Tuesday, January 12, 2016

ရန်ကုန် မြို့တော် မြို့နယ် ၂၀ကျော်တွင် သုံးရက်တာ သောက်သုံးရေ ပြတ်တောက်မည် ရန်ကုန် ၊ ဇန်နဝါရီ ၁၁

ရန်ကုန် မြို့တော် မြို့နယ် ၂၀ကျော်တွင် သုံးရက်တာ သောက်သုံးရေ ပြတ်တောက်မည်
ရန်ကုန် ၊ ဇန်နဝါရီ ၁၁
ရန်ကုန် မြို့တော်ရှိ မြို့နယ်ပေါင်း ၂၀ကျော်တွင် ဇန်နဝါရီ လ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်တာ ကာလအတွင်းမှာ ရေပြတ်တောက်မှု၊ ရေအားလျော့နည်းမှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ မြို့တော်ရှိ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ ရန်ကင်း၊ ဗဟန်း၊ ဒဂုံ၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ ဒဂုံမြို့သစ် မြို့နယ်လေးခု နှင့် ရန်ကုန်မြို့တွင်း မြို့နယ်များ သောက်သုံးရေ ပြတ်လပ်ခြင်း၊ ရေအားလျော့နည်းခြင်းများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ငမိုးရိပ် ရေပေးဝေရေး စီမံကိန်းမှ ညောင်နှစ်ပင် ရေသန့်စင် စက်ရုံသို့ ဆက်သွယ်ထားသော ပင်မ တူးမြောင်းကို ပြင်ဆင်မည် ဖြစ်သောကြောင့် ညောင် နှစ်ပင် ရေသန့်စင် စက်ရုံမှ ဖြန့်ဝေ လျက်ရှိသော မြို့နယ်များတွင် ရေပြတ်တောက်ခြင်း၊ ရေအားလျော့နည်းခြင်းများ ဖြစ်ပေါ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“မြို့သစ်တွေကတော့ ရေအားလျော့မယ်၊ မြို့တွင်းမြို့နယ်တွေကတော့ ရေပြတ်တောက် သွားမှာပါ၊ သုံးရက်ဆိုပေမယ့် စောပြီးအောင်တော့ ကြိုးစားလုပ်သွားမယ်” ဟု ၎င်းက ပြောကြားသည်။
သောက်သုံးရေပြတ်နိုင်သော မြို့နယ်များတွင် နေထိုင်သူများကို မြို့နယ် စည်ပင်ရုံးများမှ တဆင့် အသိပေးရန် လိုအပ်ကြောင်း၊ နီးကပ်မှ သောက်သုံးရေပြတ်မည့် ကြေညာချက် ထုတ်ပြန် ကြေညာခြင်းမှာ သုံးစွဲသူများအတွက် အခက်အခဲ
ဖြစ်ပေါ်ကြောင်း တောင်ဥက္ကလာပ မြို့နယ် တွင် နေထိုင်သူ အိမ်ရှင်မ ဒေါ်ချိုချိုဝင်းက ပြောဆိုသည်။
ရန်ကုန်မြို့တော်၏ သောက်သုံးရေးပေးဝေရေး စီမံကိန်းများမှ တစ်ရက်လျှင် ရေဂါလံစုစုပေါင်း ၂၀၅ သန်းကို နေ့စဉ်ဖြန့်ဝေပေးလျက်ရှိပြီး ၂၀၄၀ ခုနှစ်တွင် လိုအပ်ရေဂါလံသန်း ၆၀၀ ခန့် ဖြန့်ဝေနိုင်ရန် တိုးမြစ်နှင့်ကုက္ကိုဝမြစ်ရေတင်ရေပေးစီမံကိန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ထံမှသိရှိရသည်။

No comments: