Sunday, July 24, 2016

ISIS အဖွဲ့နှင့် ဆက်နွှယ်နေသည့် AL Fatihin သတင်းစာကို စင်ကာပူ တားမြစ်ပိတ်ပင်

 


စင်ကာပူ ၊ ၂၄-၇-၂၀၁၆

စင်ကာပူ အစိုးရသည် ISIS အဖွဲ့နှင့် ဆက်နွှယ်သည့် သတင်း အေဂျင်စီ တစ်ခုမှ ထုတ်ဝေသော AL Fatihin သတင်းစာကို တားမြစ်ပိတ်ပင် ခဲ့ကြောင်း စင်ကာပူ ဆက်သွယ်ရေး နှင့် သတင်း အချက်အလက် ဝန်ကြီးဌာန က ဇူလိုင် ၂၂ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါ သတင်းစာကို ISIS အဖွဲ့နှင့် ဆက်နွှယ်သည့် Furat Media သတင်း အေဂျင်စီ က ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

AL Fatihin သတင်းစာသည် စစ်သွေးကြွ များနှင့် ပူးပေါင်းစေရေး အရှေ့တောင် အာရှနိုင်ငံ များမှ နိုင်ငံသား များအား အစွန်း ရောက်အောင် ပြုလုပ်ရန်နှင့် လူသစ် စုဆောင်းရန် ရည်ရွယ်ချက်ဖြင့် ပြည်ပသို့ ဝါဒဖြန့်မည့် ISIS အဖွဲ့၏ နောက်ထပ် ခြေလှမ်းဖြစ်သည့် အတွက် စင်ကာပူ အစိုးရ အနေဖြင့် လုံးဝ သည်းခံ ခွင့်လွှတ်မည် မဟုတ်ဘဲ ယခုကဲ့သို့ တားမြစ် ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စင်ကာပူ ဆက်သွယ်ရေး နှင့်သတင်း အချက်အလက် ဝန်ကြီးဌာန က ပြောကြားသည်။

စင်ကာပူနိုင်ငံ ၌ အစွန်းရောက် ဝါဒီများအတွက် နေရာမရှိကြောင်း၊ အစွန်းရောက် ဝါဒ အမြစ်မတွယ် နိုင်သကဲ့သို့ အမြစ်တွယ်၍ ရမည်လည်း မဟုတ်ကြောင်း၊ စင်ကာပူသည် အကြမ်းဖက်မှု ဆိုင်ရာ ဝါဒဖြန့်ချိမှုကို ဆန့်ကျင် သည့် အလွန် ခိုင်မာသော သဘောထား တစ်ရပ် ချမှတ်ထားပြီး လိုအပ်ပါက တိကျပြတ်သား သည့် အရေးယူမှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဝန်ကြီး ယာကော့ဘ် အီဘရာဟင်မ် က ပြောကြားသည်။

ယင်း သတင်းစာအား နည်းလမ်း ပေါင်းစုံ အသုံးပြု၍ ဖြန့်ဝေခြင်းနှင့် လက်ဝယ် ထားရှိခြင်း တို့သည် ပြစ်မှုမြောက်မည် ဖြစ်ကြောင်း နှင့် အဆိုပါ ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ် ခံရသူများ အနေဖြင့် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံရဖွယ် ရှိကြောင်း သိရသည်။

PyiChitThar

No comments: