Friday, January 1, 2016

ဒေါ်အောင်ဆန်းစုကြည်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ပေးသင့်ပါသလား --------------------

ဒေါ်အောင်ဆန်းစုကြည်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ပေးသင့်ပါသလား
-------------------------------------------------------------------------------------

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြီးစီးခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အများမျှော်လင့်ခဲ့သည့်အတိုင်း အမတ်နေရာအများစုတွင် အနိုင် ရရှိခဲ့ပြီးနောက် အစိုးရဖွဲ့ခွင့်ရရှိခဲ့ပြီးဖြစ်ပါသည်။ ထိုသို့အစိုးရအဖွဲ့ ဖွဲ့စည်းရေးတွင် သမ္မတ မည်သူ လုပ်မည်ဆိုသည်နှင့်ပတ်သက်၍ တိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ ဒေါ်အောင်ဆန်းစုကြည် အား သမ္မတတင်မြှောက်နိုင်ရေးအတွက် ဦးစွာကြိုးပမ်းလျက်ရှိနေပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ
ဥပဒေပုဒ်မ ၅၉(စ)နှင့် ကိုက်ညီမှု မရှိသည့်အတွက် သမ္မတမဖြစ်နိုင်ရာ အဆိုပါဥပဒေပုဒ်မအား ၅ နှစ်ဆိုင်းငံ့ပေးရန် ပြောကြားမှုများရှိ နေပါသည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၅၉(စ)ကိုဖြစ်စေ၊ အခြားပုဒ်မတစ်ခုခုကို ဖြစ်စေဆိုင်းငံ့နိုင်ကြောင်း ဖော်ပြထားခြင်းမရှိသကဲ့သို့ ဆိုင်းငံ့ခြင်း
မပြုရန်အတွက်လည်း တားမြစ် ထားခြင်းမရှိသည့်အတွက် ဆိုင်းငံ့၍ရသည်ဟုယူဆကြောင်း ပြောကြား
မှုများရှိနေပါသည်။ ဤသို့ဆိုလျှင် ဥပဒေတစ်ရပ်အား ဆိုင်းငံ့ခြင်းသည် ဖြစ်သင့်၊ မဖြစ်သင့်ဆိုသည်ကို ယုတ္တိရှိရှိဖြင့် မှန်ကန်စွာချင့်ချိန်စဉ်းစား ရမည်ဖြစ်ပါသည်။

နိုင်ငံတိုင်းတွင် ပြဋ္ဌာန်းထားသောဥပဒေအားလုံးသည် နိုင်ငံသားအားလုံးလိုက်နာနိုင်စေရန်ရည်ရွယ်ပြဋ္ဌာန်း
ထားသော ဥပဒေများသာဖြစ်ပေသည်။ နိုင်ငံသားတိုင်းအတွက် ရည်ရွယ်ပြဋ္ဌာန်းထား ခြင်းဖြစ်
သည့်အတွက် ဥပဒေတစ်ရပ်အား လူ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏အကျိုးအတွက် ဖျက်သိမ်းပေး ခြင်း၊ ဆိုင်းငံ့ပေးခြင်းပြုလုပ်လျှင် သင့်လျော်မှုရှိမည်မဟုတ်ချေ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အကျိုး အတွက် ပြင်ဆင်ပေးခြင်း၊ ဆိုင်းငံ့ပေးခြင်း၊ ဖျက်သိမ်းပေးခြင်းပြုခဲ့ပါလျှင် ထိုသူသည် အာဏာရှင် တစ်ဦး၊ သို့တည်းမဟုတ် ဥပဒေ၏အထက်တွင် ရှိနေသောသူတစ်ဦးဖြစ်ပေလိမ့်မည်။ ဥပဒေ၏မြင့်မြတ်မှု သည် ဥပဒေ၏အထက်တွင်မည်သူမျှမရှိခြင်း၊ No one is about the law ပင်ဖြစ်ပြီး ကျောသားရင်သား ခွဲခြား၍မရပေ။ လူတစ်ဦးအတွက် ဥပဒေအားဆိုင်းငံ့ပေးရမည်ဆိုပါလျှင် အခြားသောသူများသည် အဆိုပါအချက်ကိုထောက်ပြ၍ ၎င်းတို့အတွက်လည်း ဆိုင်းငံ့ထားရန်တောင်းဆိုလာကြပေမည်။

ထိုသို့ တောင်းဆိုလာပါက ဆိုင်းငံ့ပေးခြင်းမပြုလျှင် ဥပဒေသည် တရားမျှတမှုမရှိသောဥပဒေ၊ ကျောသား၊ ရင်သား ခွဲခြားသောဥပဒေဖြစ်ပေတော့မည်။ ထို့အတူ အချို့သောအရေးပါသည့်ဥပဒေများသည်လည်း ဆိုင်းငံ့ ပေးရန်တောင်းဆိုလာပါက ဆိုင်းငံ့ရပေတော့မည်။ ထိုအခြေအနေသည် ပြည်ထောင်
စုကြီးပြိုကွဲသည် အထိပင်ဖြစ်လာနိုင်ဖွယ်ရှိသည်ကို သတိပြုရပေမည်။ ထို့ကြောင့် ဥပဒေတစ်ရပ်အား
ဆိုင်းငံ့ခြင်းသည် မဖြစ်သင့်သောကိစ္စရပ်ပင်ဖြစ်ပါကြောင်းနှင့် အာဏာရှင်စနစ်ကိုမုန်းတီးသော
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဥပဒေ၏အထက်တွင်ရှိမနေသင့်ပါကြောင်း တင်ပြ
လိုက်ရပါသည်။

ထက်အာကာ

No comments: