောင်း အရေးကြီး အဆိုတစ်ရပ်ကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။
“ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြည်သူများ ဒုက္ခများစွာ ကြုံနေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများရပ်ဆိုင်း ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန်” ဟု အဆိုရှင် ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် လူဦးရေ သုံးထောင်ကျော်ထိရှိကာ ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်လှစ်ထားရကြောင်း ၄င်းက ထပ်လောင်းပြောသည်။
“တိုက်ပွဲများ မဖြစ်ခင် ဖေဖော်ဝါရီ ၆ ရက်နေ့က ဒေသတွင်း လှုပ်ရှားလျက်ရှိတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုမှ မင်းကွန်းကျေးရွာအုပ်စု ဒေသခံ ဘုန်းတော်ကြီး တစ်ပါးအပါအဝင် ၉ ဦး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့မှာ လူ ၆ ဦး သတ်ဖြတ်ခဲ့ပါကြောင်း ကလောဝိုင်း ကျေးရွာသားများက သွားရောက် မြှပ်နှံခဲ့ရတယ်လို့ ဒေသခံများ ပြောကြားချက်အရ သိရပါတယ်” ဟု ဦးစိုင်းထွန်းအောင်က ဆိုသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ပြည်သူ ၃၀၀ ဦးခန့်သည် ပန်ဆန်ကျေးရွာသို့ လမ်းလျှောက် ထွက်ပြေးခဲ့ရပြီး၊ မင်းကွန်းကျေးရွာ ဒေသခံများသည် မိုးမိတ်နှင့် မိုင်းလုံမြို့နယ်သို့ လည်းကောင်း၊ တို့ဆန်နှင့် ညောင်ပေါင်းကျေးရွာမှ ဒေသခံများသည် မိုင်းလောနှင့် ကျောက်မဲမြို့ပေါ်သို့ လည်းကောင်း ထွက်ပြေး တိမ်းရှောင် နေရကြောင်းလည်း ၄င်းက ရှင်းပြသည်။
အရေးကြီးအဆိုကို ထောက်ခံခဲ့သည့် နမ္မတူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက “ပြည်ထောင်စု မြန်မာနိုင်ငံကို ဖြစ်ပေါ်စေတဲ့ စတင်သန္ဓေတည်ခဲ့တဲ့ ဖေဖော်ဝါ ရီ ၇ ရက်နေ့မှာ ဒီနိုင်ငံထဲမှာ ရှိနေတဲ့ ပြည်သူတွေ အားလုံးက ဂုဏ်ယူပြီးတော့ အလေးထားနေရမယ့်အစား လက်နက်ကိုင်တွေကြောင့် ပြည်သူတွေ အတိဒုက္ခ ရောက်နေတာကို သိရှိနေရပါတယ်” ဟု ဆွေးနွေးခဲ့သည်။
လက်နက်ကိုင်ဟူသည် ပြည်သူများအား ကာကွယ်ရန်ဖြစ်ပြီး ကောင်းမွန်သည့် အနာဂတ်များ ဖော်ဆောင်ပေးရမည့် တာဝန်ရှိကြောင်းလည်း ၄င်းက တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုအား ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် လွှတ်တော်၏ ဆန္ဒသဘောထား ရယူရာတွင် ကန့်ကွက်သူမရှိ၊ ကြားနေသူမရှိဘဲ တက်ရောက် ကိုယ်စားလှယ် အားလုံး ထောက်ခံခဲ့သည့်အတွက် အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အတည်ပြုလိုက်သည်။
“တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီးတော့ လွှတ်တော် တစ်ရပ်လုံးက ကန့်ကွက်သူမရှိ ထောက်ခံတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်၊ တိုင်းရင်းသားအရေးကို အခုလို အင်တိုက်အားတိုက် ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ အတွက် ဂုဏ်လည်းယူပါတယ်” ဟု အဆိုရှင် ဦးစိုင်းထွန်းအောင်က မီဒီယာများကို ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့များ ဆိုသည်ကိုမူ လက်နက်ကိုင် အဖွဲ့အမည်များ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
သတင်း - ကိုပေါက်
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment