Monday, January 11, 2016

မြောက်ကိုရီးယားက နျူးကလီးယား စမ်းသပ်ခဲ့ပြီးနောက် အမေရိကန်က နောက်ထပ် မဟာဗျူဟာမြောက် ချထားမှုများ ပြုလုပ်ရန် စဉ်းစားနေဟု တောင်ကိုရီးယား ပြောကြား

ဇန်န၀ါရီ ၁၀ ရက်က ဆိုးလ်မြို့တောင်ဘက် အိုဆန် လေတပ်စခန်းပေါ် ပျံသန်းခဲ့သော အမေရိကန် ဘီ-၅၂ စထရာတိုဖို့ထရက် လေယာဉ်
မြောက်ကိုရီးယား၏ နောက်ဆုံးနျူ ကလီးယား စမ်းသပ်မှုကို တုံ့ပြန်သောအားဖြင့် အမေရိကန်၏ ဘီ-၅၂ ဗုံးကြဲလေယာဉ် ပျံသန်းမှု ပြုလုပ်ခဲ့ပြီးနောက် ကိုရီးယား ကျွန်းဆွယ်တွင် အမေရိကန်က နောက်ထပ် မဟာဗျူဟာမြောက် ချထားမှုများ ပြုလုပ်ရန် စဉ်းစားနေကြောင်း တောင်ကိုရီးယားက ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားက ၎င်းတို့၏ နယ်စပ်နှင့် မိုင်အနည်းငယ်မျှသာ ကွာဝေးသော ကိုရီးယား ပိုင်နက်အတွင်းရှိ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နေသော ကေဆောင် စက်မှုဇုန်တွင် ၎င်းတို့နိုင်ငံသားများ၏ လှုပ်ရှားမှုများကို ထပ်မံကန့်သတ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးတို့  နျူကလီးယား စမ်းသပ်မှုကြောင့် ၎င်းတို့၏ အနေအထားမှာ စိတ်မချရတော့ဟု ယူဆပြီး မြောက်ကိုရီးယားကို ပြင်းထန်သော ပိတ်ဆို့မှုများ ပြုလုပ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ပြီး မြောက်ကိုရီးယားဘက်သို့ အသံချဲ့စက်များ အသုံးပြုကာ ၀ါဒဖြန့်ချိမှုများကို ဆက်လက် ပြုလုပ်လျက်ရှိသည်။

ဇန်န၀ါရီ ၁၀ ရက်တွင် အင်အား ပြသသည့် အနေဖြင့် ဘီ-၅၂ စထရာတိုဖို့ထရက် လေယာဉ်ကို တောင်ကိုရီးယား၏ အက်ဖ်- ၁၅ တိုက်လေယာဉ်များနှင့် အမေရိကန်၏ အက်ဖ်-၁၆ တိုက်လေယာဉ်များ ခြံရံကာ ကိုရီးယား နိုင်ငံအကြား နယ်စပ်၏ တောင်ဘက် ၄၅ မိုင်အကွာတွင်ရှိသော အိုဆန်လေတပ် အခြေစိုက် စခန်းအပေါ် ဖြတ်၍ပျံသန်းမှုကို ပြုလုပ်ခဲ့သည်။

အမေရိကန် စစ်တပ်က ယင်းကဲ့သို့ ပျံသန်းမှုသည် သူ၏ စစ်ရေးမဟာမိတ် ကိုရီးယားကို အခိုင်အမာ ကာကွယ်ပေးမှုကို ပြသခြင်းဖြစ်ပြီး မြောက်ကိုရီးယား၏ စတုတ္ထမြောက်  နျူကလီးယား စမ်းသပ်မှုကို တိုက်ရိုက် တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ကိုရီးယား ကျွန်းဆွယ်ပေါ်မှာ နောက်ထပ် မဟာဗျူဟာမြောက် ချထားမှုတွေ ပြုလုပ်ဖို့နဲ့ ပတ်သက်ပြီး အနီးကပ် တိုင်ပင် ဆွေးနွေးနေပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆုက်က ဆိုးလ်မြို့တွင် ပြုလုပ်သော ပုံမှန် သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ ပြောကြားခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယား မီဒီယာများ၏ ဖော်ပြချက်အရ လက်ရှိတွင် ဂျပန်၌ အခြေစိုက်သော  နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရီဂင်အပြင် အက်ဖ်-၂၂ ရေဒါပျောက် တိုက်လေယာဉ်များနှင့် ဘီ-၂ ရေဒါပျောက် ဗုံးကြဲလေယာဉ်များကို ကိုရီးယားကျွန်းဆွယ်၌ ချထားရန် စဉ်းစားနေကြောင်း သိရသည်။

Ref :AFP

No comments: