Monday, January 11, 2016

စောအယ်လေး၏ ပွဲသိမ်းထိုးချက် ပရိသတ်မှင်တက်စေခဲ့

The Mirror Daily's photo.




ရန်ကုန် ဇန်နဝါရီ ၁ဝ

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ (ယနေ့)တွင် နှစ်စဉ်ပြုလုပ်မြဲဖြစ် သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ရန်ကုန်မြို့ အင်းစိန် အားကစားကွင်း၌ ကြားပွဲ ရှစ်ပွဲ၊ အထူးပွဲ နှစ်ပွဲနှင့် အထူးစိန်ခေါ်ပွဲ တစ်ပွဲ ထိုးသတ်ကြရာ စထို့ဖဆိပ် (သတ္တိ)နှင့် စောကနက်(ထော့မဲပါ)တို့၏ပွဲသည် ပရိသတ်အကြိုက်တွေ့စေသည့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။
အထူးစိန်ခေါ်ပွဲဖြစ်သည့် စောအယ်လေး(ရွှေကုက္ကို)နှင့် ရွှေရာမာန် (ရွှေဒေါပုံ) တို့၏ ငါးချီ စိန်ခေါ်ပွဲ၏ဆွဲဆောင်မှုသည် ပရိသတ်များအတွက် အထူးစိတ်ဝင်စားဖွယ်ရာ ယှဉ်ပြိုင်ထိုးသတ်သည့်ပွဲ ဖြစ်ခဲ့သည်။

ပွဲစစချင်း လက်ဝှေ့ဝါသနာရှင်များပင် ခန့်မှန်းရခက်လောက်အောင် ရွှေရာမာန်(ရွှေဒေါပုံ)၏ ထိုးချက်၊ ခြေကန်ချက်တို့သည် အလွန်ထိရောက် ကောင်းမွန်နေခဲ့သည်။ လေးချီမြောက် ထိုးသတ်ပြီးသည်အထိ စောအယ်လေး(ရွှေကုက္ကို) သည် တစ်ချက်ကောင်း၊ တစ်လုံးကောင်း လက်သီးထိုးချက်များကိုသာ အသုံးပြုခဲ့ပြီး ပြိုင်ဘက်၏ အားနည်းချက်အား အနာခံ၍ ရှာဖွေနေခဲ့သည်။
ငါးချီမြောက်အစ ၄၂ စက္ကန့်တွင် စောအယ်လေး၏ ပြင်းထန်သည့် လက်သီးချက်ကြောင့် ရွှေရာမာန်အား မျှော်လင့်ထားခဲ့ကြသည့် ပရိသတ်အတွက် မှင်တက်သွားစေခဲ့သည်။အနာခံထိုးခဲ့ပြီး စိတ်ရှည်စွာပြိုင်ဘက်၏ အားနည်းချက်ကို စောင့်ထိုးနိုင်ခဲ့သည့် စောအယ်လေး(ရွှေကုက္ကို) အနိုင်ရရှိသွားသည်။
(ကျော်မင်းစိုး)

No comments: