Tuesday, January 12, 2016

ဆင်ပေါင်ဝဲမြို့နယ် ကလန်စင်ရွာတွင် မီးလောင်မှုကြောင့် လူနေအိမ်(၂၆)လုံး ပျက်စီးဆုံးရှုံး

နေပြည်တော်၊ ဇန်နဝါရီ ၁၁

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကလန်စင်ရွာတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။

 မီးလောင်မှုအား ဇောင်ချမ်းတောင် ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးချက်ရာ အဆိုပါရွာနေ ဒေါ်တင်ညွန့်(၇၂)နှစ်သည် ခြေတံရှည်နေအိမ်ပေါ်ရှိ မီးဖိုတွင် ဟင်းအိုးတည်ထား၍ အပြင်သို့သွားနေစဉ် မီးဖိုမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

အဆိုပါ မီးလောင်မှုအား ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန် မီးငြိမ်းသွားကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် လူနေအိမ်(၂၆)လုံး ပျက်စီးဆုံးရှုံးခဲ့သဖြင့် ဒေါ်တင်ညွန့်အား ဆင်ပေါင်ဝဲမြို့မရဲစခန်း(ပ)၇/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

No comments: