Monday, July 18, 2016

၂၀၁၈ မှာ တစ်ကျော့ပြန် အသက်ဝင်လာမယ့် Toyota Supra

Supra ကို ပြန်အသက်သွင်းမယ့် Toyota ရဲ့ စီမံကိန်းဟာ ၂၀၁၈ မှာ အမှန်တကယ် ရုပ်လုံးပေါ်လာဖွယ် ရှိနေပါတယ်။
‘‘Toyota ဟာ ၂၀၁၅ ကတည်းက သူတို့ရဲ့ Supra မော်ဒယ်ကို ပြန်လည်ထုတ်လုပ်ဖို့ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ မူလလက်ဟောင်း Supra တွေကတော့ ၂၀၀၂ နောက်ပိုင်းမှာ ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ပြီး ကာလအတန်ကြာဈေးကွက်နဲ့ အဆက်ပြတ်သွားပါတယ်။
မျိုးဆက်သစ် Supra ကတော့ Toyota က NAIAS 2014 ပွဲတုန်းက ထုတ်ပြဖူးတဲ့ FT-1 Concept မော်ဒယ်ကို အခြေခံ တည်ဆောက်သွားမယ်လို့ ယုံကြည်ရပါတယ်။ Supra အသစ်ဟာ Toyota ရဲ့ GT86 မျိုးဆက်ထက် ပိုပြီးကောင်းမွန်တဲ့ အဆင့်အတန်းနဲ့ ထွက်ပေါ်လာဖွယ်ရှိပါတယ်။
Toyota ဟာ ဥရောပသမဂ္ဂရဲ့ မူပိုင်ခွင့်ရုံးမှာ Supra မော်ဒယ်အမှတ်တံဆိပ် အသုံးပြုခွင့်ကို ဒီနှစ်ဇွန်လထဲမှာ တင်သွင်းထားပြီး ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ Supra အသစ်ကို ဥရောပဈေးကွက်ထဲထိ ဖြန့်ချိနိုင်ဖို့ ဂျပန်ကုမ္ပဏီကြီးက ရည်စူးထားကြောင်း သိသာစေခဲ့ပါတယ်။
GT86 အရွယ်အစားနီးပါး မော်ဒယ်တွေကို Toyota က Celica အနွှယ်ဝင်တွေအဖြစ် ထုတ်လုပ်လေ့ရှိပေမယ့် Supra ကတော့ ပြိုင်ကားစံနှုန်းနဲ့ သီးခြားခွဲထွက်သွားမယ့် သဘောမျိုးရှိနေတယ်။ FT-1 Concept မော်ဒယ်ကို Toyota က ထုတ်ပြချိန်မှာ ကားရဲ့ ဒီဇိုင်းပိုင်းကို နှစ်သက်တဲ့ ပရိသတ်တွေအနေနဲ့ ဒီကားကို လက်တွေ့ထုတ်လုပ်စေလိုတဲ့ဆန္ဒတွေ အမှန်တကယ်ပြည့် မြောက်လာတော့မှာဖြစ်ပါတယ်။
Toyota က Supra အသစ်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲ ဖြစ်ပေမယ့် ဒီပြိုင်ကားလေးဟာ အရင်မျိုးဆက်ထက် စွမ်းဆောင်ရည်ပိုင်း အများကြီးပိုမိုသာလွန် လာမှာ သေချာနေသလို လက်ရှိ မော်တော်ကား နည်းပညာအဆင့် အတန်းမြင့်မြင့်တွေ ဘယ်အတိုင်းအတာထိ ပေါင်းစပ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ Supra ကို ပြန်အသက်သွင်းမယ့် အစီအစဉ်အပေါ် Toyota က ဘာမှရေရေရာရာမှတ်ချက်မပေးသေးပေမယ့် ကုမ္ပဏီရဲ့အတွင်း လူတွေကတော့ ၂၀၁၈ လောက်မှာ မြို့ပြ လမ်းမတွေပေါ် Supra တွေ ပြန်ရောက်လာလိမ့်မယ်လို့ ခိုင်ခိုင်မာမာပြောဆိုနေပါတယ်။
—Ref: HypeBeast
(ဇွဲရဲဝင့်)

No comments: