Monday, February 22, 2016

ကချင်လူမျိုးများ ဘာကြောင့်ဘိန်းခင်းဖျက် =============================

ကချင်လူမျိုးများ ဘာကြောင့်ဘိန်းခင်းဖျက်
=============================

ကချင်လူမျိုးများ ဘာကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို သဲကြီးမဲကြီးလုပ်ဆောင်လာ ကြသလဲ။ အဓိက (၂) ချက်မြင်ပါတယ်။ ပထမအချက် - မူးယစ်အန္တရာယ်အင်မတန်ကြီးမားလာပြီး မတိုက်ဖျက်ဘဲ မဖြစ်တော့သောအခြေအနေကြောင့်၊ ဒုတယအချက် - ယင်းကိစ္စနှင့်ပတ်သက်ပြီး ကချင်ပြည်မှာ သက်ဆိုင်ရာအစိုးရက တာဝန်ယူ ဖြေရှင်းပေးမှု လုံးဝ မရှိခြင်းကြောင့် တို့ဖြစ်တယ်။

ပထမအချက်။
---------------

ကချင်ပြည်မှာ လူငယ်များပျက်ဆီးမှုက ကြောက်ခမန်းလိလိကိုများပြားလာတာပါ။ မူးယစ်ဆေး ပေါများတာ ကချင်ပြည်ရောက်ဖူးသူများအားလုံးသိပါတယ်။ ဘယ်သူတွေကထုတ်လုပ်နေတာလဲ။ ဘယ်သူ တွေကတင်သွင်းနေတာလဲ။ ဘာ့ကြောင့်ကချင်ပြည်မှာမှလဲ။ မေးစရာမေးခွန်းတွေအများကြီးပါ။ ဘိန်းခင်းတွေရှိနေတာ ဆယ်စုနှစ်ချီနေပါပြီ။ လူငယ်တွေပျက်ဆီးနေတာ ထောင်သောင်းဂဏန်းရှိနေပါပြီ။ မူးယစ်ဆေးကြောင့်မျက်ရည်မကျရတဲ့ မိမိဘ ဆိုလို့ခပ်ရှားရှားပါ။ လိမ်လည်လှည့်ဖျား၊ ခိုးဆိုးလုယက်၊ ကောက်ကျစ်၊ မဒိမ်းမှုနဲ့ထောင်ကျတဲ့ ကချင်လူငယ်ဆိုတာ တွေ့ဖို့ခက်ခက်ပါ။ ထောင်ထဲရောက်တဲ့ ဘယ်ကချင်ထောင်ကျသူကိုမဆိုမေးကြည့် ဘာအမှုနဲ့လဲလို့။ အားလုံးနီးပါး မူးယစ်ဆေးနဲ့လို့ဖြေကြမှာပါ။

ဒါကြောင့် ကချင်ပြည်မိဘပြည်သူတိုင်း (ဘိန်းစိုက်၊ ရောင်းသူများမှအပ) ဘိန်းခင်း တွေကိုဖျက်ဆီးချင်ကြတာခုမှမဟုတ်ပါ။ ရက်စက် တင်းကြပ်လွန်းတဲ့ စစ်တပ်အုပ်ချုပ်ရေးစနစ် အောက်မှာ အားမသန်လို့မာန်လျှော့ကာ အံကြိတ်ရင်း မူးယစ်ဆေးဆွဲပြီး ရွဲနေတဲ့သားသမီးတွေကို အကြိမ်ကြိမ် အခါခါထူဖို့ကြိုးစားရုန်းကန် နေလာခဲ့ရတဲ့ ကချင် ပြည်သူတွေပါ။ Pat Jasan မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်ပေါ်လာတဲ့ခါ ကချင်လူမျိုးတွေ အလုံးအရင်းနဲ့ပါဝင်လာတာဟာ အဆန်းမဟုတ်ပါ။

ဒုတိယအချက်။
----------------

ပြောဖို့အားမနာတော့ပါ။ သီးမခံနိုင်တော့လို့ပါ။ သက်ဆိုင်ရာ(အစိုးရ)ကို ဘယ်လိုမှအားကိုး လို့မရ တော့မှန်း ကချင်လူမျိုးများ နားလည်သဘောပေါက်သွားသောကြောင့် ခုလို ထလုပ်ကုန်ကြတာပါ။ အမှန်တော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဟာကမ္ဘာနဲ့ချီပြီးလုပ်နေတဲ့အရာပါ။ နိုင်ငံတိုင်းမှာသက်ဆိုင်ရာ အစိုးရအသီးသီးက အဓိကတာဝန်ယူတိုက်ဖျက်နေကြတာပါ။ ဒါပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံမှာတော့ အဲလိုဖြစ်မနေတာကိုဝမ်းနည်းစွာတွေ့မြင်နေရတာပါ။ အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့မသိ။ ကချင် ပြည်နယ်တွင် တော့ အစိုးရရဲ့တာဝန်မယူမှုက သိသိသာသာကိုမြင်တွေ့ရပါတယ်။ ဥပမာ အဖြစ်အပျက် လေးပြောပြချင်ပါတယ်။

မိမိအနေနဲ့ ၂၀၀၇ မှ ၂၀၁၀ ခုနှစ်ကာလမှာ မြစ်ကြီးနား ဒူကထောင်နှစ်ခြင်းအသင်းတော်မှာ အသင်းတော်လူငယ်များ တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်စဉ်က မူးယစ်ဆေးရောင်းသူများအား ဖမ်းရေး မဖမ်းရေးနဲ့ ပတ်သက်ပြီး လူထုနဲ့ရဲ အငြင်းပွါးမှုများမကြာခဏတွေ့မြင်ခဲ့ဖူးပါတယ်။

ဘယ်သူရောင်းတယ်ဆိုတာ လူထုကသိတယ်၊ တွေ့တယ်၊ သွားတိုင်တယ်။ ရဲစခန်းကဖမ်းပေးမယ် ပြောပြီးမဖမ်းဘူး။ ကြာတော့လူထုက သီးမခံနိုင်လို့ကိုယ်တိုင်သွားဖမ်းပြီး ရဲစခန်းသွားပို့တော့ တရားခံကို ထားခဲ့ ဒါမင်းတို့ အလုပ်မဟုတ်ဘူးဆိုပြီး ဟောက်လွှတ်လိုက်တယ်။ နာရီပိုင်းလောက်ကြာပြီးနောက် တရားခံက သူ့အိမ်အခန့်သားပြန်ရောက်နေတယ်။ ဒီလိုမျိုးအဖြစ်အပျက်က တစ်ကြိမ်နှစ်ကြိမ် မဟုတ်။

ရောင်းတဲ့သူကိုဘယ်တော့မှမဖမ်းဘူး။ ဆေးသုံးတဲ့သူတွေတော့ ဖမ်းတယ်။ ဖမ်းတယ်ဆိုတာက လည်း ကောင်းကောင်းမွန်မွန်ဖမ်းပြီး ထောင်ချ၊ ပြုပြင်ပေးခြင်းမဟုတ်။ ဘယ်နေရာမှာ မူးယစ်ဆေးရောင်း တယ်ဆိုတာ ရဲကသိထားတော့ အဲဒီနေရာတွေမှာ ပုန်းစောင့်နေပြီး ရှောင်သခင်ဝင်ရောက် ရိုက်နက်ဖမ်းတယ်။ တစ်ခါတစ်လေ အသေအပျောက်တောင်ရှိတယ်။ ၂၀၀၈ ခုနှစ် ဒူကထောင်ရပ်ကွက် အပိုင်း (၁၁)၊ ဂေါက်ကွင်းနားက မူးယစ်ရဲအဖွဲ့ရိုက်လို့ မောင်ဆိုင်းအောင် အသက် (၂၀) အရွယ် ကချင်ကောင်လေးတစ်ယောက် ပွဲချင်း ပြီးသေခဲ့ရတယ်။ အခြားတော်တော်များ ဒဏ်ရာရကြတယ်။ မူးယစ်အဖွဲ့က သေသွားတဲ့ကောင်လေး မိသားစုကို အလျှော်ပေးခဲ့ရတယ်။ (ကောင်လေးမိခင် ခုချိန်ထိရှိ)။ ဒါကိုယ်တွေ့ အဖြစ်အပျက်ပဲ။ ကောင်လေးရဲ့အသုဘချဆုတောင်းပွဲ အစီအစဉ်အားလုံးမှာ မိမိကိုယ်တိုင် ပါဝင်ခဲ့တယ်။ သို့ပေမယ့်အဲချိန်တုန်းက ခုလို Internet, Facebook တို့ မသွင်ကျယ်သေးတော့ လူမသိသူမသိပြီးသွားတယ်။

ကချင်ပြည်မှာ အစိုးရရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ပုံက အဲဒီလိုပါ။ ဒါနဲ့ပတ်သက်ပြီး မိဘပြည်သူများ ကြိတ်မနိုင်ခဲမရဖြစ်နေတာကြာပါပြီ။ ဒါကြောင့် ကချင်ပြည်မိဘပြည်သူတိုင်းက ဘိန်းခင်းဖျက်ရေးမှာ အင်တိုက်အားတိုက်ကို ပါဝင်ကြတော့တာပါ။ မကျေနပ်ချက်နဲ့၊ ခံစားချက်နဲ့ကိုတိုက်ဖျက်ကြတာပါ။

အရင်အချိန်တွေတုန်းက ဘယ်လောက်ပဲ တိုက်ဖျက်ချင်ပေမယ့်လည်း အခြေအနေမရှိခဲ့ဘူးလို့ ဆိုချင်ပါတယ်။ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွေတောင် မအောင်မြင်ခဲ့တာပဲလေ။ ဒါပေမယ့် ခေတ်ကပြောင်းလဲခဲ့ပါပြီ။ ဒီမိုကရေစီခေတ်ဆိုတော့ ပြောနိုင်ဆိုနိုင်လာတယ်။ လူဦးရေ (၅) ယောက်ထက်ပို စုလို့ရလာတယ်။ ဒါတောင်ကချင်လူထုက ဒီမိုကရေစီဆိုတာနဲ့ ချက်ချင်းထလုပ်ကြသေးတာ မဟုတ်။ အောက်ပြည်အောက်ရွာက နောင်တော်တွေ အကြိမ်အခါခါ သပိတ်မှောက် ဆန္ဒပြကြ တာကိုကြည့်ပြီး ဒီမိုကရေစီစနစ် ပထမသက်တမ်း (၅)နှစ်ကုန်ခါနီး ခုချိန်ရောက်မှ သြော် လုပ်လို့ရပြီဆိုပြီး လုပ်နိုင်ကြတော့တာပါ။ ဘာပဲဖြစ်ဖြစ်ဒီမိုကရေစီစနစ်ကြီးထဲမှာ ကချင်မိဘပြည်သူတွေက မကြိုက်တာကို မကြိုက်ဘူးပြောတတ်လာတဲ့ သဘောပါ။ ဒါလည်းပဲ ဆန်းဆန်းပြားပြားကိစ္စကိုမကြိုက်နေခြင်းမဟုတ်။ တစ်ကမ္ဘာလုံး၊ ဘာသာတရားအားလုံးမကြိုက်တဲ့ မူးယစ်ဆေးဝါးကို မကြိုက်တာပါ။

အထက်ပါ အချက်တွေကြောင့် ကချင်လူမျိုးများ မူးယစ်ဆေးဝါးကို အင်တိုက်အားတိုက် တိုက်ဖျက် လာကြတာပါ။ ဒါကို ဟိုဟာကြောင့် ဒီဟာကြောင့် လုပ်ကြတယ်ဆိုပြီး တစ်ချို့လော်ဘီသမားတွေက ရေးနိုင်ကြသေးတယ်။ (နောက်မှဆက်ပါဦးမည်)။

ဘိန်းစစ်ဆင်ရေးပြုလုပ်နေသောကချင်လူမျိုးများ၏ခံစားချက်များကိုပြည်ထောင်စုဖွားတိုင်းရင်းသားနားလည်ပေးကြပါရန်မျှော်လင့်လျက်
Credict-Karing Zau Gun
#Labang

No comments: