မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 25, 2016
နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်း ရောင်းချ လွှဲပြောင်းနေခြင်းအား စိစစ်ဟန့်တား ထိန်းကျောင်းပေးရန် အရေးကြီးအဆိုတင်
နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများ အလျင်စလို ငှားရမ်း ရောင်းချ လွှဲပြောင်းနေခြင်းအား စိစစ်ဟန့်တား ထိန်းကျောင်းပေးရန် အရေးကြီးအဆိုတင်
-------- -------- -------
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံ၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို အလျင်စလိုငှားရမ်း ရောင်းချ လွှဲပြောင်းမှု၊ စီမံကိန်းများ အဆောတလျင် ခွင့်ပြုနေမှု ကျူးကျော်များအား အဓမ္မဖယ်ရှားနေမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော သဘောတူညီမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှုတို့ကို စိစစ်ထိန်းကျောင်းပေးရန် အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို တစ်ရပ်ကို ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။
“၂၀၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ပိုမိုအလျင်စလို လုပ်ဆောင်လာတဲ့ လုပ်ငန်းများအနက် ဥပမာအချို့ တင်ပြလိုပါတယ်” ဟု အဆိုရှင်က ပြောသည်။
တိုးချဲ့ရန် ပြင်ဆင်စီစဉ်လျက်ရှိသော ရန်ကုန်ဆေးရုံးကြီးအနီး မြေနေရာ ၄ ဒသမ ၃ ဧကအား ပြည်တွင်းလုပ်ငန်း ရှင်အချို့နှင့် ဖက်စပ်လုပ်ဆောင်မည့် စင်ကာပူဆေးရုံတစ်ခုအား အသုံးပြုခွင့်ပေးခြင်း၊ ရပ်ဆိုင်းခဲ့ရသော ဒဂုံစီးတီး စီမံကိန်းဝင် ကုမ္ပဏီများကို ရန်ကုန်မြို့တော်ရှိ မြေနေရာကောင်းများ (Merga Landmark ကုမ္ပဏီအား ကမ္ဘာဇ ဘုရားလမ်းပေါ်ရှိ မြေဧရိယာ ၁၇ ဒသမ ၇ ဧကကျယ်သော သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနပိုင်မြေ) အားအစား ထိုးပေးခဲ့ကြောင်း ၄င်းကပြောသည်။
ရှမ်းပြည်နယ် သံလွင်မြစ်ကြောင်း တစ်လျှောက် ရေကာတာပေါင်း ၁၈ ခုအား သဘောတူ လက်မှတ်ထိုးခဲ့သည်ဟု သတင်းထွက်ပေါ်နေခြင်း၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် မှန်ကန်စွာ လိုက်နာကျင့်သုံးခြင်းမရှိဘဲ ဒေသခံပြည်သူတို့နှင့် ပြသ၁နာများစွာ ဖြစ်ပွားလျက်ရှိသော လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှ လာမည့် မေလတွင် သတ္တုရိုင်း စတင်ထုတ်လုပ်ရန် ရှိခြင်းများကို ဒေါ်ခင်စန်းလှိုင်က ပြောသည်။
“ယနေ့အချိန်ကာလသည် ၂၀၁၀ ခုနှစ်၏ အရွေးကောက်ခံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ သည် ဒီမိုကရေစီ စံချိန်စံညွန်းများနဲ့အညီ ကြိုးစားပြင်ဆင်ပေးခဲ့ကြောင်း သမိုင်းမှတ်တမ်း တင်ရမည့် အချိန်ကာလ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။
အစိုးရသစ်အနေဖြင့် လုပ်ငန်းတာဝန်များကို ချောမွေ့စွာ ဆက်လက် ထမ်းဆောင်နိုင်ရန်အတွက် စနစ်တကျ လွှဲပြောင်းခြင်းကို အာရုံစိုက် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ၄င်းက တိုက်တွန်းပြောကြားသည်။
ဒေါ်ခင်စန်းလှိုင် တင်သွင်းသည့် အရေးကြီးအဆိုအား ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ထောက်ခံဆန္ဒပြု ဆွေးနွေးခဲ့သည်။
အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာ မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၄၃၂ ဦးရှိပြီး ထောက်ခံမဲ ၂၇၈ မဲ၊ ကန့်ကွက်မဲ ၁၃၂ မဲ၊ ကြားနေမဲ ၃ မဲရှိကာ ထောက်ခံမဲ များသည့်အတွက် အဆိုအား ဆွေးနွေးရန် လွှတ်တော်က အတည်ပြုပေးခဲ့သည်။
သတင်း - ကိုပေါက်
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment