ရန်ကုန်၊ ဇူလိုင် ၂၃
မြန်မာနိုင်ငံသို့ အနောက်တောင်-အရှေ့မြောက်တန်းနေသည့် တိမ်စွယ်တန်းတစ်ခု ဖြတ်သန်းခြင်းကြောင့် ဒေသအချို့တွင် မိုးဆက်လက်ပိုနိုင်ပြီး ရေကြီးရေလျှံမှုအန္တရာယ်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
အဆိုပါတိမ်စွယ်တန်းသည် ဇူလိုင်လ ၂၂ ရက်နေ့ဝန်းကျင်မှစ၍ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွားပြီး ယင်းတိမ်တိုက်ရွေ့လျားရာ လမ်းတစ်လျှောက်ရှိဒေသများတွင် မိုးအားပိုလာနိုင်ကာ ဒေသအချို့တွင် ရေကြီးရေလျှံမည့် အန္တရာယ်ရှိနေကြောင်း ၎င်းကပြောဆိုသည်။
လက်ရှိတွင် မုတ်သုံလေအင်အားလျော့နည်းနေပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက် ပိုင်းတို့တွင် မိုးအားဆက်လက်ပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်သည်။
ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် မိုးများနိုင်သည့်အတွက် ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် မြစ်ရေမြင့်တက်မှုများရှိနေရာ ဒေသအချို့သည် ရေကြီးရေလျှံမှုအန္တရာယ်နှင့် မိုးများခြင်းကြောင့် မြေပြိုမည့်အန္တရာယ်ကို သတိပြုရန်လိုအပ်ကြောင်း အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် လာမည့် သီတင်းပတ်အတွင်း မိုးရေချိန် ၅ လက်မမှ ၁၄ လက်မရရှိနိုင်ပြီး ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးရေချိန် ၁ ဒသမ ၂ လက်မမှ ၅ လက်မရရှိသည်အထိ မိုးများနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
No comments:
Post a Comment