NLD အုပ်စုတွေ နိုင်ငံရေးမှာ အလွဲမှားဆုံး နှင့် အယုတ်မာဆုံးကိစ္စက သံဃာတွေကို ၎င်းတို့အကျိုးအတွက် အသုံးလိုချိန်မှာ အသုံးချခဲ့ပြီး ၎င်းတို့အတွက် အသုံးမလိုချိန်မှာ ကန်ထုတ်ခဲ့တဲ့ ကိစ္စပါ။ ဘုရားပြီး ငြမ်းဖျက်လို့ ပြောလို့ရမယ် ထင်ပါတယ်။ အရှင်းဆုံး ပြောရရင်တော့ နိုင်ငံရေးစစ်တုရင် ကစားပွဲတွေမှာ သံဃာတွေကို နယ်ရုပ်တွေအဖြစ် သဘောထား အသေခံခိုင်းခဲ့တာပါ။
မြန်မာနိုင်ငံမှာ အစိုးရမဟုတ်သော အကြီးမားဆုံးအဖွဲ့အစည်းများက စစ်တပ်နှင့် သံဃာ။ စစ်တပ်က စစ်အစိုးရကို ဖွဲ့စည်းထားတယ်။ ဒီတော့ NLD အနေနှင့် စစ်အစိုးရကို အတိုက်အခံလုပ်နိုင်ဖို့ သံဃာရဲ့ အင်အားကို ရယူဖို့ လိုတယ်။ ဒါ့ကြောင့် သံဃာကို အကူအညီတောင်းခံတယ်။ သံဃာကလည်း လိုလိုလားလား လက်ခံတယ်။ သံဃာဆိုတာက ဒကာ၊ ဒကာမတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်လို့ အမြဲတစေ ခံယူထားတယ်။ တနည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်အမြင် (nationalistic viewpoint) ရှိတယ်။
မိမိတို့ ဒကာ၊ ဒကာမတွေရဲ့ အကျိုး (ဝါ) ပြည်သူ့အကျိုး (ဝါ) အမျိုးသားအကျိုးစီးပွားအတွက် သံဃာတွေ ရှေ့တန်းထွက် စစ်အစိုးရကို ဆန့်ကျင်တယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး။ နောက် လက်ပံတောင်း။ သံဃာတွေ နောက်ကွယ်မှာ တွန်းအားပေးတဲ့၊ အားပေးအားမြှောက်လုပ်နေတဲ့ နိုင်ငံရေးအင်အားစုတွေ ရှိနေတယ်။ အထူးသဖြင့်တော့ NLD အုပ်စုပါ။ သံဃာတွေကို စစ်အစိုးရနှင့် ထိပ်တိုက်တွေ့ခိုင်းပြီး နိုင်ငံရေးအုပ်စုတွေက နောက်ကွယ်က အကွက်ရွှေ့တဲ့ သဘောပါ။
ဒီနေရာမှာ NLD အုပ်စုကို မေးချင်တာက အခု သံဃာတွေ နိုင်ငံရေးမလုပ်သင့်ဆိုတဲ့သူတွေ အဲဒီအချိန်က ဘာ့ကြောင့် အသံတွေတိတ်နေခဲ့ရတာလဲ။ အဲဒီအချိန်က အရှင်ဘုရားတို့ နိုင်ငံအကျိုးအတွက် ကြိုးစားကြပါဆိုခဲ့သူတွေက ဘာကြောင့် ခုမှ သံဃာတွေကို ကန်ထုတ်ချင်နေရပါသလဲ။
အကြောင်းပြချက်အမျိုးမျိုး ပေးနိုင်ပေမယ့် အဓိကအချက်ကတော့ NLD အုပ်စု နှင့် သံဃာတွေကြား ခံယူချက်မတူ၊ ဝါဒကွဲသွားတာကြောင့်ပါ။
စစ်အစိုးရက စစ်အာဏာရှင်စနစ်ကို ကျင့်သုံးတယ်။ NLD အုပ်စုက စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး သူတို့အာဏာ ရယူချင်တယ်။ သံဃာကလည်း အမျိုးသားရေးဝါဒ ကိုင်စွဲလို့ စစ်အာဏာရှင်ကို ဆန့်ကျင်တယ်။ ဒီအထိ ပြသနာမရှိဘူး။ ပူးပေါင်းလို့ ရတယ်။ သို့သော် သံဃာက အမျိုးသားရေးအခြေခံတဲ့ မျိုးစောင့်ဥပဒေကို ချပြလာတဲ့အခါမှာ NLD အုပ်စုနှင့် အဆင်မပြေ ဖြစ်သွားတယ်။ သံဃာသည် သူတို့အာဏာရရေးမှာ အနှောင့်အယှက်လို့ မြင်လာတယ်။ NLD အုပ်စုက သံဃာကို ဝေဖန်တယ်။ အမျိုးသားရေးဝါဒီ ဦးဝီရသူ နှင့် သံဃာအချို့ကိုဆိုလျှင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေပါ လုပ်လာတယ်။
၅၉ (စ) ကိစ္စမှာတော့ သံဃာနှင့် NLD အုပ်စုတွေရဲ့ ထိပ်တိုက်တွေ့မှုက အမြင့်ဆုံး ရောက်လာတယ်။ အမျိုးသားရှုထောင့်ကကြည့်ပြီး ၅၉ (စ) ကို သံဃာက လက်မခံနိုင်ဘူး။ NLD အုပ်စုအနေနှင့်လည်း သူတို့အာဏာရဖို့ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် အာဏာရဖို့က ၅၉ (စ) ကို ဖျက်သိမ်းမှ ဖြစ်နိုင်မယ်။ ဒါကြောင့် မရအရ ကြိုးစားတယ်။ သံဃာကလည်း မဖျက်သိမ်းဖို့ ကာကွယ်တယ်။ အဲဒီမှာ NLD အုပ်စုတွေက ၎င်းတို့ရဲ့ တစ်ချိန်က အကြီးဆုံး မဟာမိတ် သံဃာတွေကို နိုင်ငံရေးမလုပ်သင့်ဘူးလို့ ပေါ်ပေါ်ထင်ထင် အရှက်မရှိ ပြောလာတယ်။ အာဏာလောဘဖုံးလွှမ်းပြီး NLD တစ်ချို့ဆိုလျှင် သံဃာတွေကို မိုက်မိုက်ရိုင်းရိုင်း စော်ကားသည်အထိ ဖြစ်လာတယ်။
ဒါ့အပြင် အမျိုးသားရေးဝါဒီသံဃာတွေနှင့် အမျိုးသားရေးသမားတွေဟာ စစ်အစိုးရကို ထောက်ခံသူတွေဖြစ်ကြောင်း၊ ဟစ်တလာဟာ အမျိုးသားရေးဝါဒကို ကိုင်စွဲပြီး နောက်ဆုံးမှာ ပျက်သုန်းသွားရသလို မြန်မာပြည်ရဲ့ အမျိုးသားရေးဝါဒ နှင့် အမျိုးသားရေးသမားတွေဟာလည်း ပျက်သုန်းသွားလိမ့်မည်ဖြစ်ကြောင်း ဝါဒဖြန့်ကြပါတယ်။
လွဲမှားသော ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံထားသော ဝါဒဖြန့်မှုများသာ ဖြစ်ပါတယ်။ သံဃာတွေ အမျိုးသားရေးသမားတွေဟာ စစ်အစိုးရကို ဆန့်ကျင်သူလား၊ ပူးပေါင်းသူလားဆိုတာ သမိုင်းသက်သေ ရှိပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးထက် ထင်ရှားတဲ့သက်သေ မရှိနိုင်တော့ပါဘူး။
နောက်တစ်ချက်ဖြစ်တဲ့ အမျိုးသားရေးဝါဒသည် နာဇီဝါဒလိုပဲ ပျက်သုန်းမယ်ဆိုတဲ့အချက်ကလည်း လုံးလုံးလွဲပါတယ်။
အမျိုးသားရေးဝါဒဟူသည် မိမိနိုင်ငံ၊ မိမိတိုင်းပြည် နိုင်ငံရေးလွတ်လပ်ခွင့် ရစေဖို့ ဆန္ဒ နှင့် ၎င်းဆန္ဒကို ဖော်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပါတယ်။ nationalism -- the wish for and the attempt to achieve political independence for your country or nation (Cambridge Advanced Learner's Dictionary) နိုင်ငံရေးမှာ အမျိုးသားရေး မရှိလို့ မရပါဘူး။ မည်သည့်အုပ်ချုပ်ရေးစနစ်ကို လက်ကိုင်ပြုသည်ဖြစ်စေ အမျိုးသားရေးရှုထောင့်ကတော့ ရှိရပါမယ်။ အမျိုးသားရေးဝါဒသည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား၊ အမျိုးသား လုံခြုံရေးတို့အတွက် အမျိုးသားရေးအမြင်ရှိတဲ့ ဥပဒေတွေနှင့် ထိန်းချုပ်ကြရပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ တန်ဖိုးတွေကို ကာကွယ်ဖို့လည်း အမျိုးသားရေးအမြင်တွေနှင့်ပဲ ဥပဒေပြဋ္ဌာန်းကြရတာ ဖြစ်ပါတယ်။
အမျိုးသားရေးဝါဒကြောင့် နိုင်ငံတစ်နိုင်ငံ ပျက်စီးရမယ်ဆိုတာ ဖြစ်လည်းမဖြစ်နိုင်သလို ရှိလည်းမရှိနိုင်ပါဘူး။ အမျိုးသားရေးဝါဒကို ဟစ်တလာရဲ့ နာဇီဝါဒ နှင့် ခိုင်းနှိုင်းပြတာသည်လည်း လုံးလုံးလွဲပါတယ်။ ဟစ်တလာ စွဲကိုင်သောဝါဒသည် အမျိုးသားရေးဝါဒ မဟုတ်ပါဘူး။ အစွန်းရောက်သော အမျိုးသားရေးဝါဒ (ultranationalism) ဖြစ်ပါတယ်။ ဟစ်တလာသည်လည်း အမျိုးသားရေးသမား (nationalist) မဟုတ်ပါဘူး။ မိမိလူမျိုး၊ မိမိနိုင်ငံသားများသည်သာ အတော်ဆုံး အမြတ်ဆုံးလို့ ခံယူထားတဲ့ လူမျိုးကြီးဝါဒီ (chuvinist) ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဂျာမန်လူမျိုးတွေနှင့် ဂျာမန်စစ်ဗိုလ်ချုပ်ကြီးတွေဟာလည်း ပထမကမ္ဘာစစ်အပြီးမှာ မခံမရပ်နိုင်အောင် ချိုးနှိမ်ခံရတာကြောင့် အလွန်အကျွံမျိုးချစ်စိတ်ဓာတ်တွေမွေးပြီး ကိုယ့်နိုင်ငံသည်သာ အသာဆုံးဖြစ်ရမယ်၊ ကျန်နိုင်ငံတွေကို ပြန်တိုက်ခိုက်ရမယ်ဆိုတဲ့ ဝါဒ (jingoism) ကို စွဲကိုင်တဲ့ jingoist တွေ ဖြစ်ကြပါတယ်။ နောက်ပိုင်းမှာ ဟစ်တလာရဲ့ chuvinism နှင့် ဂျာမန်စစ်ဗိုလ်ချုပ် နှင့် ဂျာမန်လူထုရဲ့ jingoism တို့ ပေါင်းစပ်မိသွားပြီး အစွန်းရောက်သော အမျိုးသားရေးဝါဒ (ultranationalism) ဖြစ်ကာ နောက်ဆုံး ကျဆုံးသွားတာပါ။
သံဃာတွေ၊ အမျိုးသမားရေးသမားတွေရဲ့ အမျိုးသားရေးဝါဒ နှင့် ဟစ်တလာရဲ့ အစွန်းရောက်အမျိုးသားရေးဝါဒက တခြားစီပါ။ အမျိုးသားရေးသမားတွေထဲမှာ chuvinist မရှိသလို jingoist လည်း မရှိဘူး။ ဘယ်လိုမှလည်း ultranationalism ဖြစ်မလာနိုင်ဘူး။ သံဃာတွေ အမျိုးသားရေးသမားတွေ လက်ကိုင်ပြုတာက စစ်မှန်သော အမျိုးသားရေးဝါဒ (pure nationalism) ပဲ။
ကျွန်တော် ခုပြောခဲ့တာတွေမှာ ဆိုလိုရင်း သုံးချက် ရှိပါတယ်။
၁။ NLD အုပ်စုမှ သံဃာတွေကို ၎င်းတို့အာဏာရရေးလမ်းကြောင်းမှာ အသုံးချခဲ့ကာ မလိုသည့်အချိန် စွန်ပစ်လိုက်သည်။
၂။ သံဃာတွေသည် အမျိုးသားရေးလမ်းကြောင်းမှ ဘယ်တော့မှ သွေဖည်သွားမည် မဟုတ်။
၃။ NLD အုပ်စု မှ သံဃာများကို စွပ်စွဲချက်များသည် မမှန် တို့ဖြစ်ကြပါတယ်။
NLD အုပ်စုအနေနှင့် မိမိအာဏာရရေးကိုပဲ ဦးတည်ချက်မထားပဲ အမျိုးဘာသာသာသနာကို ထိန်းသိမ်းရမယ်ဆိုတဲ့အသိလည်း ရှိသင့်ပါတယ်။ မိမိအာဏာရရေးတစ်ခုပဲသိပြီး ရတနာသုံးပါးဂိုဏ်းဝင် သံဃာတွေကို ဆက်ပြီး မိုက်ရိုင်းစော်ကားနေဦးမယ်ဆိုရင်တော့ NLD အုပ်စုတွေရဲ့လားရာဟာ ပြည်သူတွေနှင့် ကင်းကွာပြီး သေလွန်ပြီးသကာလ ငရဲမှလွဲ၍ အခြားမရှိနိုင်ဟု ဆိုလိုက်ပါရစေ။
SML
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 24, 2016
သံဃာ Vs NLD °°°°°°°°°°°°°°°°°°
Subscribe to:
Post Comments (Atom)
No comments:
Post a Comment