မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, April 20, 2016
ပည်သူ့လက်ထဲက ရန်ကုန်၏အနာဂတ် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲
▄ ယမန်နေ့မှ အဆက် ▄
ပြည်သူ့လက်ထဲက ရန်ကုန်၏အနာဂတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
လှစုမြတ်(ဗိသုကာ)
ပြီးခဲ့တဲ့ဆောင်းပါးမှာ လူနေဇုန်များ သီးသန့်ခွဲခြားမှုအားနည်းခြင်းကြောင့် လူနေမှုပြဿနာအချို့ကို တင်ပြခဲ့ပါတယ်။ ယခုဆောင်းပါးမှာတော့ အဆောက် အအုံဆောက်လုပ်မှုကိုထိန်းချုပ်သောစည်းမျဉ်းများ အားနည်းခဲ့လို့ ရန်ကုန်မြို့ရဲ့ လူနေမှုအဆင့်အတန်း ကျဆင်းလာလို့ ကျဆင်းမှန်းမသိဖြစ်ခဲ့ပြီး အန္တရာယ် ရှိသော၊ လူနေမှုအဆင့်နိမ့်သော မြို့ပြဝန်းကျင်ဖြစ်တည်ရေးအတွက် အားပေး ဦးတည်နေသည်ကို တင်ပြချင်ပါတယ်။
နိုင်ငံတကာမှာ အဆောက်အအုံများ ဆောက်လုပ်မှုအတွက် စံများ သတ်မှတ်တဲ့ အခါ အဆောက်အအုံရဲ့ ခိုင်ခံ့မှုတစ်ခုတည်းသာမကဘဲ အဆောက် အအုံပြီးစီး တဲ့အခါ အဆောက်အအုံနဲ့ အဆောက်အအုံအသုံးပြုသူတွေကြောင့် ပတ်ဝန်းကျင် အပေါ်သက်ရောက်လာမယ့် မကောင်းသောအကျိုးဆက်များ ကျရောက်မှုနည်းစေရန် မီးအန္တရာယ် အလွယ်တကူမပြန့်ပွားစေဖို့ အခြေခံစံ တွေကိုလည်း ထည့်သွင်းသတ်မှတ်ကြပါတယ်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အဆောက် အအုံများ ဆောက် လုပ်မှုအတွက် တည်ရှိနေသောစည်းမျဉ်းများမှာ အင်္ဂလိပ်အစိုးရရှိစဉ်က မူလရှိခဲ့သော မြူနီစီပယ် အက်ဥပဒေများကို အခြေခံကာ ပြောင်းလဲခဲ့သော်လည်း မီးအန္တရာယ်၊ အဆောက်အအုံများကြောင့် ပတ်ဝန်းကျင်အပေါ်သက်ရောက် လာနိုင်သော မကောင်းသော အကျိုးဆက် များနဲ့ လူဦးရေသိပ်သည်းဆတို့ကို ထည့်သွင်းစဉ်းစားခြင်းတွေ မရှိဘဲ ခေတ်တောင်း ဆိုမှုအတိုင်းသာ ပြောင်းလဲခဲ့ တာဖြစ်ပါတယ်။ လက်ရှိနည်းဥပဒေများဟာ သုံးထပ်မှလေးထပ်အထိသာ မြင့်သော လူနေအိမ်များအတွက်သာ သင့်တော်သောစည်းမျဉ်းများ ဖြစ်ပါတယ်။
မြေကွက်အရွယ်အစားနှင့် လမ်းအကျယ်ကိုလိုက်၍ အထပ်အမြင့်ကို တရားသေသတ်မှတ်ထားရှိပါတယ်။ အဆောက်အအုံ၏ ဘေးဘက်မြေကျန် များကိုလည်း အရှေ့ဘက် ၁၂ ပေမှ ပေ ၂ဝ၊ ဘေးနှစ်ဖက် သုံးပေ (သုံးထပ်ခွဲနှင့် အောက်)၊ ဘေးနှစ်ဖက် တစ်ပေ (လေးထပ်နှင့် အထက်)၊ အနောက်ဘက် တစ်ပေ (နောက်ဖေးလမ်းကြားရှိပါက)၊ အနောက် ဘက် ခြောက်ပေ (နောက်ဖေး လမ်းကြားမရှိပါက)လို့သတ်မှတ်ပြီး ရန်ကုန်မြို့ အနှံ့အပြားမှာ ဆောက်လုပ် ခွင့်ပြုပါတယ်။
အဲဒီစည်းမျဉ်းများကြောင့် နောက်ဖေးလမ်းကြားမရှိသော နေရာများမှာ (သုံးထပ်ခွဲနှင့် အောက်)လုံးချင်းများဆောက်ပါက ဘေးမြေကျန် သုံးပေ ချန် ဆောက်လုပ်ခိုင်းခြင်းမှာ ပတ်ဝန်းကျင် အတွက် ကောင်းမွန်သော် လည်း လေးထပ်အထက် အဆောက်အအုံများ ဆောက်လုပ်ပါက ဘေးမြေကျန် တစ်ပေသာချန်၍ ဆောက်ခြင်းကို ခွင့်ပြုသဖြင့် မီးအန္တရာယ်ကျရောက်စဉ် အိမ်နောက်ဖေးလှေကားမှ ဆင်းလာပါစေကာမူ အဆောက်အအုံ အရှေ့လမ်း ဘက်သို့ ထွက်ပြေးရန် လမ်းကြောင်းမရှိတော့ပါ။ နိုင်ငံတကာမှာတော့ အထပ်မြင့်လာတာနဲ့အမျှ ပတ်ဝန်းကျင်ကိုပိုမိုအနှောင့်အယှက် ဖြစ်လေ့ရှိ သဖြင့် ဘေးမြေကျန်ပိုမိုထားရှိရပါတယ်။
ရှေးကမြူနီစီပယ်အက်ဥပဒေအရ နောက်ဖေးလမ်းကြားရှိတဲ့ နေရာ များမှာ ဘေးနှစ်ဖက်ကို မိမိပိုင်နယ်နိမိတ်အဆုံး အထိ ဆောက် ခွင့်ပေးပြီး ပြ တင်းပေါက်ဖောက်ခွင့်မပေးပါ။ နယ်နိမိတ်အဆုံးမှာဆောက်တဲ့ အုတ်ရိုး ကိုလည်း အမိုးအထက် သုံးပေ၊ လေးပေကျော်သည်အထိ ဆောက်တာကို ယနေ့တိုင် ရှိနေသေးတဲ့ မြို့လယ်မှ အဆောက် အအုံများမှာ ဆောက် လုပ်ထားတာ မြင်တွေ့ရနိုင်ပါတယ်။ အဲဒီလိုဆောက်ရတာက တစ်အိမ် ကမီး နောက် တစ်အိမ်မကူးအောင်ကာကွယ်ဖို့ ဆောက်ရတာပါ။ ဒါပေမယ့် ခေတ်ကာလ ပြောင်းပြီး ကန်ထရိုက်တိုက်လို့ခေါ်ကြတဲ့ အဆောက်အအုံများ ပေါ်လာတဲ့ အခါမှာ ဘေးမြေကျန် တစ်ပေချန် ဆောက် လုပ်ပါက ပြတင်းပေါက် ဖောက်ခွင့် ပေးခဲ့ပါတယ်။ မီးအန္တရာယ်အတွက် သတ်မှတ်ထားရှိချက်ကို မသိနားမလည်ဘဲ စည်းမျဉ်းများ ပြောင်းလဲခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ မီးလောင်မှုဖြစ်ပွားရာနှင့်ကပ်လျက် ကန်ထရိုက် တိုက်အပေါ် ထပ်များသို့ မီးများကူးခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာနှင့် ကပ်လျက် ရှိသော ကန်ထရိုက်တိုက် အောက်ထပ်နှစ်ထပ်မှာ ပြတင်းများဖောက်ထားခြင်း မရှိသောကြောင့် မီးအန္တရာယ်မကျရောက်ခဲ့ပါ။ နိုင်ငံတကာမှာတော့ ပြတင်း ဧရိယာများလာသည်နှင့်အမျှ ဘေးမြေကျန်ပိုမိုထားရှိရပါတယ်။
လက်ရှိစည်းမျဉ်းများ အားနည်းမှုကြောင့် မြို့ပြပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဥပမာ နောက်တစ်ခုကတော့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်း အနီးတစ်ဝိုက်ပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်ကအထိ ခြံကြီးဝင်းကြီးများနဲ့ အလွန် သာယာကောင်းမွန်တဲ့ ရပ်ကွက်ဖြစ်ခဲ့ပါတယ်။ ဓာတ်လှေကားပါ လူနေအိမ်ခန်း များကို ကွန်ဒိုရယ်လို့ စတင်မှားယွင်းစွာခေါ်ဆိုပြီး ဆောက်ခဲ့တဲ့ခေတ်မှာတော့ ခြံကြီးဝင်းကြီးများရှိ နှစ်ထပ်လူနေအိမ်များနေရာမှာ ခြံကွက်များကို စိတ်ပိုင်းလို့ ခုနစ်ထပ်၊ ရှစ်ထပ်တိုက်များဟာ မြေကျန်မရှိသလောက်နဲ့ နေရာယူလာခဲ့ပါ တယ်။ လမ်းမျက်နှာစာတိုက်များမှာ လမ်းသို့မျက်နှာမူထားသဖြင့် မထောင်းတာ လှသော်လည်း အတွင်းဘက်တိုက်များမှာမူ တိုက်တစ်တိုက်ရဲ့ နောက်ဖေး ကို သော်လည်းကောင်း၊ တိုက်တစ်တိုက်ရဲ့ ဘေးကိုသော်လည်းကောင်း မျက်နှာစာ ပြုလို့ ဆောက်ထားကြသည်မှာ မြို့နှင့်မတူဘဲ ကျူးကျော်တဲများကဲ့သို့ ပရမ်းပတာပတ်ဝန်းကျင်အဖြစ် ပြောင်းလဲသွားပါတယ်။
ဒီအခြေအနေကို သင်ခန်းစာယူသင့်သော်လည်း တစ်ချိန်က အရှေ့ တောင် အာရှတွင် စံယူစရာမြို့အဖြစ် ဂုဏ်ယူဖွယ်သတ်မှတ်ခံခဲ့ရတဲ့ ဂုဏ်ကိုပင် မထောက်ထား။ ရန်ကုန်မြို့၏ တခြားခြံကြီးဝင်းကြီးများ အထင်ကရနေရာ များဖြစ်သော တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေတောင်ကြား ရပ်ကွက်နှင့် ခုနစ်မိုင်၊ ရှစ်မိုင်၊ ကိုးမိုင်နေရာများတွင်ပါ ၄င်းကဲ့သို့ ဆောက်လုပ်မှုများကို ဆောက်ခွင့်ပြု လျက်ရှိပါတော့တယ်။ နိုင်ငံတကာရှိ နေချင့်စဖွယ်မြို့များမှာတော့ ဘေး အန္တရာယ်ကင်းရှင်းအောင် စီမံထားရှိရုံမျှမက သာယာဖွယ်ပတ်ဝန်း ကျင်ဖြစ်စေရန် အဆောက်အအုံများ၏ အရွယ်အစားအမြင့်၊ အဆောက်အ အုံတစ်လုံးနှင့်တစ်လုံး အကွာအဝေး၊ မြက်ခင်းအနေအထား အဆောက် အအုံများ၏ ဆေးအရောင် အစရှိသည်ဖြင့် သတ်မှတ်ထားရှိပါတယ်။ တစ်အိမ်ချင်းစီမှ လည်း မိမိအိမ်ပတ် ဝန်းကျင်ကို တန်ဖိုးထားကာ စည်းကမ်းနှင့် အညီ လိုက်နာနေထိုင်ကြရပါတယ်။
ရန်ကုန်မြို့ နောက်ဖေးလမ်းကြားရှိတဲ့ မြို့နယ်အချို့မှာလည်း အဆောက် အအုံများဟာ လက်ရှိစည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ဆောက် လုပ်ထား သော်လည်း စည်းမျဉ်းများတွင် ဖြစ်ပေါ်လာနိုင်သော လူဦးရေသိပ် သည်းဆကို ထည့်သွင်းထိန်းချုပ်ခြင်းမရှိသဖြင့် လူဦးရေသိပ်ဆည်းဆမှာ အလွန်အမင်း များပြားလျက် ရှိနေပါတယ်။ အဲဒီရပ်ကွက်များမှာ လမ်းများ ဟာ ပေ ၃ဝ၊ ပေ ၅ဝ စသည်ဖြင့်ကျယ်ပြီး မြေကွက် အရွယ် အစားများဟာ မျက်နှာစာ ၂၅ ပေ၊ ပေ ၃ဝ အရှေ့နောက် ပေ ၅ဝ၊ ပေ ၆ဝ ရှိလေ့ရှိပါတယ်။ အဆောက်အအုံများကို အရှေ့မြေကျန်အောက်ထပ် ငါးပေ၊ အပေါ်ထပ် တစ်ပေ၊ ဘေးနှစ်ဖက်မြေကျန် တစ်ပေစီနဲ့ အနောက် ဘက် မြေကျန် တစ်ပေချန်ပြီး အဆောက်အအုံအမြင့်ကို လမ်းအကျယ် နှစ် ဆဆောက်ခွင့်ပြုပါတယ်။
စမ်းချောင်းမြို့နယ်ရှိ ပေ ၃ဝ အကျယ်လမ်းတစ်ခုကို လေ့လာကြည့်ပါတယ်။ ယခင်က စမ်းချောင်းရပ်ကွက်ဟာ မြေတစ်ကွက်လျှင် မိသားစု တစ်စုမှ နှစ်စုသာ နေလေ့ရှိပြီး လွန်စွာနေ လို့ကောင်းတဲ့ မြန်မာ ရပ်ကွက် တစ်ခုပါ။ တစ်ဧကမှာ မြေကွက် ၂၂ ကွက်ခန့်ထွက်ပြီး ယခုအခါ ကန်ထရိုက်တိုက်များ တည်ဆောက်လို့ တစ်ဧကမှာ ပျမ်းမျှအိမ်ခန်း ၂ဝဝ ခန့်ရှိတာ ကို လေ့လာတွေ့ရှိရပါတယ်။ ကားရပ်နားရန် သီးသန့်မပါရှိလို့ ပေ ၃ဝ လမ်းကို တစ်လမ်းမောင်းလုပ်ပြီး ကားရပ်လျှင် စံမီကားရပ်နားရန်နေရာ (Standard Parking) ၁၆ နေရာသာ ရပါတယ်။ ယခုမှာတော့ ကားရပ် စရာ နေရာမရ ရအောင် မိမိတို့အိမ်ရှေ့ လမ်းတစ်ဖက်တစ်ချက်မှာ ကပ်ရပ်နေကြ ရတော့ အိမ်ထဲဝင်လျှင်ပင် ကားကြိုကားကြားမှ ဝင်ကြရပါတယ်။
လူသွားလမ်း ပလက်ဖောင်းနေရာမကျန်ရှိဘဲ လမ်းလယ်ကပဲ လျှောက်ရပါ တယ်။ တစ်ဧကကို အိမ်ခြေ ၂၂ အိမ်မှ အိမ်ခြေ ၄ဝ ခန့်သာ နေထိုင်ဖို့ ဒီဇိုင်းလုပ်ထားတဲ့နေရာမှာ မိသားစု ၂ဝဝ နေနေကြရလို့ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေပါ။
တစ်ဧက အိမ်ခြေ ၂ဝဝ ကို တစ်အိမ်လျှင် ပျမ်းမျှမိသားစုဦးရေ သုံးဦး နေထိုင် ပါက တစ်ဧကမှာ လူဦးရေ ၆ဝဝ ခန့် နေထိုင်ရပါတယ်။ ကမ္ဘာမှာ လူဦးရေထူ ထပ်လို့ နာမည်ကြီးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် ဒက်ကာ(Dhaka) ရဲ့ ပျမ်းမျှလူဦးရေဟာ တစ်ဧကမှာ ၂၂ဝ ခန့်သာရှိပါတယ်။ ကျွန်မ တို့ရဲ့ ရပ်ကွက် တချို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒက်ကာရဲ့ ပျမ်းမျှ လူဦးရေထက် သုံးဆခန့် ပိုမိုများပြားနေပါတယ်။ ကူးစက်ရောဂါ၊ ငလျင် အစရှိတဲ့ သဘာဝဘေး အန္တရာယ်တို့ ကြုံလာလျှင် လွန်စွာဆုံးရှုံးမှု များပြားနိုင် ပါတယ်။
ကျွန်မရဲ့ဟောပြောမှုမှာ လာနားထောင်တဲ့ ဆရာတစ်ယောက်က ကျွန်မရဲ့ တင်ပြမှု ကိန်းဂဏန်း(Data) ကို ကြည့်ပြီး ဒီအတိုင်း ဆက်သွားရင် နောင် တစ်ချိန်ချိန် ကမ္ဘာမှာ Death Toll သေဆုံးမှု စံချိန်တင်ပါလိမ့်မယ်တဲ့။ ကျွန်မတို့ တိုင်းပြည်အတွက် အဲဒီလိုစံချိန်မျိုး အလိုမရှိပါ။ နိုင်ငံတကာမှာ မြို့များကို ထိန်းချုပ်လေ့ရှိတဲ့စနစ်များအတိုင်း ရန်ကုန်မြို့ကို စနစ်တကျ စီမံ ဆောင်ရွက်လို့ ကျွန်မတို့တစ်တွေ ဝိုင်းဝန်းကြိုးစားကာကွယ်ကြရပါမယ်။
(ဆက်လက်ဖော်ပြပါမည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment