Friday, December 6, 2013

နိုင်ငံရေးနယ်ပယ်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အခန်းကဏ္ဍသည် မည်သို့အရေးပါသနည်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယခုလက်ရှိ နိုင်ငံရေးနယ်ပယ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခွင့်၊ တားမြစ်ခွင့်ရှိပြီး ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်နိုင်ခြေ ရှိနိုင်သည်ဟု နိုင်ငံရေး အသိုင်းအ၀ိုင်းများမှ ဝေဖန် သုံးသပ်သည်များကို စုစည်း တင်ပြလိုက် ရပါသည်။ ● ဒေါက်တာရန်မျိုးသိမ်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အုပ်ချုပ်ရေး ကဏ္ဍဖြစ်တဲ့ အစိုးရမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒုတိယသမ္မတနဲ့ သမ္မတကြားမှာ ရှိတယ်လို့ အကြမ်းဖျင်း သုံးသပ်နိုင်ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ဒုတိယသမ္မတ တစ်ဦးကို သူက အဆိုပြု ခန့်ထားတာ ဖြစ်လို့ပါ။ နောက်ဝန်ကြီး အဖွဲ့ရဲ့ အဓိက ၀န်ကြီးသုံးဦးကို သူက အဆိုပြု ရတာပါ။ ဥပဒေပြုရေး လွှတ်တော်အပိုင်းမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာ သူက အဆိုပြု ခန့်ထားတာပါ။ အဲဒါကြောင့် ကာကွယ်ရေး ဦးစီးချုပ်ဟာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး နှစ်ရပ်လုံးမှာ အရေးပါ တယ်လို့ သုံးသပ်နိုင်တာပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာ/ချုပ် သဘောမတူတဲ့ ပုဒ်မတွေကို ဖွဲ့စည်းပုံမှာ ပြင်နိုင်ဖို့ မဖြစ်နိုင်ပါ။ အဲဒါတွေကြောင့် လက်ရှိ ဖွဲ့စည်းပုံအရ ကာချုပ်ရဲ့ အခန်းကဏ္ဍဟာ အုပ်ချုပ်ရေး သာမက ဥပဒေပြုရေးမှာပါ အရေးပါနေတာ အထင်အရှားပါ။ … ● ပဒိုဒေဗစ်သာကပေါ UNFC ဒုဥက္ကဋ္ဌ (၂) ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သူတစ်ယောက်တည်း လုပ်လို့ရတယ်။ မပြောင်းချင်လည်း ထားလို့ရတယ်။ ပြောင်းချင်လည်းရတယ်။ အခြေခံဥပဒေကြောင်းအရ ပြောရင် သူ့ကဏ္ဍက အဲဒီ့လောက်ကို အရေးကြီးပါတယ်။ အများစုကတော့ ဒီအခြေခံဥပဒေက မဖြစ်ဘူးပေါ့။ သူကတော့ တားနိုင်တယ်။ ခွင့်ပြုနိုင်တဲ့ သဘောတော့ ရှိတာပေါ့။ ● ဦးအေးနေ၀င်း (ဦးနေ၀င်း၏မြေး) ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်မတန်မှ လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ် လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် နိုင်ငံတော် သမ္မတ ဖြစ်နိုင်ခြေရှိတဲ့ သူတွေထဲမှာ သူလည်း တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ ကျန်တဲ့ပုဂ္ဂိုလ်တွေက လက်ရှိ သမ္မတ တာဝန်ထမ်းဆောင်နေတဲ့ သူသော်လည်းကောင်း၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် သမ္မတအဖြစ် တာဝန် ထမ်းဆောင်မယ်လို့ ဆန္ဒကို ထုတ်ဖော်ပြောတဲ့ သူတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူကိုယ်တိုင် သမ္မတ လုပ်ချင်ပါတယ်လို့ တစ်ခွန်းမှ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း အားလုံးက သူ့ကို သမ္မတ ဖြစ်နိုင်တယ်လို့ တစ်ပေးထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ မလေးစားလို့မရပါဘူး။ ● ဒေါက်တာ သောင်းထွန်း (အဝေးရောက် မြန်မာနိုင်ငံသား အမျိုးသား ညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ) အရေးကြီးပါတယ်။ အရေးကြီးတယ် ဆိုတာက လက်ရှိ နိုင်ငံတော် လုံခြုံရေး ကာကွယ်ရေးအတွက် တာဝန်ရှိတဲ့ တိုင်းပြည်ရဲ့ယန္တရား တစ်ခုရဲ့ ဦးစီးချုပ် တစ်ယောက် အနေနဲ့ကော ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးကိစ္စ ဆွေးနွေး ညှိနှိုင်းတဲ့အခါမှာ တပ်ရဲ့သဘောထားပေါ့။ ဒါကလည်းတစ်ခုပေါ့။ နောက်တစ်ခုက ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်မှာ လက်ရှိ တိုင်းရင်းသားများနဲ့ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်တဲ့ အခါမှာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ရေးအတွက် တပ်ရဲ့ သဘောထား ဒါတွေလည်း အရေးကြီးပါတယ်။ နောက်တစ်ခုက ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံမှာ တပ်ရဲ့ အခန်းကဏ္ဍဟာ နိုင်ငံ တော် ကာကွယ်ရေး လုံခြုံရေးပဲဖြစ်တယ်။ တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု မရှိရပါဘူး။ ဒါဒီမိုကရေစီ နိုင်ငံတစ်ခုမှာ နောက်တစ်ခုက တပ်ဟာ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တကယ်တမ်း လေးနက်မယ် ဆိုရင် နိုင်ငံရေးမှာ ပါဝင် ပတ်သက်မှုတွေကို ပြဋ္ဌာန်းရပါမယ်။ နိုင်ငံတော် ကာကွယ်ရေး အလုပ်ကိုပဲ စိုက်လိုက် မတ်တတ် လုပ်ဖို့ လိုပါတယ်။ တပ်နဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲ သဘောထားတွေ လုပ်တဲ့ နေရာမှာ အဆုံးအဖြတ်က လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ကာကွယ်ရေး ဦးစီးချုပ်အပေါ် မူတည်ပါတယ်။ ● နိုင်ဟံသာ UNFC အတွင်းရေးမှူး ကျွန်တော်တို့နိုင်ငံကို ပြောင်းလဲဖို့ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုပြောင်းဖို့ ကျွန်တော်တို့ နိုင်ငံအေးချမ်းဖို့ ဆိုတဲ့နေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဓိကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဓိက နေရာမှာ ကျနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို အပြောင်းအလဲ လုပ်တယ်ဆိုတဲ့ နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့က အဓိက ဖြစ်တယ်။ အဲလို ပြင်ဖို့ နေရာမှာ အဓိကကတော့ တပ်ဖက်ဆိုင်ရာ၊ တပ်ဖက်က ရရှိထားသော အဆင့်နေရာ၊ အခွင့်နေရာ အဲဒါတွေ အပေါ်မှာ အများကြီး မူတည်တယ်။ ဒါကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြင်ခံမလား။ ဒါမှမဟုတ်ရင် အပြင်မခံဘူးလား ဆိုတဲ့နေရာမှာ အဓိက မူတည်တယ်။ တကယ်လို့ ပြင်ဖို့ဆိုတဲ့ နေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောမတူဘူးဆိုရင် ပြင်လို့မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြောမယ်ဆိုရင် သဘောတူမှပဲ ပြင်လို့ရမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ကြည့်ရင် လက်ရှိ လွှတ်တော်ရဲ့အာဏာကိုကြည့်ရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ဖို့ဆိုတဲ့ နေရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဓိကနေရာမှာ ကျပါတယ်။ သူသဘောတူမှပဲ ပြင်လို့ရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ ● ဦးကျော်ဝင်း(စာရေးဆရာ) ပြည်တွင်းစစ် ဖြစ်ခဲ့တာ အနှစ် (၆၀) ကျော်သွားပြီး စစ်ဖြစ်တဲ့ တိုင်းပြည်ဆိုတော့ စစ်ဘောင်က အရေး ကြီးတယ်။ စစ်ဘောင်ကြီးလာတာ သဘာဝပါ။ စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီ ဘောင်ကျဉ်းတတ်တယ်။ အခုအဲဒါကြီးကို ကျွန်တော်တို့က ပြောင်းပြန် လှန်နိုင်အောင် ကြိုးပမ်းနေရတာ အစပဲရှိသေးတယ်။ အဲတော့ အခုထိ အရေးကြီးနေဆဲပဲ။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ကာချုပ်ရဲ့ ပါဝင်ပတ်သက်မှုကို အကောင်းပဲမြင်တယ်။ တော်တော် အစွန်းလွတ်အောင် နေနေတယ်။ USDP (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)နဲ့ ခေါင်းနဲ့ ပန်းထင်နေတာ။ တပ်မတော်က လွတ်လွတ်လပ်လပ် သွားနေတာ။ အရေးကြီးတာက အတိုက်အခံ အင်အားစု တွေကို တပ်မတော်က ဘာကြောင့် ၂၅ ရာခိုင်နှုန်းကို ဘာကြောင့် ကိုင်ထားတာလဲ။ သူ့ မှာ ဘာစိုးရိမ်မှု ရှိနေလို့လဲ။ ဘာအကျိုးစီးပွားတွေ ရှိနေလဲ။ ဒါကို စဉ်းစားပြီးတော့ အကျေအလည် ညှိဖို့တော့ လိုတယ်။ အကျိုးစီးပွားတွေ ရှိတိုင်း ကိုယ့်ကျိုးကြည့်တယ် လို့တော့ မပြောနဲ့။ လူတိုင်း အကျိုးစီးပွား ရှိတယ်။ အရေးကြီးတာ အဲဒီ အကျိုးစီးပွားတွေ စုကြပေါ့။ ● ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး) မင်းအဲဒါတော့ ငါဘယ်သိမှာလဲ။ အခုက ကာချုပ်က ကာချုပ်ပဲ။ တပ်ပိုင်းဆိုင်ရာ ကျတော့လေ ငါတို့က သွားပြီးတော့ သူ့ဥစ္စာကို ငါ့တို့ကသွားပြီး ဆရာသွားလုပ်ရင် ဆက်ဆံရေး ပိုပြီးတော့ ဆိုးသွားမယ်။ အဲဒါကြောင့် ကာချုပ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မပြောနိုင်ဘူး။ ဒါက သူကိုယ်တိုင် ဆုံးဖြတ်ပြီး သူကိုယ်တိုင်လုပ်ပေါ့။ ● ကိုဂျင်မီ (၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) သူကတော့ အရေးကြီးတာပေါ့။ သူ့ရဲ့ အခန်းကဏ္ဍက အရေးကြီးတာပေါ့။ နောက်တစ်ခုက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၄ ပုံ ၁ပုံ ပါဝင်ဖို့ ဆိုတာက ကာကွယ်ရေး ဦးစီးချုပ်ရဲ့လက်ထဲမှာ ရှိနေတာကိုး။ နောက်တစ်ချက်က ဘာလဲဆိုတော့ ဒီကာကွယ်ရေး ဦးစီးချုပ်က Chief of staff ဖြစ်နေတယ်လေ။ နိုင်ငံတကာမှာတော့ Head of the State လို့ခေါ်တဲ့ နိုင်ငံတော် အကြီးအကဲက Chief of staff ပဲ။ လက်နက်ကိုင်တပ်ရဲ့ ဦးစီးချုပ်က နိုင်ငံ့ခေါင်းဆောင်ပဲ ဖြစ်ရမယ်။ ဒီမှာကျတော့ နှစ်ပိုင်းဖြစ်နေတယ်။ Head of the State က နိုင်ငံတော်သမ္မတတဲ့။ Chief of staff က ဦးစီးချုပ်တဲ့။ လက်နက်ကိုင် တပ်ဖွဲ့များရဲ့ ဦးစီးချုပ် ဟာ ကာကွယ်ရေး ဦးစီးချုပ်တဲ့။ စစ်ရေးစစ်ရာကိစ္စနဲ့ ပတ်သက်လာလို့ ဆုံးဖြတ်မှုတွေက Chief of staff ရဲ့ အခန်းကဏ္ဍက အရေးကြီးဆုံးပဲ။ Chief of staff သဘောမတူ ဘူးဆိုရင် စစ်ရေးစစ်ရာ ကိစ္စတွေကို ဆောင်ရွက်ခွင့် မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီတော့ ဒီ့ထက် အရေးကြီးတာ ဘာရှိဦးမလဲ။ ● ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မွေးနေ့ – ၁၉၅၉ ဇနီး – ဒေါ်ကြူကြူလှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင်ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ကြည်းရေလေ ညှိနှိုင်းရေးမှူးရာထူးကို ၂၀၁၀ ဇွန်လတွင် လွှဲပြောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ မတ်လ ၃၀ တွင် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စတင် တာဝန်ထမ်းဆောင်သည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးရာထူး၊ ၂၀၁၃ မတ်လတွင် ဗိုလ်ချုပ်မှူးကြီးရာထူး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ တင်ဇာအောင် အေးချမ်းမွန် Credit To > Myanmartandawsint Newspaper < Thank https://www.facebook.com/excellencemedia

No comments: