Thursday, December 5, 2013

တစ်ဘို့တည်းသမား ဒေါ်စု ======================================= ယနေ့မြန်မာ့ နိုင်ငံရေးသတင်းများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟူသည့်ခေါင်းစဉ်ကို မကြာခဏ ဆိုသလို တွေ့လာရသည်။ ပြင်ဆင်ချင်သူများကလည်း တိုင်းရင်းသားလူမျိုးများ၊ ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင် များနှင့် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းတွေပဲ ဖြစ်ကြသည်။ ဒီလူတွေထဲမှာတော့ တိုင်းရင်းသား တွေက သူတို့တိုင်းရင်းသားအရေးအတွက် ပြင်ဆင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေက ယခုလက်ရှိ ကိုယ်စားလှယ် ဖြစ်ချိန်မှာ တွေ့ရှိချက်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ပြည်သူတို့ခံစားရတဲ့ အဖွဲ့အစည်းအလိုက် အားသန်ရာ မတရားဘူးထင်တဲ့အချက်တွေကို ပြင်ဆင်ဖို့ကြိုးစားနေကြပေမယ့် NLD ကတော့ ထူးထူးခြားခြား ပုဒ်မ ၅၉၊ အပိုဒ်ခွဲ (စ) အတွက်ကို အဓိကထားပြီး ကြိုးစားဟောပြော စည်းရုံးနေတာကို တွေ့လိုက်ရတယ်။ သမ္မတ လုပ်မည်ပြောသူကလည်း ယခုအချိန်အထိ လက်ရှိသမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၃ ဦးရှိနေသည် (နောင်တွင်မည်သည့် ဝှက်ဖဲများပေါ်လာမည် မပြောနိုင်)။ ဦးသိန်းစိန် နှင့် သူရဦးရွှေမန်းတို့က သမ္မတဖြစ်ရေး ရွှေးကောက်ပွဲနိုင်လျှင် အရွေးခံရလျှင်ဖြစ်နိုင်သော်လည်း ၅၉/စ နဲ့ ငြိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ခမျာမှာတော့ ဖွဲ့စည်းပုံကို ပြင်နိုင်မှ ဖြစ်တော့မည်။ ဖွဲ့စည်းပုံမှာ ဒီအချက်ကလဲ ယခုလက်ရှိအချိန်မှာ သူတစ်ယောက်နဲ့သာငြိတယ်။ အခြားမည်သူတစ်ဦး တစ်ယောက်နှင့်မှ လားလားမျှမဆိုင်ပေ။ ဒီအချက်ကို ပြင်ပေးလိုက်လျှင် သူတစ်ယောက် သမ္မတတစ်ဆက် ဖြစ်နိုင်သည်။ နောက် နောင်တွင်တော့ သူ့အတွက်ပြင်ဆင်ပေးလိုက်သည့်ဥပဒေဖြင့် သူလိုလူ ဘယ်နှစ်ယောက် လောက် ဆက်ထွက်လေမည် မသိပေ။ နောင်ဘယ်လိုလုပ်မလဲဗျာ ဒီလိုတွေထပ်ဖြစ်နေကြမှာပေါ့ပြောရင်၊ သူ သမ္မတလုပ်ပြီးရင် ပြန်ပြင်မှာပေါ့ဗျာလို့ရော ပြောကြမလား။ ပါတီခေါင်းဆောင်အဖြစ်က သူ့ပါတီနှင့်သာ ဆိုင် သည်။ ဒီမိုကရေစီခေါင်းဆောင်အဖြစ်လဲ လက်ခံနိုင်သည်။ တိုင်းပြည်ခေါင်းဆောင်အဖြစ် ဖြစ်သင့် မဖြစ်သင့် စဉ်းစားသင့်ရာ၏။ နီးစပ်ရာ ပါတီဝင်များအပြောအရ မိမိပါတီသာအမြဲမှန်သည်၊ အကုန်ပြင်ဆင်နိုင်မည် အထင်ဖြင့် ကဏန်းလို လက်မထောင်ထားသည့် သူမ၏လုပ်ပုံကိုင်ပုံကိုကြည့်လျင် ထကြွနိုးကြားမှုရှိသည်ဟု ဆိုနိုင်ပါသည်။ သို့သော် လည်း ထကြွရာတွင် မိမိပါတီနှင့် သမ္မတဖြစ်ရေးတွင်သာ ထကြွသော်လည်း လက်ပံတောင်းတောင်အရေး၊ ရခိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အာဆီယံအလှည့်ကျဥက္ကဌကာလအတွင်း နိုင်ငံတော်၏စီးပွားရေး တိုးတက်ရေးအတွက် တက်ကြွမှု မရှိကြောင်း တွေ့ရသည်။ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ နေရာရထား သော်လည်း ရထားသည့် ရာထူးနှင့် ထိုက်တန်သည့် အရေးကိစ္စများ ယခုထိတိုင် ထိရောက်အောင်မြင်အောင် ပြောင်မြောက်သည့် အကြံပေး ၊တိုက်တွန်း ခြင်းများ မတွေ့ရသေးပေ။ ယခုလက်ရှိ အာဆီယံဥက္ကဌလုပ်ချိန်တွင် မြန်မာတို့သာ အာဆီယံကို ပီပီပြင်ပြင်ဦးမဆောင်နိုင်လျှင် အာဆီယံ တွင်း အင်အားကောင်းသည့် ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနိုင်ငံများတို့အတွက်သာ အကျိုး ရှိသွားနိုင်ပေမည်။ ဒီလိုကိစ္စများအတွက် နိုင်ငံတကာအတွေ့အကြုံရှိသည့်၊ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင် ဖူးသည်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်မှ အကြံပေးခြင်း၊ ထောက်ပြပြောဆိုခြင်းများ လုံးဝမတွေ့ရပေ။ မိမိနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် SEA Game အတွက်လည်း အာရုံမရှိသလို ဒီမိုကရေစီအမည် တပ်ကာ မိမိသမ္မတဖြစ်ရေးအတွက် ပြိုင်ပွဲကာလအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တို့တွင် ဟောပြော ပွဲများ၊ ဆန္ဒပြပွဲများ မဖန်တီးခြင်းကိုပင် ကျေးဇူးတင်ရမယောင် ဖြစ်နေသည်။ တိုင်းပြည် စီးပွားရေးအတွက် လက်တွဲပူးပေါင်းလုပ်ဆောင်မှုမျိုး မတွေ့ရပေ။ ငြိမ်းချမ်းရေးနှင့် ရခိုင်အရေးတွင်လဲ ဟိုလိုလုပ်ပါလား ဒီလို လုပ်ပါလား အပြောသာရှိပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများ မတွေ့ရပေ။ ပူးတွဲလုပ်ဆောင်လျှင် ပိုမိုခရီး ပေါက်မည့်နေရာတိုင်းတွင် သီးခြားစီရပ်တည်နေသည်။ သီးခြားစီရပ်တည်သည့် အတွက် ယခုလက်ရှိအစိုးရ၊ စစ်တပ်နှင့် လက်တွဲလုပ်ကိုင်ဆောင်ရွက်လိုဟန် လုံးဝမရှိကြောင်း မြင်တွေ့ရ သည်။ အခြေခံဥပဒေပြင်ဆင်ရေး အတွက် စစ်တပ်ကိုလဲ မချစ်သော်လည်း အောင့်ကာနမ်းနေရဟန်တူပါသည်။ သာမာန်အားဖြင့် သတိဖြင့်နိုးနိုးကြားကြားရှိသော်လည်း လူထုအားကိုးယုံကြည်ခံရသည့်ခေါင်းဆောင်တစ်ဦး အဖြစ်ခံယူထားပါလျှက် ရခိုင်ပြည်နယ်၊ စစ်တွေ၊ မိတ္ထီလာ၊ လာရှိုး၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပန်းပဲတန်း၊ ကျောက်တံတား၊ စမ်းချောင်း၊ သာကေတ၊ တောင်ဥက္ကလာပ တို့တွင် မနေဖူးခြင်းကြောင့်လားမသိ ဘာသာရေး နှင့် အမျိုးသားရေးသတိတို့တွင် နိုးကြားမှုမရှိကြောင်းတွေ့ရသည်။ မိန်းမသားတစ်ဦးဖြစ်သည့်အတွက် မိခင်စိတ်အပြည့်ဖြင့် သနားချစ်ခင်ကာ ကိုယ်ချင်းစာတတ်သည်ဟု မှတ်ယူ နိုင်သော်လည်း မိမိခံယူချက်၊ ဝါဒတစ်ခု အောင်မြင်ရေးအတွက် စီးပွားရေးပိတ်ပင်မှုများကို အားပေးမှုများ ပြုလုပ်ခဲ့သောကြောင့် အထည်ချုပ်စက်ရုံများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်သော လုပ်ငန်းများတွင် အလုပ်လုပ်ခဲ့သော သိန်းသောင်းချီသော အလုပ်သမားငယ်လေးများ အလုပ်အကိုင် အခွင့်အလမ်းပိတ်ပင်ကာ စီးပွားရေးချို့တဲ့ပြီး ဘဝပျက်ခဲ့ရသည့် မိန်းကလေးငယ်များအတွက် မသိကျိုးကျွံ ပြုခဲ့သေးသည်။ ကိုယ်ချင်း စာစိတ်မှ ရှိပါလေရဲ့လား တွေးမိပြန်ပါတယ်။ ဝေဖန်ပိုင်းခြားတတ်သောဥာဏ်အမြော်အမြင် ရှိသည်ထင်ရသော်လည်း ရိုဟင်ဂျာအရေးတွင် မိမိတိုင်းရင်းသား လူမျိုးစုများ ရှေ့ရေးကိုထည့်မတွက်ဘဲ ဒီမိုကရေစီပေတံတစ်ချောင်းကိုသာ ကိုင်ဆောင်ထားခြင်း၊ နိုင်ငံရေး ကစားကွက် မရှိခြင်းသည် အမြှော်အမြင်နည်းရာကျလွန်းသည်။ ဒီမိုကရေစီအမြင်တစ်ခုတည်းဖြင့် ခိုင်းနှိုင်း ပြောဆိုတိုင်း ပုတ်သင်ကဲ့သို့ ခေါင်းညိတ်နေသောခေါင်းဆောင်သာ မြန်မာပြည်သူတို့ ပိုင်ဆိုင်သွားမည် ဆိုလျှင် အမျိုးသားရေး ပျောက်ကွယ်ပေလိမ့်မည်။ အခြေခံဥပဒေပြင်ဆင်ရေးတွင် သူမအတွက် သမ္မတဖြစ်ခွင့် နှင့် ငြိစွန်းနေသည့် ပုဒ်မနှင့်ပတ်သက်ပြီး ကြိမ်ဖန်များစွာလို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ချမှတ်ခဲ့ဖူးသည့် ဥပဒေပါဟု ပြောနေခဲ့သော်လည်း ပြင်ဆင်ရန် ကြိုးစားနေခဲ့သည့်အတွက် ဖခင်၏အမြှော်အမြင်ကို မတွေးတော တတ်သည့် မိမိအတွက်သာကြည့်သူတစ်ဦးအဖြစ် မှတ်ချက်ပြုနိုင်သည်။ မိမိပါတီ၏မူဝါဒကို မိမိသမ္မတဖြစ်မှ မဟုတ်ဘဲ နာယကကြီး ဦးတင်ဦးတို့ကဲ့သို့ ပါတီအတွင်း အားကိုးလောက်သည့် သူတစ်ဦးအား သမ္မတ အဖြစ် ယှဉ်ပြိုင်စေပြီး လွှတ်တော်ဥက္ကဌအဖြစ်ဖြင့်သော်လည်းကောင်း၊ လက်ရှိပါတီဥက္ကဌအဖြစ်ဖြင့်သော်လည်းကောင်း ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ထိန်းကြောင်းပေးလျှင်ရပါလျှက် မိမိကိုယ်တိုင် သမ္မတဖြစ်ရေးကိုသာ အားထုတ် နေခြင်းသည်လည်း ပါတီတွင် သူမကိုယ်သူမမှလွဲပြီး မည်သူ့ကိုမျှ အယုံအကြည် မရှိသောကြောင့် လား စဉ်းစားရပေမည်။ တရားပွဲစဟောကတည်းက လူငယ်ထုကိုအားထားဟန်ပြခဲ့သည့် သူက ဘာကြောင့် လူငယ်တွေကို ပွဲမထုတ်ချင်သလဲ မေးစရာရှိလာသည်။ သူက ခေါင်းဆောင်ဆိုလျင် ပြည်သူက နောက်လိုက်ငယ်သားပေါ့။ မိမိငယ်သားများ စီးပွားရေး စားဝတ်နေရေး ပြေလည်စေရန် တိုင်းပြည်စီးပွားရေးနဲ့ပတ်သတ်ပြီး အစိုးရကိုသာ ပြစ်တင်ရှုံ့ချခဲ့သည်။ အစိုးရအား အတိုက်အခံ လုပ်လိုမှု တစ်ခုတည်းဖြင့် sanctions နဲ့ပတ်သတ်ပြီး အားပေးအားမြှောက်လုပ်ခဲ့သေးသည်။ စီးပွားရေး ကောင်းမွန်စေရန် ဆောင်ရွက်ခြင်းမျိုး မတွေ့ရသေးးပေ။အလုပ်အကိုင် အခွင့်အလန်းများ ဝင်လာလျှင်ပင် သတိကြီးစွာ ရင်းနှီးမြှုပ်နှံဖို့ ဆော်သြနေသေးသည်။ စစ်အစိုးရလက်ထပ် ဟောပြောပွဲများ ဆန္ဒခံယူပွဲများအား ပြည်သူတို့၏စီးပွားရေးထိခိုက်သည်၊ အတင်းအဓမ္မ ခိုင်းစေသည်ဟု ဝေဖန်ခဲ့သော်လည်း ယခုသူမပါတီ၏ ဟောပြောပွဲများသို့ လူစုဟောပြောနေခြင်းကရော မည်သို့လူစုပါသနည်း။ ဝေဖန်ခဲ့သည့်အတိုင်း ဟောပြောပွဲ လာသူများ၏ အလုပ်အကိုင်ပျက်သည့်အတွက် တစ်နေ့စာ ထောက်ပံ့ပါရဲ့လား။ ဟောပြောပွဲလာသူများကရော မည်သို့သော အလုပ်အကိုင်နှင့် လူများ ဖြစ်ပါသနည်း။ ဂျပန်တွင် သူမပြောခဲ့သလို ဟောပြောသူက နွားကျောင်းသား၊ နားထောင်သူက နွားပေပဲလား။ စဉ်းစားစရာပင်။ ဤသို့သော အကြောင်းအရာများအား ကြည့်ခြင်းအားဖြင့် နယကဂုဏ်(၆)ပါးနှင့် မပြည့်စုံသော သူတစ်ဦး တစ်ယောက်အတွက် အခြေခံဥပဒေကို ပြန်ပြင်ဆင်သင့် မသင့် စဉ်းစားစရာမလိုတော့ပေ။ ဒီလို မိမိ တစ်ဘို့ တည်းကြည့်တတ်သည့် လူတစ်ဦးအတွက် ဖွဲ့စည်းပုံဥပဒေပြင်ပေးပြီး တိုင်းပြည်အတွက် အကျိုးရှိနိုင်မည်ဟု ကျိန်းသေပြောနိုင်မည်လား။ အာမမခံနိုင်သည့် အခြေအနေတွင် တစ်ခုခုမှားခဲ့လျှင် နောင်လာနောင်သားတို့သာ ထိခိုက်နစ်နာပေမည်။ ပြည်သူတို့ “People get the government they deserve” ဆိုသည့် စကားနှင့်သာ ဖြေသိမ့်ကြရရုံမျှလွဲပြီး အခြားမရှိပေ။ သူမတစ်ဦးအတွက်နှင့်တော့ ဒီပုဒ်မအား မပြင်ဆင်စေလိုတော့ပါ။

No comments: