Tuesday, July 19, 2016

အာဏာသိမ်းစစ်သားများ အဖမ်းခံရခြင်း

ဗျို့.. အယ်ဒီတာ...
ကျားသားမိုးကြိုးဖြစ်မှ ဖြစ်တတ်ပလေဗျာ။ တူရကီမှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားရာမှာ လူထုက လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြကြလို့ မအောင်မြင်ဘူး။ အာဏာသိမ်းတဲ့ စစ်သားထောင်ဂဏန်းလောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းပစ်လိုက်သတဲ့။ ကျုပ်တို့ဖြင့် အနှီသတင်း ဖတ်ရတာ ဟုတ်မှ ဟုတ်ရဲ့လား မှတ်ပြီး တပ်ထားတဲ့ မျက်မှန်ကို ချွတ်၊ အဝတ်စနဲ့သုတ်၊ ကြည်လင်အောင်လုပ်ပြီး နောက်တစ်ခေါက် ပြန်ဖတ်ရသေးတယ်။
ဟုတ်တာပေါ့ဗျာ။ ဇူလိုင် ၁၅ ရက်က နိုင်ငံတကာ သတင်း တွေထဲမှာ မထိတ်သာ မလန့်သာ သတင်းတစ်ပုဒ်တက်လာသဗျ။ တူရကီမှာ စစ်တပ်က အာဏာ သိမ်းလို့တဲ့။ အာဏာသိမ်းမှုဆို သဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာ မှာပဲ ဖြစ်ပွားတယ်ဆိုဆို ကြားရ တဲ့ အများအတွက်တော့ တကယ့် အမင်္ဂလာသတင်းပေပဲဗျာ။ အခု လည်း မနက်စောစောစီးစီး တူရ ကီမှာ စစ်တပ်က အာဏာသိမ်း တယ်ဟေ့ သတင်းများ ဖတ်ရ၊ ကြားရပြန်တဲ့အခါ စိတ်ဘဝင်မှာ ‘အကြည်ဓာတ်’လေးပျက်ပြယ် သွားတာတော့ အမှန်ပါခင်ဗျာ။
အောင်မလေးဟဲ့.. ကြီး ကျယ်လွန်းရန်ကော။ ညောင်ဦး ကမ်းပါးပြိုကျတာနဲ့ စမ္ပာနဂိုရ်က နွားပေါင်ကျိုးတယ်ဆိုသဟာလို မဆီလေးရယ်မှမဆိုင် ကြံဖန်ပြီး လိုရာဆွဲပြောနေတယ်။ သူ့ဟာသူ တူရကီမှာ အာဏာသိမ်းတာ ရွှေ ပြည်ကြီးက ဘစီတို့လို ထီးထမ်း လမ်းလျှောက်တွေက ပူရတယ်လို့ များ ထောမနာချင်လည်း နာ တော်မူကြပါ။ မှန်တာပြော သစ္စာ ဆိုတာလိုပဲ ကမ္ဘာမှာ စစ်တပ်ကပဲ ဖြစ်စေ၊ အရပ်ဘက်ကပဲဖြစ်စေ ဘယ်သူကပဲသိမ်းသိမ်း ပြည်သူအများရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်ပြီးသကာလ အာဏာသိမ်းတာကို တော့ဖြင့် ကျုပ်တို့ နည်းနည်းမှ လက်မခံနိုင်ဘူးဗျ။ သည်းမခံနိုင် ဘူးဗျ။ ခွင့်မလွှတ်နိုင်ဘူးဗျ။

ပြီးတော့လည်း အနှာလို အာဏာသိမ်းမှုမျိုးများဟာ ‘အတု မြင် အတတ်သင်’ဆိုသဟာလို ဟို နိုင်ငံ ဒီနိုင်ငံကို ကူးစက်တတ်တဲ့ အရာမျိုးခင်ဗျ။ ကျုပ်တို့ မြန်မာဆို စကားမှာ တံငါနားနီး တံငါ မုဆိုး နားနီ မုဆိုးလို့ ပြောရမှာပ။ လက် နက်အင်အားရှိတဲ့သူများက နိုင်ငံ့ အာဏာကို စိတ်မထင်ရင် မထင်သလို သိမ်းယူလို့ ရပါကလား၊ လက်နက်နဲ့ အာဏာလုယူတဲ့ လမ်းစဉ်ဟာ အလုပ်ဖြစ်နေဆဲပါကလားလို့ တချို့သူတွေစိတ်မှာ ယူဆစွဲမှတ်ပြီး အလားတူအာဏာသိမ်းမှုတွေ မကျူးလွန်ဘူးလို့ ဘယ့်နှာယတိပြတ် ပြောနိုင်ပါ့မလဲဗျာ။
 ဒါကြောင့် ကိုယ်နဲ့ တိုက် ရိုက်ကြီး မဆိုင်ပေတဲ့ သွယ်ဝိုက် ပြီး သက်ဆိုင်လာနိုင်လို့မို့ တူရကီ အာဏာသိမ်းမှုကို ကျုပ်တို့က အမင်္ဂလာလုပ်ရပ်အဖြစ် သတ် မှတ်တယ်ဗျာ။ ကျုပ်တင်လားဆို တော့ မဟုတ်ဘူးခင်ဗျ။ ဖေ့စ် ဘွတ်ခ်ဆိုတဲ့ လူမှုကွန်ရက်ကြီး ပေါ်မှာလည်း အနှီတူရကီအာဏာ သိမ်းတဲ့ ဖြစ်ရပ်အပေါ်မှာ ဆန့် ကျင်သမှုပြုကြသူက အများသား ပါကလား။ တကယ်အားတက် စရာကြီးပါ။ အမှန်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေး စားလိုက်နာတဲ့သူတိုင်းဟာ အလားတူ အာဏာသိမ်းမှုမျိုးတွေ၊ အာဏာသိမ်းချင်တဲ့ အငွေ့အသက်တွေကို ဆန့်ကျင်ရမှာပဲခင်ဗျ။
ကံအားလျော်စွာပဲ တူရကီ အာဏာသိမ်းမှုက မအောင်မြင် ဘူးဆိုတဲ့ နောက်ဆက်တွဲသတင်း များ ဖတ်ရတော့မှ ကျုပ်တို့စိတ် သက်သာရသဗျာ။ တူရကီပြည် သူတွေက အုံနဲ့ကျင်းနဲ့ လမ်းပေါ် ထွက် တစ်ခဲနက်ကန့်ကွက်ဆန့် ကျင်ကြလို့မို့ စစ်တပ်က အာဏာ သိမ်းတာ မအောင်မြင်ရဘူးဆိုတာ ထပ်သိရတဲ့အခါ ကျုပ်တို့က စိတ် သက်သာရုံတင်မကဘဲနဲ့ အင် မတန်မှ အားတက်ရွှင်လန်းခြင်း ဖြစ်ရပြန်သဗျ။
အားမတက်ဘဲ၊ မရွှင်လန်းဘဲရှိပါရိုးလားဗျာ။ အာဏာသိမ်းစစ်သားများကို ပြည်သူ့အားနဲ့ တား လို့ရတယ်ဆိုပေတာကိုးခင်ဗျ။ သဟာကြောင့် ‘ကျားသားမိုးကြိုး’ ရယ်လို့ ဘစီတို့ တမိတာပါပဲဗျာ။ ထုံးစံအားဖြင့်တော့ စစ်တပ်က အာဏာသိမ်းပြီလားဟေ့ဆိုရင် ပြည်သူက မကျေနပ်ကန့်ကွက် ဆန္ဒပြပေသိ စစ်သားများ လက် ထဲမှာ သေနတ်ကြီးတွေနဲ့မဟုတ် လား။ လူထုမှာက လက်သီးလက် မောင်းတန်း၊ ငယ်သံပါအောင် ဟစ်အော်ကြွေးကြော်ကန့်ကွက်ရုံ ကလွဲပြီး ဘာတတ်နိုင်တာမှတ် လို့။ အဲဒီမယ် ဟိုက လက်နက် ကြီးငယ်အသွယ်သွယ်နဲ့ ပစ်ပြီ ခတ်ပြီလားဟေ့ဆို ကျုပ်တို့ပြည် သူက အသက်ဖက်နဲ့ထုပ်ပြီး ဘေး လွတ်ရာ ပြေးကြရတာ ဓမ္မတာလို ဖြစ်နေမင့်ဟာ။
