Saturday, December 14, 2013

"ရဟန္တာအရှင်မြတ် ပရိနိဗ္ဗာန်စံဝင်သည့်အခါ ပုပ်သလား မပုပ်သလား" ****************************************************** “နိက္ကိလေသာနံ မတသရီရမ္ဗိ ဒုဂ္ဂန္ဓံ နဟောတိ” (သုတ္တနိပါတ ဋ္ဌ၊ ပ။၃၀၃၊ အာမဂန္ဓသုတ်) ကိလေသာမရှိကုန်သော ကိလေသာမှ ကင်းကုန်သော ပုဂ္ဂိုလ်တို့၏ အလောင်းတော်သည် မကောင်းသောအနံ့၊(ပုပ်သောအနံ့) မဖြစ်(မရှိ)ဟု ဖွင့်ပြတော်မူသည်ကို ထောက်သော် ကိလေသာကင်းစင် ရဟန္တာအရှင်တို့၏ အလောင်းတော်ဟူက မပုပ်ရဟု မှတ်ယူရမည်။ ထို့နောက် မျက်မြင်ပုဂ္ဂိုလ်များ ရှိသေးသောကြောင့် မျက်မှောက်ခေတ်ဟုပင် ဆိုထိုက်သော ဘုန်းတော်ကြီးဦးသီလ၏ ထေရုပ္ဗတ္တိ၊ စွန်းလွန်းဆရာတော်ဘုရားကြီး၏ ထေရုပ္ဗတ္တိ၊ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ဗတ္တိစသည်ဖြင့် ဖတ်ရှုရခြင်းနှင့် အလောင်းတော်များကို ကိုယ်တိုင် ဖူးတွေ့ရသူတို့၏ထံမှ သုတစကားတစ်ဆင့်ကြားသိရသည်များကို ထောက်သော် အဋ္ဌကထာလာစကားတော်နှင့် မပြားတစ်သားတည်းဖြစ်နေသည်ကို မှတ်သိရပါသည်။ အထူးသဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ အရိုးဆက်များသည် ချိတ်ဆက်များဟု သိရ၏။ (ပဟာပရိနိဗ္ဗာနသုတ်တွင်) ဘုရားရှင်တို့၏ အရိုးတော်မှာ သံကွင်းဆက်၊ ပစ္စေကဗုဒ္ဓါတို့၏ အရိုးတော်မှာချိတ်ဆက်၊ ကျန်ပုဂ္ဂိုလ်တို့၏အရိုးများမှာ တေ့ဆက် ဖြစ်ကြောင်းကို ဖွင့်ပြထားသည်ကို ထောက်ဆရသော် မိုးကုတ်ဆရာတော်ဘုရားကြီး အရိုးတော်မှာ ချိတ်ဆက်ဖြစ်ကြောင်း သိရသဖြင့် ပုဂ္ဂိုလ်ထူးဖြစ်ကြောင်း မှတ်သိရ၏။ ဘုန်းတော်ကြီး ဦးသီလ၏ ထေရုပ္ဗတ္တိမှာ ၁၂၆၉ ခု ကဆုန်လဆုတ်(၄)ရက်၊ တနင်္လာနေ့ နံနက်(၇)နာရီခန့်မှာ စံလွန်တော်မူ၍ တပို့တွဲလဆုတ်(၃)ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီတွင် ဈာပနကိစ္စပြီးစီးသည်။ အညှော်နံ့၊ အပုပ်နံ့မရ၊ နံ့သာ အနံ့သာ ရသည်ဟူ၍လည်းကောင်း၊ အလောင်းတော်ကို စောင့်ရှောက်ကြသူများ အသွားတော်၊ လက်သည်းတော်များကို အဖူးအမြော်လာသူများ ချွတ်ယူခွာယူမည်စိုးသောကြောင့် နဝရက်ဖြင့်ပြီးသော မှန်ခေါင်းကို ကြေးသေတ္တာခေါင်းတွင် ထည့်ပြီးလျှင် သံတိုင် သံတံခါးအတွင်း ညောင်စောင်းသလွန်ထက်တွင် တင့်တယ်စွာထားကြရလေသည်။ လေးဘက်လုံတံခါးတို့တွင် ယောက်ျားကြီးလေးယောက်၊ တစ်ယောက်ယောက် အမြဲစောင့်ရလေသည်ဟူ၍လည်းကောင်း၊ အလောင်းတော်မှာ ခေါင်းလဲစတွင် မူလရုပ်ပုံမှ ချွတ်ယွင်းချက်မရှိ၊ နောက်တွင် ရွှေချလိုသူတို့ကြောင့် ရွှေ့တုံးကြီးသဖွယ်ဖြစ်နေ၏ဟူ၍ လည်းကောင်း၊ ဖတ်ရှုရသဖြင့် ထိုအရှင်မြတ်တို့သည် အဋ္ဌကထာလာ စကားတော်နှင့် အညီ မပုပ်သောရဟန္တာ အရှင်မြတ်တို့ပါပေတည်းဟု ဝမ်းမြောက်ဝမ်းသာ ယုံကြည်စွာဖြင့် မှတ်ချက်ရမည်သာဖြစ်သတည်း။ ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: