ဈေးကွက်အတွင်း ရောင်းချနေသည့် ပဲပြားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး အစားအသောက်များတွင် ဖော်မလင် ကင်းစင်ရေးအတွက် ထုတ်လုပ် ရောင်းချသူများကို ဇူလိုင် ၂၂ ရက်က ခေါ်ယူ ပညာပေးခဲ့ကြောင်း သိရသည်။
ဇူလိုင် ၁၁ ရက်က ဖော်မလင် ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့် ပဲပြား၊ မုန့်ဖတ် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ အစားအသောက် ကြီးကြပ်ရေးကော်မတီက အရေးယူမှုများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စသည့် ဌာနများမှ တာဝန်ရှိသူများနှင့် ပဲပြား၊ မုန့်ဖတ်ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် သုံးမြို့နယ်ရှိ ဈေးသုံးဈေးတွင် ရောင်းချသည့် ပဲပြားနှင့် မုန့်ဖတ်များတွင် ဖော်မလင် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပဲပြားနှင့် မုန့်ဖတ်များတွင် ဖော်မလင် သုံးစွဲမှု မရှိစေရန် တိုင်းဒေသကြီးအဆင့် စီမံချက်ဖြင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ စစ်ဆေးမှုတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဈေးအချို့၌ ရောင်းချသည့် ပဲပြားနှင့် မုန့်ဖတ် ပစ္စည်းနမူနာများကို နမူနာရယူ စစ်ဆေးခဲ့ရာ သံလျင်မြို့နယ် မြို့မဈေး၊ တာမွေမြို့နယ် မေတ္တာညွန့်ဈေးနှင့် အင်းစိန်မြို့နယ် မြို့သစ်ဈေးတို့တွင် ရောင်းချသည့် ပဲပြားနှင့် မုန့်ဖတ်များတွင် ဖော်မလင် ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖော်မလင်ဆိုသည်မှာ Formaldehyde ဒြပ်ပေါင်းပါဝင်သော အရောင်မရှိသော အရည်တစ်မျိုး ဖြစ်ကြောင်း၊ ဖော်မလင်ကို အသားများ တောင့်တင်း ခိုင်မာစေပြီး မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်သော အစွမ်း သတ္တိရှိသည့်အတွက် လူသေအလောင်းများ မပုပ်မသိုးအောင် ပြုလုပ်ရာတွင် အသုံးပြုကြောင်း၊ ဖော်မလင်သည် စက္ကူစက်ရုံ၊ အထည်အလိပ် စက်ရုံများတွင် ပလတ်စတစ် Resin များ ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းတစ်မျိုး ဖြစ်ကြောင်း သိရသည်။
ဖော်မလင်အား အစားအသောက်များတွင် သုံးစွဲရန် ခွင့်မပြုကြောင်း၊ ပဲပြား၊ မုန့်ဖတ်၊ ပင်လယ်စာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများတွင် ဖော်မလင်အား အလွဲသုံးတတ်ကြောင်း၊ ဖော်မလင် ပါဝင်သော အစားအသောက်များကို ရေရှည်အားဖြင့် သို့မဟုတ် ပမာဏများစွာ စားသုံးမိပါက ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ကျောက်ကပ် ပျက်စီးခြင်းနှင့် အသက်အန္တရာယ် ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ဖော်မလင် အသုံးပြုသော အချို့လုပ်ငန်းခွင်များတွင် ဖော်မလင်အား ကာလကြာရှည်စွာ ရှူရှိုက်မိပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။
Writer:
အိသဉ္ဇာကျော်
No comments:
Post a Comment