ဧည့်စာရင်းတိုင်ကြားစရာမလိုတော့တာက သာမန်ပြည်သူတွေ အတွက်
ကောင်းမွန်ပေမယ့်မသမာသူတွေက အခွင့်အရေး အဖြစ်အသုံးချနိုင်တာကြောင့်
ဒီပုဒ်မကို ပယ်ဖျက်တဲ့အခါ အမိန့် အာဏာမဆန်တဲ့အခြားနည်းလမ်းတစ်ခုကိုလည်း
စဉ်းစားသင့်တယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှုးတစ်ချို့ကပြောဆိုကြပါတယ်။
ဧည့်စာရင်းမတိုင်ရင် အရေးယူခံရနိုင်တယ်လို့ အရင်ရပ်/ကျေးဥပဒေမှာ
ဆိုထားတာကြောင့် နိုင်ငံသားမှတ်ပုံတင်ကိုင်ထားပြီး သက်ဆိုင်ရာ
အုပ်ချုပ်ရေးမှုးတွေထံအကြောင်းပြီးမှ ညအိပ်ရတာဟာနိုင်ငံသူနိုင်ငံသားတွေ
အတွက် စိတ်ခုစရာဖြစ်တာမှန်ပေမယ့် ဘယ်နေရာကလာမှန်းမသိ
မှတ်ပုံတင်အထောက်အထားမရှိ သန်းခေါင်စာရင်းမရှိသူတွေအပြင် မသမာသူတွေက
ရပ်ကွက်၊ကျေးရွာထဲမှာ အမှုအခင်းတစ်ခုခု ကျုးလွန်သွားခဲ့ရင် ဘယ်လို စိစစ်
ရှာဖွေရမလဲလို့ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက်
အုပ်ချုပ်ရေးမှုး ဦးအောင်မျိုးသူကပြောပါတယ်။ လက်ရှိ အမျိုးသားလွှတ်တော်က
ဧည့်စာရင်းတိုင်ကြားဖို့မလိုတဲ့ ရပ်ကျေးဥပဒေကြမ်းကို အတည်ပြုလိုက်တာကို
ကန့်ကွက်စရာမရှိပေမယ့် ဧည့်စာရင်းမတိုင်ရင် အရေးယူခံရမယ် ဆိုတဲ့
နေရာမှာအမိန့်အာဏာမဆန်ဘဲ မိမိရပ်ကွက်ကမဟုတ်တဲ့ လာရောက်နေထိုင်သူတွေကို
စာရင်းကောက် မှတ်တမ်းယူထားတာမျိုးတော့ ရှိရမယ်လို့
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးကဆိုပါတယ်။
ဇွန်လ ၃ရက်နေ့က
ကျင်းပတဲ့အမျိုးသားလွှတ်တော်မှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု
အုပ်ချုပ်ရေးဥပဒေမှာပါဝင်တဲ့ ဧည့်စာရင်းမတိုင်ရင် အရေးယူခံရနိုင်တဲ့
ပုဒ်မကို ပြင်ဆင်ခဲ့ပြီး အဲ့ဒီပြင်ဆင်ချက်ကို လွှတ်တော်
ကိုယ်စားလှယ်အများစုထောက်ခံတဲ့အတွက် လွှတ်တော်က အတည်ပြုခဲ့ပါတယ်။
ဒီပြင်ဆင်ချက်ဟာ ရပ်ကွက် ကျေးရွာတွေရဲ့လုံခြုံရေးကို ထိပါးနိုင်တာကြောင့်
မူလ ဥပဒေအတိုင်းထားဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက
ဆွေးနွေးခဲ့ပေမယ့် စက်ခလုတ် နိပ်မဲခွဲရာမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ အရင်
ရပ်/ကျေးဥပဒေ ပုဒ်မ ၁၃ ပုဒ်မခွဲ(ဆ) မှာတော့ တစ်ခြားရပ်ကွက် ကျေးရွာက
လာရောက် ပြီး ညအိပ်ညနေ တည်းခိုမယ်ဆိုရင် ဧည့်စာရင်းတိုင်ကြားခြင်း၊
လက်ခံခွင့်ပြုခြင်းတွေကိုပြုလုပ်ရမှာဖြစ်ပြီး ဒါကိုပျက်ကွက်မယ် ဆိုရင်တော့
ငွေဒဏ် ၅ထောင် သို့မဟုတ် ထောင်ဒဏ် ၇ ရက် ချမှတ်နိုင်တယ်လို့
ပြဌာန်းထားပါတယ်။
No comments:
Post a Comment