အခု တူရကီဖြစ်စဉ်မှာကျ တစ်မျိုးတစ်ဘာသာ ထူးဆန်း တယ်ခင်ဗျာ။ စစ်တပ်က အာဏာ သိမ်းတယ်လည်းဆိုရော သမ္မတ အာဒိုဂန်က အပန်းဖြေခရီးထွက် နေတဲ့ နေရာက အမြန်ပြန်ပြေး လာတယ်။ ပြီးတော့ လူထုကို ကန့်ကွက်ဆန္ဒပြကြဖို့ နှိုးဆော်တယ်။ လူထုကလည်း ဒါမျိုးမှာ နှစ်ခါ မနှိုးဆော်ရဘူး။ ဒီမိုကရေစီနဲ့ လူ့အ ခွင့်အရေးကို ကာကွယ်မယ်ဆိုပြီး လမ်းတွေပေါ်ထွက်လာတယ်၊ စစ်သားတွေလက်ထဲက သေနတ် တွေကို လုတယ်၊ စစ်သားတွေကို ဝိုင်းချုပ်ဖမ်းဆီးပစ်လိုက်တယ်။ တင့်ကားပေါ်က စစ်သားတွေကို ဖယ်ရှားပြီး လူထုက တင့်ကားပေါ် တက် အလံတွေ ဝှေ့ယမ်းနဲ့ အောင်ပွဲခံပြလိုက်တယ်။ စစ်သားသုံး ထောင်နီးပါးကို ဖမ်းဆီးပြီး အာ ဏာသိမ်းရာမှာ ဦးဆောင်တဲ့ ဗိုလ်ချုပ်တွေနဲ့ ဗိုလ်မှူးကြီးတချို့လည်း တာဝန်က ရပ်စဲပစ်လိုက်သတဲ့။
ကမ္ဘာမှာ ဖြစ်ပွားနေကျ အာ ဏာသိမ်းပွဲ ပုံစံတွေနဲ့တော့တစ် မျိုးတစ်ဘာသာ ဆန်းတာအမှန်ပဲ ခင်ဗျ။ အများအားဖြင့် အာဏာ သိမ်းပွဲမှာ အရိုက်ခံ၊ အသတ်ခံ၊ အဖမ်းခံရတာက အနှီအာဏာ သိမ်းမှုအပေါ် ဆန့်ကျင်တဲ့ပြည်သူ တွေပဲ။ အခုတော့ အာဏာသိမ်း တဲ့ စစ်သားတွေကို ပြည်သူက ဝိုင်းဝန်းချုပ်နှောင်ဖမ်းဆီးပစ် လိုက်တာ။ ကဲ.. မဆန်းဘူးလား၊မထူးဘူးလား၊ အတုမယူထိုက်ဘူး လားခင်ဗျာ။
 ဒီမှာ ပြောစရာရှိတာက တော့ အခု အာဏာသိမ်းတာဟာ စစ်တပ်ကြီး တစ်တပ်လုံးမှမဟုတ် ဘဲ။ လက်ရှိအစိုးရရဲ့ အနောက် ကမ္ဘာနဲ့ ကူးလူးဆက်သွယ်မှုတွေ၊ အိုင်အက်စ်တွေကို ချေမှုန်းတဲ့ နေရာမှာ အမေရိကန်တို့၊ ဥရောပ နိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက် တာတွေအပေါ်မှာ အခဲမကျေ အ စာမကျေနိုင်ဖြစ်နေကြတဲ့ တူရကီ စစ်တပ်ထဲက အစုလေးတစ်စုက သိမ်းလို့သာပေါ့။ နို့မဟုတ်ဘဲ စစ် တပ်ကြီးတစ်တပ်လုံးက တက်ညီ လက်ညီနဲ့များ အာဏာသိမ်းတယ်ဆိုရင် လူထုက ဒီလိုမျိုး ဘယ့်နှာ လုပ်လို့ရမတုံး။ အခုဟာက လက် ရှိအစိုးရကို ထောက်ခံတဲ့ လက် နက်ကိုင်အဖွဲ့တွေကပါ အာဏာ သိမ်းတဲ့သူတွေကို ဝိုင်းနှိမ်နင်းလို့ အောင်မြင်တာဆိုပြီး အမြင်တစ် မျိုးနဲ့ ချေပမယ်ဆိုလည်း ချေပချင် စရာပဲပေါ့။
ဒါပေသိ တခြားတစ်ဖက်က စဉ်းစားကြည့်တော့လည်း စစ် တပ်ထဲမှာ အာဏာသိမ်းမယ်ဆို တဲ့အပေါ် တညီတညွတ်တည်း ထောက်ခံမှုမရှိတာကိုက တူရကီ ရဲ့ ထူးခြားချက်ခင်ဗျ။ ကျုပ်တို့ ရွှေပြည်ကြီးမှာလိုပဲ တူရကီဆို တာကလည်း အာဏာသိမ်းမှုတွေ သုံး၊ လေးကြိမ်လောက် ကြုံဖူး ထားတဲ့ နောက်ခံသမိုင်းအတွေ့ အကြုံတွေ ရှိခဲ့ဖူးပြီးသား။ အာ ဏာသိမ်းလိုက်တဲ့အတွက် ရရှိ လာတဲ့ အာဏာအရသာကိုလည်း မြည်းဖူးစမ်းဖူးပြီးသားသူတွေများ ကြတာပဲ။ နို့ပေတဲ့ လက်ရှိသမ္မတ အာဒိုဂန်နဲ့ သူ့အစိုးရအဖွဲ့ဟာ လူ ထုက ဆန္ဒမဲပေးရွေးချယ်တာ။ စစ်တပ်ကလည်း အာဏာသိမ်းရ တာ၊ ဒီမိုကရေစီကို ပိုပြီးကာကွယ်ရတာဟာ လူထုရဲ့ မေတ္တာကို လည်းရသလို သိက္ခာလည်းရှိတယ်ဆိုတာ လက်တွေ့သိပြီးသား။
နောက်တစ်ခုက တူရကီလူ ထုရဲ့ နိုင်ငံရေး ရေချိန်ပေါ့ဗျာ။ ပုံမှန်အားဖြင့်တော့ တူရကီဆိုတာ ဟာ အစ္စလာမ်နိုင်ငံတွေပဲ။ ယဉ် ကျေးမှုနဲ့ အစဉ်အလာလူမှုအ တွေးအခေါ်တွေအရ အနောက် ကမ္ဘာနဲ့သော်လည်းကောင်း၊ အ နောက်ကမ္ဘာက ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေနဲ့ သော်လည်းကောင်း ခပ်ကင်းကင်းနေချင်တဲ့ တိုင်းပြည်လို့ ရှုမြင်လို့ ရနိုင်တယ်။ ဒါပေတဲ့ ဒီရာစုသစ်မှာ တူရကီဟာ သူနဲ့အလားတူ အစ္စလာမ်နိုင်ငံတွေထက် တစ်မူကွဲပြားနေတယ်။ ခုနင်က ပြောခဲ့သလို ဥရောပအသိုင်းအဝိုင်းနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်ရှိတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပိုပြီးအလေးပေးချင်တယ်။ သဟာကြောင့်ပဲ အစ္စလာမ်စစ်သွေးကြွတွေဖြစ်တဲ့ အိုင်အက်စ်တော်လှန်ရေးမှာ အနောက်ကမ္ဘာနဲ့ ပူးတွဲပြီး စစ်ရေးအကူအညီတွေ ပေးနေတာပေါ့ခင်ဗျာ။
ဒီတော့ တူရကီပြည်သူတွေ ဟာ အနောက်တိုင်းက ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေးစံတန်ဖိုးတွေ ကို အလေးထားလာကြပြီး အဲဒါ ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာ ရှင်စနစ်ကို ပြန်လည်အသက် သွင်းတဲ့ ဘယ်လုပ်ရပ်မျိုးကိုမဆို ရဲရဲတင်းတင်းကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်းအမှုကို ပြုလာကြတာပဲ။ တစ်နည်းအားဖြင့် ဒါဟာ လူထုရဲ့ နိုင်ငံရေးနိုးကြားမှုပဲ။ အနှီနိုးကြား တဲ့ နိုင်ငံရေးအတွေးအမြင်တွေ ကြောင့်သာ လူထုဟာ စစ်တပ်က အာဏာသိမ်းတယ်ဟေ့လည်းဆို ရော တိုင်ပင်ခြင်း၊ ညှိနှိုင်းခြင်းမရှိ ပါဘဲနဲ့ လမ်းပေါ်ကို တစ်ခဲနက် ထွက်လာ ဆန့်ကျင်ကြတာပဲ။
သင်ခန်းစာက လူထုက နိုင်ငံရေးနိုးကြားနေရင် ဘယ်လိုအာ ဏာသိမ်းမှုမျိုးမဆို မအောင်မြင် နိုင်ဘူး။ လက်နက်ရှိနဲ့ လက်နက်မဲ့ မို့ လက်နက်ရှိတဲ့သူက အာဏာ သိမ်းလို့ရတယ်ဆိုပေမယ့် အဲဒါ ဟာလည်း ခဏပဲ။ တစ်ချိန်မဟုတ်တစ်ချိန်မှာ လူထုဆန္ဒကသာ အောင်ပွဲခံမှာပဲ။ နောက်ထပ်သင် ခန်းစာက အစိုးရတစ်ရပ်ဟာ လူ ထုထောက်ခံမှုကိုသာ မှန်မှန်ကန် ကန်ရရှိထားမယ်ဆိုရင် စစ်တပ် က အာဏာသိမ်းမှာကို ကြောက် စရာ၊ မှုစရာမလိုဘူးဆိုတာပဲ။ အခုတူရကီသမ္မတ အာဒိုဂန်နဲ့ သူ့အစိုးရအဖွဲ့ဟာ လူထုက မဲပေးရွေးချယ်ထားတဲ့ အစိုးရဖြစ် တယ်။ သူ့ကို မကြိုက်ရင် လူထု ကသာ တရားဝင်ဖြုတ်ချပိုင်ခွင့်ရှိ တယ်။ တခြားသူအဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်တွေက အတင်းအဓမ္မဖြုတ် ချမယ်ဟ လုပ်လို့မရဘူး။
တူရကီအရေးနဲ့ပတ်သက် ပြီး ရွှေပြည်ကြီးက ရွှေဉာဏ်တော် စူးရောက်သူတချို့ရဲ့ ဆင်ခြင်သုံး သပ်မှုကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာ ကောင်းပြန်သဗျ။အခု အာဏာသိမ်းမှုဟာ အာဒိုဂန် ဟာ သူ့ကို လူကြိုက်များဖို့၊ ကမ္ဘာရဲ့ထောက်ခံမှုရဖို့အတွက် စစ်တပ်နဲ့ လက်ဝါးချင်းရိုက်ပြီး ပြဇာတ်ဆန်ဆန် အာဏာသိမ်းဇာတ်လမ်းကို အကြံအဖန်လုပ်တာပါတဲ့။ အာဒိုဂန်ဟာ အာဏာရူးနေတာတဲ့။တူရကီ အာဏာသိမ်းတဲ့အရေးမှာ သူတို့ပြောလိုက်မှ ဘစီတို့ဟာနိုင်ငံတကာ အရေးအရာတွေမှာ မျက်စိသငယ် နားသငယ်ပါလား
ဆိုတာ ကိုယ့်ဟာကိုယ်ပြန်မြင်လိုက်ရတော့တယ်။ ငါဟဲ့ ငချွတ်ပါတကား။
ဘာပဲဖြစ်ဖြစ် အာဒိုဂန်ဟာ တူရကီလူထုက ရွေးချယ်ထားတဲ့ သူပါ။ ပြီးတော့ အာဒိုဂန်က အ ကြံအဖန်လုပ်ဇာတ်ခင်းတယ် ထားဦး အခုအာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် လမ်းပေါ် ထွက်လာတဲ့ လူထုဟာ သူတို့ သဘောနဲ့သူတို့ အာဏာသိမ်းမှု ကို ကန့်ကွက်ကြတာဆိုတာက တော့ အမှန်ပါပဲ။ လူထုက အာ ဏာသိမ်းတာကို ဘယ်လိုနည်းနဲ့ မှ လက်မခံဘူးဆိုတာ ပြလိုက် တာပဲ။ ကိုယ်နဲ့ တယ်ပြီးမဆိုင်လှ ပေတဲ့ ဘစီတို့ဖြင့် တအားတက် တာပဲ။ ဘယ့်နှာ မတက်ရှိရမှာ လဲ။ အာဏာသိမ်းမှာ စစ်သားကို လူထုက ပြန်ဖမ်းနိုင်တယ်ဆိုတာ နှယ်နှယ်ရရ ဖြစ်ရပ်မှတ်လို့။ တော်သေးပြီ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

No comments: