ရေးသူ - ဗိုလ်ထွန်းလှ
ဗိုလ်ချုပ်အပါးတော်မြဲ
ဖြစ်ပုံကား လျှပ်တစ်ပြက်မြင်မက်လိုက်ရသော အိပ်မက်ကဲ့သို့ပင်တည်း။ ဤကဲ့သို့ လျင်မြန်လွန်းသောကြောင့်လည်း အိပ်မက်ကားမဟုတ် တကယ့် အဖြစ်အပျက်ဖြစ်ကြောင်းကို ယခုတိုင်အောင် ကျွန်ုပ်၏စိတ်ထဲတွင် အတော်ခဲယဉ်းစွာ ယုံကြည်ရန် ကြိုးစားနေရဆဲ ဖြစ်လေသည်။
ဘန်ကောက်လုံချီ အဝါရောင်အသစ်၊ မန္တလေးပိုးတိုက်ပုံအင်္ကျီ အဖြူရောင် သားရေဖိနပ်တို့ဖြင့် ဝတ်ဆင်ကာ ကျွန်ုပ်လက်ယာဘက်ဘေးတွင် ကပ်ထိုင်လျက် အိမ်မှကားစီးလာခဲ့ပြီး ကားပေါ်မှဆင်းရာ၌လည်းကောင်း၊ သူနောက်ဆုံး ဝင်ခြင်းအဖြစ် အတွင်းဝန်ရုံး ကောင်စီစည်းဝေးခန်းမကြီးသို့ ဝင်ရာ၌ လည်းကောင်း ကျွန်ုပ်၏နောက်နားမှကပ်၍ ပြုံးရွှင်စွာနှင့်ပင် ဝင်လာခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၊ စက်သေနတ်သံတွေနှင့် မရှေးမနှောင်းပင် ရေတိမ်နစ်ခဲ့ရပုံ နာရီဝက်မျှ တစ်ရုံးလုံး မှင်သက်မိသလို ငြိမ်နေရာမှ တစ်ဖန် လှုပ်ရှားပြေးလွှားလာကြပုံ၊ ယခု ကွယ်လွန်သူ မိုင်းပွန်စော်ဘွားကြီးသည် ဒဏ်ရာရရချင်း ကျွန်ုပ်ရှိရာထ ၍ လျှောက်လာပြီး သောက်ရေတောင်းသဖြင့် ဇွတ်အတင်းထိုင်ခိုင်းကာ နှစ်သိမ့် ခဲ့ရပုံ၊ ဟယ်-ဗိုလ်ချုပ်တို့ ထိကုန်ပြီဟူသော သတင်းဆိုးသည် တောမီးလောင် သကဲ့သို့ လျင်မြန်လှသော အဟုန်ဖြင့် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားပုံ၊ ကျွန်ုပ်က စတင်၍ ဖုံးဖိလျှို့ဝှက်ခြင်းကြောင့် ဗိုလ်ချုပ်ကျဆုံးသည်ကို ချက်ချင်း လူမသိသေးဘဲ ညနေထုတ် သတင်းစာများထွက်မှပင် ဆေးရုံ၌ဆုံးသည်ဟု လူအများက သိကြရပုံ၊ နောက်ဆုံး တနင်္ဂနွေနေ့တွင် ဗမာပြည်တွင် မကြုံဖူးအောင် ကြီးမားသည့်လူထုကြီးသည် သူတို့၏ အဖိုးတန်ဆုံးရတနာ အထက်မြက်ဆုံး ခေါင်းဆောင်ကြီး၏ ရုပ်ကလာပ်ကို သောင်းသောင်းဖြဖြ ကြေကွဲဝမ်းနည်းစွာ လိုက်၍ပို့ကြပုံ စသည်တို့မှာ ကျွန်ုပ်တို့၏ မျက်စိတွင် လျင်မြန်စွာ ပြသသော ရုပ်ရှင်ကားတစ်ခုနှင့်လည်း တူလှပေသည်။
လွန်ခဲ့သော ရက်သတ္တပတ် အမှုဆောင်ဝန်ကြီးများ၏ အပတ်စဉ် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁ဝ နာရီတွင် ကျင်းပရန် စီစဉ်ကြေညာခဲ့ပြီးလေသည်။ အင်္ဂါနေ့ကျသောအခါ ကျွန်ုပ်က ဗိုလ်ချုပ် မနက်ဖြန် ဝန်ကြီးအစည်းအဝေးလုပ်ဖို့ ချိန်းထားတယ်။ လွှတ်တော်ကော်မတီကလည်း နက်ဖြန် ၁ဝ နာရီပဲ ဖြစ်နေတယ်။ ဘယ့်နှယ်လုပ်ရမလဲဟုမေးရာ သူကဒါဖြင့် အီးစီ (နဃ)ကို စနေနေ့ မနက်ကိုပဲ ပြောင်းလုပ်ကွာဟု ဆုံးဖြတ် ချက်ချလိုက်ရာမှ ၎င်းဇူလိုင် ၁၉ ရက်နေ့ လူသတ်အရေးတော်ပုံကြီး၏ ကံကြမ္မာစတင်ခဲ့လေသည်။
ဇူလိုင် ၁၉ ရက်(စနေနေ့) နံနက် ၁ဝ နာရီထိုးလတ်သော် အတွင်းဝန်ရုံးအပေါ်ထပ် ကောင်စီခန်းမကြီးတွင် ဗိုလ်ချုပ်မှတစ်ပါး အားလုံးသော ဝန်ကြီးများသည် စုံစုံညီညီရောက်ရှိနေကြလေပြီ။
အတွင်းဝန် ဦးရွှေဘော်၊ လက်ထောက်အတွင်းဝန် ဦးတင်အုန်း၊ ရုံးအုပ်ကြီးဦးခ တို့သည် အစည်းအဝေးဆိုင်ရာ စာရွက်စာတမ်း မှတ်တမ်း စသည်များကို ရှာဖွေပြင်ဆင်ရန် အလုပ်ရှုပ်နေကြလေသည်။
ဗိုလ်ချုပ်ကားသည် ၁ဝ နာရီ ၁ဝ မိနစ်တိတိတွင် အတွင်းဝန်ရုံး ဗဟို လှေကားရင်းသို့ ဆိုက်ရောက်လာလေသည်။
ထုံးစံအတိုင်း ကျွန်ုပ်က ရှေ့ဆုံးမှစ၍တက်ပြီး ဗိုလ်ချုပ်မှာ ကျွန်ုပ်၏ နောက်နားမှ ကပ်လျက်လိုက်ပါသည်။ အတွင်းဝန်ရုံး အပေါ်ထပ်သို့ တက်ပြီး ကောင်စီ ခန်းမကြီး အတွင်းသို့ ဝင်သည်အထိ ကျွန်ုပ်ပင် ဗိုလ်ချုပ်၏ရှေ့က လျှောက်လာခဲ့ သည်။ ထိုနေ့ အစည်းအဝေးဆိုင်ရာ မှတ်တမ်းဖိုင်တွဲများကို နေရာချထားပြီး သူ၏ကုလားထိုင်ကို နောက်သို့ ဆွဲ၍ပင် သူဝင်သာအောင် ကျွန်ုပ်က လုပ်ပေးပြီးမှ ဗိုလ်ချုပ်သည် သူနောက်ဆုံးအကြိမ် သဘာပတိ အဖြစ် ဆောင်ရွက်ရ မည်ဖြစ်သော အမှုဆောင်ဝန်ကြီး အစည်းအဝေးကို စတင်ရန် ပြင်ဆင်ရှာလေသတည်း။
အစည်းအဝေးစသည်နှင့် တံခါးမကြီးပြင်ဘက်မှ ကလန့်ထိုး ကုလား ဂျမဒါနှင့် ဗမာရုံးစေတစ်ယောက်တို့ စောင့်နေကြသည်။
၁ဝ နာရီ ၁ဝ မိနစ်အချိန်တွင် ချင်းကောင်ဆယ်လာ ဦးဝမ်ကိုဟော သည် ကျွန်ုပ်၏အခန်းသို့ စာတစ်စောင် ဗိုလ်ချုပ်ထံပေးရန် လာရောက်ရင်း ကျွန်ုပ်နှင့် အာလာပ သလ္လာပစကားများ ပြောနေသေးသည်။ သူရှိစဉ်ပင် ကျွန်ုပ်သည် သုံးကြိမ်တိုင်တိုင် စည်းဝေးခန်းသို့ဝင်၍ ဗိုလ်ချုပ်ထံ လိုအပ်သော စာရွက်စာတမ်းများ ဝင်ပေးခဲ့သေး၏။
၁ဝ နာရီ မိနစ် ၂ဝ တွင် ချင်းဝန်ကြီး ဦးဝမ်ကိုဟော ပြန်ထွက်သွားလေသည်။ ဦးဝမ်ကိုဟောရှိစဉ်ပင် အလုပ်သမားသမဂ္ဂမှ သခင်ဘတင်ကြီးသည် ကျွနု်ပ်ထံသို့လာ၍ ဗိုလ်ချုပ်နှင့်တွေ့ရန်စောင့်နေလျက် မတွေ့လိုက်ရသဖြင့် တဖျစ်တောက်တောက် ညည်းနေရာမှ တော်တော်ကြာမှ တွေ့မည်ဟု ဆိုကာ သူ၏ ဦးထုပ်နှင့် မိုးကာအင်္ကျီများကို ကျွန်ုပ်၏ အခန်းတွင်း၌ ချထားကာ ခေတ္တ အပြင်ဘက်သို့ ထွက်သွားလေသည်။
ထူးဆန်းပုံကား ခါတိုင်းဆိုလျှင် ဧည့်သည်တွေ၊ သတင်းထောက်တွေ၊ မိတ်ဆွေတွေ တင်းကျပ်ပြည့်ကျပ်နေသော ကျွန်ုပ်၏အခန်းမှာ ထိုနေ့က အလွန်လူရှင်းလျက် ကျွန်ုပ်အပြင် ဂျင်နရယ်သောမတ်စ်၏ ကိုယ်ရံတော် ဗိုလ်သန်းဝင်း တစ်ဦးသာရှိပြီး တစ်ခန်းလုံး တိတ်ဆိတ်ခြောက်ကပ်နေလေသည်။
ခါတိုင်းနေ့ဆိုလျှင် ကျွန်ုပ်မှာ ဝန်ကြီးများ စည်းဝေးနေစဉ် ၁ဝ နာရီခွဲ သာသာတွင် အိမ်ပြန်ထမင်းစားလေ့ရှိသည်။ ထို့နေ့ကမူ လူရှင်းလျက်ရှိသော ကျွန်ုပ်၏အခန်းကိုကြည့်ရင်း စိတ်ထဲမှာ အပြင်သို့ မသွားချင်သလိုလို ထူးဆန်း စွာ ဖြစ်လာသည်နှင့် ဒီနေ့တော့ အိမ်ပြန်ထမင်းမစားတော့ပါဘူးဟု ဆုံးဖြတ်လိုက်ကာ ရုံးခန်းစောင့် ရဲဘော်လှမောင်အား ကျွန်ုပ်နှင့် ဗိုလ်သန်းဝင်း နှစ်ယောက်စာထမင်းကို တရုတ်ဆိုင်မှ အဝယ်ခိုင်းလိုက်ပြီး ကျွန်ုပ်၏ လက်ပတ် နာရီကို ကြည့်လိုက်သောအခါ ၁ဝ နာရီ နှင့် ၃၅ မိနစ်တိတိ ရှိနေလေပြီ။
ထိုခဏ၌ ဗိုလ်ချုပ်အခန်းဆီမှ ဒိုင်းဟူသော ကျယ်လောင်စွာပေါက်ကွဲ သံကြီး ရုတ်တရက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်တည်း ကျွန်ုပ်နှင့် ဗိုလ်သန်းဝင်းတို့လည်း ဝမ်းလျားထိုးမှောက်ကာ အကာအကွယ်ယူနေမိလေ သည်။ စောစောက မြည်ဟိန်းသံကြီးဖြစ်ပေါ်လာသော ပေါက်ကွဲသံမှာ မိနစ်မှ မကူးသေးမီ ဒက်ဒက်ဒက်ဟူသော စက်သေနတ်သံ ပစ်သံတို့သည် အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် ကျွန်ုပ်တို့တွင် ဟာ...ဝန်ကြီးတွေကို ဝင်ပစ်ကုန်ပြီ ဟူသော အသိဥာဏ်လည်းဖြစ်ပေါ်လာသည့် တစ်ခဏ၌ ချက်ချင်းပင် ကျွန်ုပ်က ဗိုလ်ချုပ်တို့၏ စည်းဝေးခန်းမကြီးသို့ လည်းကောင်း၊ ဗိုလ်သန်းဝင်းက ကျွန်ုပ်အခန်းအပြင်ဘက်သို့ လည်းကောင်း အသီးသီးပြေးကြလေတော့သည်။
ဗိုလ်ချုပ်အခန်းနှင့် ကျွန်ုပ်အခန်းဆက်လျက်ရှိသော ဘေးတံခါးရွက်ကို ကျွန်ုပ်တွန်း၍ ဝင်ကြည့်လိုက်ရာ မြင်ရသော အခြင်းအရာကား ကျွန်ုပ်တို့ တစ်သက်လုံး မေ့ပျောက်နိုင်စရာမရှိအောင် စိတ်နှလုံး နောက်ကျိဖွယ်ပင်တည်း။
အခန်းတစ်ခန်းလုံးသည် ယမ်းစော်နံလျက် မီးခိုးတွေလည်း အုံ့မှိုင်းနေလေရာ စောစောကပင် စိတ်အားထက်သန်စွာ ဗမာပြည်နောင်ရေးအတွက် ဆွေးနွေးနေကြသော ဝန်ကြီးများမှာ အတုံးအရုံးလဲနေကြလျက် ဗိုလ်ချုပ် အောင်ဆန်းမှာလည်း သူထိုင်သော စားပွဲထိပ်မှ ကုလားထိုင်ကြီးနှင့်အတူ ပက်လက်လန်၍ လဲနေလေသည်။
အရွယ် (၄၅)နှင့် (၃၈)အမျိုးအစား ကျည်ဆန်အခွံများလည်း ပြန့်ကျဲလျက်ရှိလေသည်။ စက်သေနတ် စတင်ပစ်ပစ်ချင်း မထိသဖြင့် အလျားထိုး ဝပ်လိုက်သောကြောင့် သေဘေးမှ သီသီကလေး လွတ်သွားသူဝန်ကြီး ဦးဘဂျမ်း၊ ဦးမြ၊ ဦးအောင်ဇံဝေနှင့် အတွင်းဝန် ဦးရွှေဘော်တို့ကား ကမန်းကတန်း ကပ်လျက်ရှိသော ဦးရွှေဘော်အခန်းသို့ ကူးပြေးကြလေပြီ။
ထိုအချိန်၌ ကျွန်ုပ်၏ အခန်းတွင်းမှ အပြင်ဘက်သို့ ပြေးထွက်သွားသော ရဲဘော်ဗိုလ်သန်းဝင်းမှာ လှေကားမှ ဆင်းပြေးမည့်ဆဲဆဲ လူသတ်သမားများနှင့် ရင်ဆိုင်တိုးလျက်ရှိသည်။
ဗိုလ်သန်းဝင်းကို မြင်မြင်ချင်း လူသတ်သမားများသည် ဟေ့...မဆိုင်သူ မကပ်နဲ့ကွဟု ညာသံပေးကာ စတင်းဂန်း၊ တော်မီဂန်းတို့နှင့် ချိန်လေရာ ဗိုလ်သန်းဝင်းမှာ သူတို့ဝတ်ထားသော အစိမ်းရောင် စစ်ဝတ်ယူနီဖောင်း အပြည့် အစုံကို ကြည့်ရင်း ရုတ်တရက်သော် တရားခံများကို လိုက်ဖမ်းသော ပုလိပ် သို့မဟုတ် စစ်သားရဲဘော်များဟုပင် မှတ်ထင်ကာ ခေတ္တငိုင်နေစဉ် လူသတ်သမားတို့လည်း ရှေ့သို့တိုးသွားပြီး လှေကားထိပ်အခန်းမှ ပြေးထွက်လာသော ဆရာကြီးဦးရာဇတ်၏ သက်တော်စောင့် ကိုထွေးအား စတင်းဂန်းနှင့်တစ်ချက်မျှ ဆွဲလိုက်ခြင်းဖြင့် သူတို့၏ ထွက်ပြေးရာလမ်းရှိ အတားအဆီးဟူသမျှကို အပြီးတိုင် ရှင်းလင်းလိုက်လေသည်။
ထိုအခါမှ ဗိုလ်သန်းဝင်းလည်း လူသတ်သမားများဖြစ်ကြောင်း သိလေတော့သည်။
ထိုသူတွေ လှေကားမှ အဆင်းတွင် စောစောက ကျွန်ုပ်ထမင်းအဝယ် ခိုင်းထားသော ရဲဘော်လှမောင်လည်း ပြေးအလာနှင့် ကြုံသည်။ တကယ့်ရဲဘော်တွေထင်၍နေစဉ် သူ့ဘက်သို့ သေနတ်တစ်ချက် ထပ်ဆွဲလိုက်ရာ လှမောင်က လျင်မြန်စွာ ဝပ်ချလိုက်၍သာ ကျည်ဆန်ကို သူ၏ ပခုံးနားမှ ရှပ်ထွက်သွားလေတော့သည်။
တစ်မိနစ်အတွင်း အောက်လှေကားရင်းတွင် စက်နှိုးပြီး ဂျစ်ကားပေါ် ပြေးတက် ကာ လူသတ်သမားတို့လည်း လက်လွတ်ပြေးကြလေသတည်း။
ကျွန်ုပ် ယခုစာဖြင့် ရေးပြနေရသည်မှာ အချိန်ကြာသည် ထင်ရသော်လည်း စင်စစ် ထိုနေ့ကဖြစ်ပျက်ပုံအလုံးစုံတို့ကား လျှပ်တစ်ပြက်ကဲ့သို့ လျင်မြန်လှပေသည်။
အပေါ်ထပ် စည်းဝေးခန်းမကြီးတွင် ကျွန်ုပ်ရှိရာသို့ မိုင်းပွန်စော်ဘွားကြီး သည် သွေးလိမ်းကျံသော ဒဏ်ရာဖြင့် ထလျှောက်လာသေးရာ ကျွန်ုပ်က ဇွတ်အတင်း အထိုင်ခိုင်းရသေးသည်။
ကျွန်ုပ်တို့၏အရေးကြီးဆုံး ခေါင်းဆောင် ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း လဲရာသို့ ပြေးကြည့်လိုက်သောအခါ လက်ဝဲ ဘက်ရင်အုံ တွင် သွေးများစိုလျက် သေနတ်ဒဏ်ရာနှစ်ခုမျှ သတိထားမိသည့်အတိုင်း ကမန်းကတန်းစမ်းလိုက်ပြန်ရာ သွေးတိုးခြင်း လုံးဝမရှိတော့၊ အသက်လည်း မရှူတော့ကြောင်းကို တွေ့ရလေသည်။ ကျွန်ုပ်သည် ချက်ချင်း တယ်လီဖုန်း ကို ကောက်ကိုင်ကာ မီးသတ်သူနာပြုဆေးရုံကြီး၊ ပုလိပ်ရုံး၊ ဘုရင်ခံအိမ်၊ စစ်ဌာနချုပ်များသို့ ကမန်းကတန်း ဆက်ရလေတော့သည်။
အတွင်းဝန်ရုံးချုပ်ကို ဝင်းစီးကုန်ပြီဟု ထင်ကြ၍ပဲလားမသိ တစ်ရုံးလုံးသည် မှင်သက်မိပြီး ငိုင်နေသည်မှာ မိနစ် ၂ဝ ခန့် ကြာသည်ဟု ကျွန်ုပ်တို့ ထင်မိသည်။ ထို့နောက် ဟိုမှဒီမှ လူများလည်း ပြေးလာကြတော့သည်။ ကျွန်ုပ်တို့ ရှေးဦးစွာ သတိရသော အရာကား ဗိုလ်ချုပ်ကျဆုံးခြင်းကို လူမသိ စေရန် ဖြစ်လေသည်။ ထို့ကြောင့်ပင် ပထမဆုံးရောက်လာသော သူနာပြု ထမ်းစင်တွင် ဗိုလ်ချုပ်အား ဗိုလ်သန်းဝင်း၏ မိုးကာအင်္ကျီဖြင့် ထွေးလျက် ဆေးရုံသို့ ချက်ချင်းပို့လိုက်ရလေ၏။
ဗိုလ်ချုပ်ကိစ္စမရှိဘူး။ ညာဘက်ပခုံးသာ မှန်တယ်။ ခုဆေးရုံမှာ ချက်ချင်း ကုဖို့ယူသွားပြီဟူ၍ ဗိုလ်ချုပ်အကြောင်း စိတ်အားထက်သန်စွာ လာရောက် မေးမြန်းသူမှန်သမျှ အနည်းငယ်နှစ်သိမ့်ဖွယ်ကြားရသောသတင်းမှာ ကျွန်ုပ် ထွင်၍ ပြောခြင်းမျှသာ ဖြစ်လေသည်။ စင်စစ်ကား မိုင်းပွန်စော်ဘွားကြီးနှင့် ဦးဘချိုတို့မှတစ်ပါး ကျန်သေနတ်မှန်သူ အားလုံးမှာ နေရာမှာပင်ပွဲချင်းပြီး ကိစ္စတုံးခဲ့လေပြီ။
ခါတိုင်းဆိုလျှင် အတွင်းဝန်ရုံး သူ၏အခန်း၌ အစောင့်အရှောက်ထားလျှင် ဗိုလ်ချုပ်သည်မကြိုက်။ ကျွန်ုပ်တို့အား မာန်မဲကြိမ်းမောင်း၍ ပြန်လွှတ်စေခဲ့၏။ မဆုံးမီ နှစ်ရက် (ကြာသပတေးနေ့) ကပင် လွှတ်တော်ရုံးအနီး၌ တပ်မတော်မှ ကားကြီးနှစ်စီး ကာကွယ်ရေးဌာနသို့ ကိစ္စဖြင့်လာရင်း ရပ်ထားသည်ကို သူမြင်သောအခါ ကျွန်ုပ်အားခေါ်၍ 'ဟေ့ ထွန်းလှ၊ ဟိုကားတွေက ပုလိပ်ကားတွေလားကွ၊ ဦးမြကိုမေးပြီး မလိုရင် မစောင့်ပါနဲ့ကွာ'ဟု ကျွန်ုပ်အား အမိန့်ပေးခဲ့သေး၏။
ဤမျှ သူ့ကို မည်သူမျှ မကြံတန်ရာဟု ဗမာလူထုကို ဗိုလ်ချုပ်သည် ယုံကြည်ခဲ့၏။ သူ ရေတိမ်မနစ်မီတစ်ရက် သောကြာနေ့တွင်ကား သူ၏ စိတ်တွင် ဘယ်လိုဖြစ်သည်မသိ။ ဟေ့ ငါတို့အိပ်ရင် လက်နက်ကလေး ဘာလေးယူထားဦးမှပဲ၊ စတင်းဂန်းတစ်လက်ဖြစ်ဖြစ် အိမ်မှာယူထားလိုက် စမ်းဟေ့ဟု သူပြောသည့်အတိုင်း လက်နက်ကိုင်တပ်မှ စတင်းဂန်းသေနတ် တစ်လက်ယူထားလိုက်ရလေသည်။
ဗိုလ်ချုပ်ကိုယ်တိုင်ကား သူမကျဆုံးမီ အထူးရွှင်ပျလျက်ရှိခဲ့သည့်အပြင် သူအမြဲဝတ်လေ့ရှိသော စစ်ယူနီဖောင်းကိုမဝတ်ဘဲ သူ့တွင် ရှိစု မဲ့စု ဘန်ကောက်လုံချည် နှစ်ထည်၊ ရခိုင်လုံချည် အနီတစ်ထည်၊ တိုက်ပုံ ပိုးအင်္ကျီ အဖြူ တစ်ထည်၊ အနက်တစ်ထည်တို့ဖြင့် ဗမာပီပီ ကျနသပ်ရပ်စွာ ဝတ်ဆင်တတ်သည်ကို ရက်သတ္တနှစ်ပတ်မှ ကျွန်ုပ်တို့ သတိထားခဲ့မိသည်။
၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှ မွေးဖွားလိုက်သော တကယ့် လူထုခေါင်းဆောင် အာဇာနည်အောင်ဆန်း၏ ဗမာ့နိုင်ငံရေးပြဇာတ်ကြီးတွင် ကပြခန်းသည် ပြည်ဖုံးကား ချခဲ့လေပြီ။
ဗိုလ်ချုပ်အား အလေးပြုလျက်။
Credit - MOI
No comments:
Post a Comment