Friday, July 22, 2016

လေဆိပ်စောင့်ရဲတပ်သားအား မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ဖမ်းဆီး


 


မုံရွာ၊ ဇူလိုင် ၂၁။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ လေဆိပ်တွင် တာဝန်ကျ လုံခြုံရေး ရဲတပ်ဖွဲ့မှ တပ်သားတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ကလေးမြို့မရဲစခန်းမှ ဖမ်းဆီး အမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

ကလေးလေဆိပ်သို့ တာဝန်ကျနေသည့်အမှတ် (၂၉)လုံခြုံရေးတပ်ဖွဲ့မှ ရဲတပ်သား ------ (၂၆)နှစ်သည် မူးယစ်ဆေးဝါးသုံးစွဲကြောင်း သတင်းအရ ကလေးမြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ခေါင်းဆောင်သောအဖွဲ့က ၄င်းနေထိုင်ရာ လူပျိုဆောင် တန်းလျားသို့ သွားစစ်စဉ် မူးယစ်ဆေးဝါးများ မတွေ့ရသော်လည်း ရဲတပ်သား၏ အိပ်ယာဘေးတွင် ခဲပတ်စ (၄)ခုကို တွေ့ခဲ့ရသည်။

ရဲတပ်သားအားခေါ်မေးရာ တစ်ခါတစ်ရံ သုးံစွဲတတ်ကြောင်းထွက်သဖြင့် ရဲစည်းကမ်းအရ အရေးယူပြီး ၄င်း၏ ကျင်ငယ်ကို မန္တလေးမြို့ ဓာတုဗေဒ၀န်ရုံးသို့ ပေးပို့ပြီး ထင်မြင်ချက်တောင်းခံရာ မူးယစ်ဆေးဝါးသုံးထားသည့် လက္ခဏာများ တွေ့ရကြောင်း အဖြေထွက်သဖြင့် ဇူလိုင်လ ၁၈ ရက်နေ့၌ ကလေးမြို့မရဲစခန်းတွင် မယ(ပ)၈၃/၁၆ မူးစိတ်ပုဒ်မ ၁၅ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဟိန်းလင်းသန့်
‪CentralNewsMyanmar‬

No comments: