Tuesday, April 19, 2016

မြန်မာ့ပညာရေးနှင့် တိုင်းပြည်၏ အနာဂတ် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲

မြန်မာ့ပညာရေးနှင့် တိုင်းပြည်၏ အနာဂတ် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ မြင့်ကျော်(ဇလွန်) ပညာရေးဆိုသည်မှာ “ပညာ” ဆိုသော အတက်ပညာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့် တရားရှိမှု၊ အိနြေ္ဒ တို့ကိုစောင့်ထိန်းနိုင်မှု စသည်တို့ကိုတိုးပွားစေပြီး အဝိဇ္ဇာ စသော အပြစ်ဒေါသများ ကင်စင်သွားခြင်ကို ပညာအဆုံးအမဟု ခေါ်သ ည်ဟု “သစတ္တပကာသကျမ်း” တွင် ဖွင့်ဆိုထားသည်။ ပညာရေး ဆိုသော ဝေါဟာ ရသည် အလွန်ကျယ်ဝန်းလှသည်။ လူအများသိနားလည်သော ကျောင်းသင်ပညာရေး (Formal Education) သာမက ကျောင်းပြင်ပ ပညာရေး (Non-Formal Education) စသည်များ သည် ပညာရေး နယ်ပယ်တွင် အကျုံးဝင်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးသည် ယင်းနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံသမိုင်း အခြေအနေ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်များနှင့် ရောထွေး ယှက်နွယ် နေသည်။ နိုင်ငံတစ်နိုင်ငံတွင် ပညာရေးရည်ရွယ်ချက်များ ချမှတ်ရာတွင်ဖြစ်စေ၊ အကောင်းအထည် ဖော်ရာတွင်ဖြစ်စေ ပညာရေးကို အခြားကဏ္ဍများနှင့်ခွဲခြားပြီး တသီးတခြား စဉ်းစား၍ မရနိုင်ကြောင်းနှင့် သီးခြားကင်းလွတ်သော ပညာရေးဟူ၍လည်း အကောင်အထည် ဖော်ဆောင် မရနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးအခြေအနေများသည် ကာလ၊ ဒေသ၊ ပရောဂ အခြေအနေများအလိုက် ပြောင်းလဲလေ့ရှိသည်။ ပညာရေးဆိုသည်မှာ အတိတ်သင်ခန်းစာကိုအခြေခံပြီး၊ ပစ္စုပ္ပန် အခြေအနေ အရပ်ရပ်ကိုသုံးသပ်ကာ အနာဂတ်ကာလအတွက် မျှော်မှန်းရခြင်းဖြစ်သည်။ ပညာရေး အသီးအပွင့် ကို ချက်ချင်းစိုက် ချင်ချင်းခူးဆွတ်စားသုံးရန်မဖြစ်နိုင်ဘဲ အနည်းဆုံး ၁၄-၁၅ နှစ်ခန့် ကြာမှသာ အကျိုး သက်ရောက်မှုကို ရရှိနိုင်သည်။ ▄ မြန်မာ့ပညာရေးကနဦး ▄ မြန်မာနိုင်ငံတွင် ဘုရင်စနစ်ထွန်းကားခဲ့သော ပဒေသရာဇ်ခေတ်ကတည်းက ပညာရေးထွန်းကား စည်ပင် ခဲ့သည်။ ပဒေသရာဇ်ခေတ် လူနေမှုစနစ်နှင့် ယဉ်ကျေးမှုများ၊ ဗုဒ္ဓ၏ တရားဓမ္မများနှင့် အဆုံးမများကို အခြေခံပြီး မြန်မာနိုင်ငံ ပညာရေးသည် ကျယ်ပြန့်စည်ပင်ထွန်းကားလာခဲ့သည်။ ပဒေသရာဇ်ခေတ် ပညာရေး စနစ်သည် “ဘုန်းတော်ကြီးကျောင်းပညာရေး” စနစ်ဖြစ် သည်။ လောကီ ပညာရေးစနစ်သည် အသက်မွေး ဝမ်းကျောင်းပညာ တတ်မြောက်ရန်ထက် ကိုယ်ကျင့်တရားကောင်း မွန်သော ပြည်သူပြည် သားကောင်းများ ဖြစ်လာရေးကို ဦးတည်ခဲ့သည့် ပညာရေးဟုလည်း ဆိုနိုင်သည်။ စာသင်ကျောင်း သတ်သတ်မှတ်မှတ်မရှိဘဲ ဘုန်းတော်ကြီးကျောင်း (စာသင်တိုက်) များသည် ပညာသင်ကြားရာ ဗဟိုဌာနများဖြစ်သည်။ လူတန်းစား မရွေး အခမဲ့ပညာသင်ကြားခွင့်ရရှိခဲ့မှုသည် ထူးခြားမှုတစ်ရပ်ဖြစ်သည်။ စာပေသင်ကြားပို့ချသူများသည် ဘုန်းတော်ကြီး များဖြစ်သည်။ အတန်းစနစ်မရှိဘဲ စာသင်သားတစ်ဦးချင်း၏ တိုးတက်မှု၊ တတ်မြောက်မှု အပေါ် မူတည်ပြီး အဆင့်တိုးကာ တစ်ဦးချင်းစီသင်ပေးသည့် ပညာရေးစနစ်လည်းဖြစ်သည်။ စာကို အာဂုံဆောင် အလွတ်ကျက်မှတ်ရသည်။ သင်ရိုးဆိုပြီး အတည်တကျပြဠာန်းထားမှုမရှိဘဲ အဓိက သင်ယူကြရသော ဘာသာရပ်များမှာ ပါဠိနှင့်မြန်မာ ဘာသာရပ်များပင် ဖြစ်သည်။ ဘုန်းတော်ကြီးများ၏ ကျေးဇူးကြောင့် ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံ၏ စာရေးစာဖတ် တတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်း ကျော် ရှိခဲ့သည်။ ဒေသတွင်း အခြားအာရှ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက စာတတ်သူဦးရေ ပိုများခဲ့သည်။ ▄ ပြောင်းလဲလာသော အခြေအနေများ ▄ နှစ်ဆယ်ရာစုအတွင်း ကမ္ဘာပေါ်တွင် ပြောင်းလဲမှုများ စွာ ဖြစ်ထွန်း ခဲ့သည်။ နိုင်ငံရေး၊ သိပ္ပံနှင့် နည်းပညာ၊ လူမှုရေးနှင့် စီးပွားရေး အစရှိသည့်နယ် ပယ်အသီးသီးတွင် အထင်ကရတိုးတက်ထွန်းကားလာမှုများ ကို မြင်တွေ့ကြ ရမည်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာမှုပြုခြင်းဖြစ်စဉ်နှင့် ဗဟိုဦးစီးချုပ်ကိုင် မှု လျော့ချရခြင်း စသည့် အယူအဆများ၊ ကျင့်စဉ်များမှာ အကျိုးဆက် အနေဖြင့် ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံတကာ နယ်နိမိတ်များကို ပြိုလဲစေလျက် ကမ္ဘာကြီးတစ်ခုလုံးကို ရွာငယ်လေးသဖွယ် (ကမ္ဘာ့ရွာ) ဖြစ်ပေါ် လာစေခဲ့သည်။ သို့ရာတွင် အထင်ကရ ပြောင်းလဲခြင်းဖြစ်စဉ်များမှ မဖြေရှင်းပေးနိုင် သည့်ပြဿနာ များစွာတွင် တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း အညီအညွတ် လိုက်လျောညီထွေ ရှင်သန်နေထိုင်ခြင်း စသည်တို့မှာ လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ ယင်းလိုအပ်ချက်များအတွက် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မညီမျှမှုများ၊ နောက်ဆက်တွဲ ပြဿနာများ၊ ကျင့်ဝတ်ဆိုင်ရာ စံနှုန်း တန်ဖိုးများနှင့်ပတ်သက်၍လည်း ဆိုးဝါးစွာအခက်အခဲ အကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ အဆိုပါပြဿနာရပ်များကို ကျော်လွှားနိုင်ရန်၊ ပညာရေးစနစ် ကောင်း မွန်စေရန် ပြုလုပ်ခြင်း သည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ လူ့သမိုင်းတွင် မကြုံဘူးသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကြောင့် ဓနကြွယ်ဝမှုနှင့် သက်တောင့်သက်သာနေထိုင်ရခြင်းတို့ကို ပိုင်ဆိုင် လာကြသော် လည်း တစ်ကမ္ဘာလုံးတွင် မညီမျှမှု များကြောင့် လူမျိုးရေး၊ ဘာသာရေး၊ လူတန်းစားနှင့် တိုင်းရင်းသားလူမျိုးစုပဋိပက္ခများဖြင့် ပြည့်နှက်နေ ဆဲ ဖြစ်သည်။ မြေကမ္ဘာ၏ သက်ရှိမျိုးနွယ်စုများတွင် လူသားမျိုးနွယ်စုသည် အသိဥာဏ်ပိုင်းဆိုင်ရာ အဖွံ့ဖြိုးဆုံး တိုးတက်လာခဲ့သော်လည်း အခြားတစ်ဖက် တွင်မူ အတ္တလွန်ကဲခြင်း၊ သီးသန့်နေထိုင်လိုခြင်း၊ သည်းခံခြင်း တရား ခေါင်းပါး လာခြင်းများအပါအဝင် မိမိကိုယ်ကိုနှင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးသူများ အနေဖြင့်လည်း တည်ရှိနေလေသည်။ ယခု ၂၁ ရာစု အစောပိုင်းကာလ၌ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်သော လူမှုအသိုင်းအဝိုင်း အတွက် ကြီးမားသောစိန်ခေါ်ချက်များဖြစ်သည့် အကျပ်အတည်းများ၊ အရေးပေါ် အခြေအနေများဖြင့် ရင်ဆိုင် နေကြရသည်။ ယင်းစိန်ခေါ်ချက်အကျပ်အတည်းများအတွက် လူတစ်ဦးချင်းစီ၏ အသိပညာနှင့် တတ်သိနားလည်မှုသည် အလွန်အရေးပါသော အခြေအနေ တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် လူတိုင်း၏ပင်ကိုယ်စိတ်ထား နူးညံ့မှု၊ အခြေအနေအရပ်ရပ်ပေါ်တွင် မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်မှုတို့သည် ပညာတတ်မြောက်ခြင်း၊ မတတ်မြောက်ခြင်းပေါ်တွင် များစွာ တည်မှီနေသည်။ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကွာဟချက်များ၏ အကျိုး ဆက်ကြောင့် ဥစ္စာဓနပိုင်ဆိုင်မှုတွင် ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ကြီးမားသည့် ကွာဟချက် ရှိနေခြင်း၊ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံ များကြားတွင်လည်း ဆင်းရဲ ချမ်းသာ ကွာဟချက်ကို ဖြေရှင်းရန်ဖြစ်နိုင်ချေ နည်းလမ်းများ ရှာမရသေးခြင်း၊ လက်နက်ဆန်းများနှင့် အဏုမြူ စွမ်းအင် နည်းပညာများကို အပြိုင်အဆိုင်တီထွင်တပ်ဆင်မှုများကြောင့် လူသားမျိုးနွယ် စုတစ်ခုလုံး ၏ ရှင်သန်မှုကို ခြိမ်းခြောက်လျက်ရှိနေခြင်း၊ အဆင့်တိုင်းတွင် ပုံစံအမျိုးမျိုးနှင့် ခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ ပဋိပက္ခများ အကြားတွင် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ ရှိနေခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ အကြမ်းဖက်ဖြေရှင်းမှုများ၊ လူမျိုးရေးခွဲခြားခြင်းများကို ယနေ့ကမ္ဘာ၏ သွင်ပြင် လက္ခဏာ တစ်ရပ်အနေဖြင့် မြင်တွေ့နိုင်ပြီး လူသားမျိုးနွယ်နှင့် အခြေခံစံနှုန်း တန်ဖိုးများ တိုက်စား ခံနေရခြင်း၊ လူဦးရေပေါက်ကွဲမှုကြောင့် သဘာဝအရင်းအမြစ်များကို အလွန် အကျွံသုံးစွဲရသည့်အတွက် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဂေဟဗေဒ ဆိုင်ရာ ညီမျှချေကို ဖျက်ဆီး ခံရခြင်းနှင့်အတူ လူသားမျိုးနွယ်၏ အသက်ရှင်သန်နေထိုင်မှုကို အချိန်ပြည့်ခြိမ်းခြောက်လျက်ရှိနေခြင်း၊ ကျဉ်းမြောင်းသည့် ပုဂ္ဂလိက အကျိုး စီးပွားအပေါ် အခြေပြုစဉ်း စားတွေးခေါ်ခြင်းနှင့် အတ္တမာနလွန်ကဲမှု (မိမိ လုပ်ငန်း၊ ပရိုဂျက်နှင့် အဖွဲ့အစည်း ကိုသာ အဟုတ်ထင်ခြင်း)ကြောင့် လူသားမျိုးနွယ်သည် နယ်ပယ်အသီးသီးတွင် ဂိုဏ်းဂဏ၊ အုပ်စုငယ် များစွာဖြင့် ကွဲပြားလျက်ရှိနေခြင်း၊ ယနေ့ ကမ္ဘာ့လူ့အဖွဲ့အစည်း၏ ရှင်သန် နေထိုင်နိုင်ရန် အတွက် တောင်း ဆိုချက်များတွင် ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များထက် ကမ္ဘာအဝှမ်း လွှမ်းခြုံ စဉ်းစားတွေးခေါ်ခြင်း၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အစွန်းရောက်ခြင်းထက် သည်းခံခြင်းတရား ထွန်းကားစေခြင်း၊ အပြန်အလှန်နားလည်မှုကို တည်ဆောက်ခြင်းနှင့် ယဉ်ကျေးမှု ဗဟုဝါဒကျင့်သုံးခြင်း၊ လူအနည်းစု အတွက်သာ အခွင့်ထူးခံဖြစ်နေသည့် သိပ္ပံနှင့် နည်းပညာအရ ခွဲခြားခြင်းထက် နည်းပညာအရ စုစည်းနိုင်ခြင်း အစရှိသည့် အကြောင်းချင်းအရာများ ပါဝင်သည်။ လူတန်းစားအလွှာတိုင်းတွင် အကြမ်းမဖက်ခြင်း၊ သည်းခံခြင်း တရား ထွန်းကားစေခြင်း စသော လိုလားအပ်သည့် ယဉ်ကျေးမှုများ ထွန်းကားစေခြင်းဖြင့် ပိုမို၍ငြိမ်းချမ်းသာ ယာသည့် ယဉ်ကျေးသည့် လူ့ဘောင်ကို တည်ထောင်နိုင်မည် ဖြစ်သည်။ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေးအခေါ် ပညာရှင်များ၊ သိပ္ပံပညာ ရှင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များအနေဖြင့် လူ့စံနှုန်း တန်ဖိုးများ ကို ပြန်လည် ရှင်သန်စေရန်အတွက် လိုအပ်ချက်ကို ကာလ ကြာမြင့်စွာက တည်းက သိမြင်ခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ လူအများစုသည် “မိမိနှင့် အခြားသူများ အတူတကွ ရှင်သန်နေထိုင်ရခြင်း” သဘောတရားကို မေ့လျော့နေခဲ့လျက်ရှိပြီး အသိပညာ၊ အတတ်ပညာ သင်ယူ တတ်မြောက်ခြင်းသည် အတူတကွရှင် သန်နေထိုင်ကြီးပြင်းခြင်း၏ အနှစ်သာရကို ရေရှည်တည်ဆောက် အကောင်အထည်ဖော်နိုင်သော အကောင်းဆုံးအခြေအနေတစ်ရပ်ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို) မှ အထူးခန့်အပ် တာဝန်ပေးခဲ့သည့် ဒီလော်(စ်) ကော်မစ်ရှင်၏ အစီရင်ခံစာဖြစ် သည် သင်ယူခြင်း ရတနာအတွင်းမှာ Learning - The Treasure Within (၁၉၉၆)” တွင် “အတူတကွ အသက်ရှင်သန်နေထိုင်ဖို့ သင်ယူလေ့လာစို့” ဟူသောအချက်ကို ပညာရေးမဏ္ဍိုင်ကြီးလေးရပ်အနက် အဓိက ပညာရေးထောက် တိုင်တစ်ရပ်အနေဖြင့် လမ်းညွှန်အကြံပြု ခဲ့သည်။ မျက်မှောက်ကမ္ဘာကြီးတွင် ဝမ်းနည်းဖွယ်ရာလိုအပ်နေသည့် ညီညွတ်သော လူ့အသိုင်း အဝိုင်း တည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ အမြင်သဘောထား ဖလှယ်ခြင်းတို့ကို ယင်းအစီရင်ခံစာတွင် မီးမောင်းထိုး တင်ပြခဲ့ သည်။ ခေတ် အစဉ် အဆက်တွင် အသိပညာနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်သည့် ကာယ၊ ဥာဏလုပ်သားထုကို မွေးထုတ်ပေးရန်အတွက် ပညာရေးကို အသုံးချခဲ့သည်။ ယခုအခါတွင်မူ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုဆက်ဆံရေး တိုးတက်မြင့်မား စေရန်အတွက် ပညာရေးမှာ အခြေခံအကျဆုံးဖြစ်သည်ဟူ၍ အမြင်သဘောထား ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ငြိမ်းချမ်းသော လူမှုအသိုင်း အဝိုင်းအတွက် မတူကွဲပြားသည့် ယဉ်ကျေးမှုများ သဟဇာတဖြစ်စေရေးနှင့် လူမှုပြုပြင် ပြောင်းလဲရေးတို့တွင် အခြေခံပညာကျောင်းများမှာ အလွန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ▄ လိုအပ်ချက်များနှင့် ပညာရေး ▄ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများကို အမှီလိုက်နိုင်ရန်နှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် ကြိုးစား နေစဉ် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံအများစုတွင် လူ့စံနှုန်း တန်ဖိုးဆိုင်ရာ ရေရှည်ရည်မှန်းချက်များနှင့် စာရိတ္တနီတိ ဆိုင်ရာများကို ပညာရေး တွင် ဦးစားပေးခြင်းမရှိသဖြင့် ပညာရေးသည် နိုင်ငံသားတို့အား ငြိမ်းချမ်းသော ပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းသောယဉ်ကျေးမှု တိုးတက်ထွန်း ကားစေရန်၊ သည်းခံခြင်းတရားထွန်းကားစေရန်၊ ဒီမိုကရေစီ စံနှုန်းတန်ဖိုးများ၊ လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို သိရှိနားလည် လိုက်နာ စေရန် အတွက် ပြင်ဆင်ပေးနိုင်ရမည် ဖြစ်သည်။ ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် လုပ်ငန်းခွင်တွင် စဉ်ဆက်မပြတ်သင်ယူရမည့် ပညာရေးစနစ်များကို စံချိန်စံညွှန်း ကောင်းမွန်ခြင်းရှိမရှိ အစဉ်အမြဲဆန်းစစ်လေ့လာ နေကြရမည်။ တက္ကသိုလ်ပညာရေးကို မြန်မာနိုင်ငံတွင် ၁၈၇၈ ခုနှစ်မှ စတင်ခဲ့ကာ ၁၈၈၄-၈၅ ခုနှစ်တွင် ရန်ကုန်ကောလိပ်ဟူ၍ တက္ကသိုလ်ပညာသင်ကြားသော ပထမဆုံးကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ကာလကတ္တားတက္ကသိုလ်နှင့် ဆက်သွယ်ထားသော ကောလိပ်ဖြစ်ပြီး ထိုတက္ကသိုလ်၏ စာမေးပွဲ အတွက်သာ သင်ကြားပေးသည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို အမည်ပြောင်းထားသော တက္ကသိုလ်နှင့် ယုဒသန်ကော လိပ်နှစ်ခု ပေါင်း စည်းထား သည့် ရန်ကုန်တက္ကသိုလ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးသော တက္ကသိုလ်အဖြစ် ထူထောင်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက် ချမှတ်ဖော်ဆောင်ခဲ့သော မြန်မာ့ပညာရေးစနစ်များသည် နိုင်ငံရေး လွှမ်းမိုးမှုများ ရောယှက်ပါဝင်နေသော ပညာရေးစနစ်များကို လေ့ လာတွေ့ရှိနိုင်သည်။ ထိုသို့ နိုင်ငံရေးကို အခြေခံဒေါက်တိုင်ပြုပြီး ပညာရေးသင်ရိုးများ ချမှတ်ဖော်ဆောင်ခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ချနင်းရာ ရောက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံ၏ ပညာရေးကဏ္ဍ အရည်အသွေးမှီမှုနှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မှုတွင် အစိုးရနှင့် ပြည်သူ အပြန်အလှန် နားလည်မှုရှိရှိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ လိုအပ်ချက်များ ပြည့်နှက်နေသော ပညာရေးစနစ်ကို အချိန်ကာလရှည်ကြာစွာ မပြုပြင်ဘဲ ဇွတ်အတင်း ရှေ့တိုးခဲ့မှုများသည် နိုင်ငံ၏ တိုးတက်မှုအခြေအနေများကို ရိုက်ချိုးသကဲ့သို့ ဖြစ်ခဲ့ ရသည်ဟု ဆိုနိုင်ပါသည်။ ▄ ယခင်အစိုးရ သတ်မှတ်အကောင်အထည်ဖော်ခဲ့သော ပညာရေး ▄ မြန်မာနိုင်ငံ၏ပညာရေးတွင် လုပ်ငန်းကဏ္ဍ(၆)ရပ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး၊ ယင်းလုပ်ငန်းများမှာ (၁) လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးမှုဆိုင်ရာကဏ္ဍ၊ (၂) နည်းပညာအသုံးပြုမှုဆိုင်ရာကဏ္ဍ၊ (၃) သုတေသန လုပ်ငန်းဆိုင်ရာကဏ္ဍ၊ (၄) စဉ်ဆက်မပြတ်သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းဆိုင်ရာကဏ္ဍ၊ (၅) ပညာရည် အဆင့်မြှင့်တင်မှုဆိုင်ရာကဏ္ဍနှင့် (၆) အမျိုးသားရေးစံနှုန်းနှင့် အမျိုးသားရေးတန်ဖိုး ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာကဏ္ဍတို့ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဆိုင်ရာကဏ္ဍတွင် မျှော်မှန်းချက် (၄) ရပ်ချမှတ်ခဲ့ပြီး ယင်းတို့မှာ (၁)နိုင်ငံတော်အား အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံတော်တစ်ခုအဖြစ် တည်ဆောက်နိုင်စွမ်းရှိသည့် လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးနိုင်ရန်၊ (၂) ပညာစွမ်းရည်၊ ဥာဏစွမ်းရည်၊ လူမှုစွမ်းရည်မြင့်မားသည့် အရင်းအမြစ်သည် အလား အလာကောင်းသည့် အနာဂတ်ဖြစ်စေရန်အတွက် အာမခံချက်ဖြစ်သည်ကို တစ်မျိုးသားလုံးခံ ယူလျက် မြန်မာ့ပညာရေးစနစ်ကို တည်ထောင်ရန်၊ (၃) မြန်မာ့ပညာရေး စနစ်သည် မြန်မာ့လူ့ အဖွဲ့အစည်း တစ်ရပ်လုံး၏ ပင်မအရင်းအမြစ်ဖြစ်စေ ရန်နှင့် အလားတူ မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးကိုလည်း မြန်မာ့ ပညာရေးစနစ်၏ အရင်းအမြစ်အဖြစ် အသုံးပြုနိုင်စေရန်၊ (၄) နိုင်ငံတော်တွင် အရည်အချင်း မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ် များနှင့် ဒေသအ လိုက်လိုအပ်သော လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှု များ တည်တံ့ခိုင်မြဲ တိုးတက်စေရန်ဟူ၍ ဖြစ်သည်။ နည်းပညာအသုံးပြုမှု ဆိုင်ရာကဏ္ဍအတွင်း ထားရှိ ခဲ့သောမျှော်မှန်းချက်မှာ ခေတ်နှင့်အညီပေါ်ထွန်းလာမည့် နည်းပညာများကို အချိန်နှင့် တစ်ပြေးညီအသုံးချ နိုင်ပြီး အမြဲရှင်သန်နေသော အသိဥာဏ်အမြော်အမြင်တို့ဖြင့် ပြည့်စုံသည့်ပညာရေး ပတ်ဝန်းကျင်ကို ဖန်တီးရန် ဖြစ်သည်။ သုတေသနလုပ်ငန်းဆိုင်ရာကဏ္ဍ၏မျှော်မှန်းချက်မှာ နိုင်ငံတကာ အဆင့်မီ သုတေသနလုပ်ငန်းများကို ပညာရေးကဏ္ဍတွင်သာမ က အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် နေသည့် နိုင်ငံတော် တည်ဆောက်ရေး အတွက် လိုအပ်သောအခြားသော ကဏ္ဍများတွင်လည်း ဆောင်ရွက် ရန်ဖြစ်သည်။ စဉ်ဆက် မပြတ် သင်ယူနေသော လူ့ဘောင်အဖွဲ့ အစည်းဆိုင်ရာကဏ္ဍတွင် မျှော်မှန်းချက် ၃ ရပ်ချမှတ်ခဲ့ပြီး ယင်းတို့မှာ (၁) လုပ်သားအင်အား တစ်ခုလုံးကို သင်ယူနေသော အင်အားအဖြစ် အသွင်ပြောင်းနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ရန်၊ (၂) မြန်မာ့လူ့ အဖွဲ့အစည်းကို ပညာလွှမ်းမိုးသော လူ့အဖွဲ့အစည်းအဖြစ် ဖြစ်ထွန်း လာစေရေးအတွက် ဆောင်ရွက်ရန်နှင့် (၃) မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းသည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေ သော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် ဖြစ်သည်။ ပညာရေး အဆင့်မြှင့်တင်မှုဆိုင်ရာကဏ္ဍတွင် မျှော်မှန်းချက် ၂ ရပ်ချမှတ်ခဲ့ပြီး ယင်းတို့မှာ (၁) တစ်မျိုးသားလုံး အသားတင်ထုတ်လုပ်မှုတန်ဖိုး မြင့်တက်မှုနှင့်အတူ ပညာရေး ကိုမြှင့်တင် နိုင်ရန် အားထုတ်သကဲ့သို့ ပုဂ္ဂလိကပိုင်းဆိုင်ရာ အရင်းအနှီးနှင့် ထည့်ဝင်မှုတို့ကိုလည်း စီစဉ်ရန်နှင့် (၂) မြန်မာနိုင်ငံ၏ ပညာရေးအဆင့်သည် နိုင်ငံတကာပညာရည်အဆင့်ဖြစ်စေရန်တို့ ဖြစ်သည်။ စကားလုံးများ ဖြင့်သာ တည်ဆောက်သော ပညာရေးမျိုးနှင့် လက်တွေ့ အကောင် အထည်မဖော်နိုင်သော ပညာရေးစနစ် မျိုး မဖြစ်စေရန် သေချာစွာ ကြပ်မတ်ထိန်းကျောင်းနိုင်မှု မရှိခြင်းသည် ပညာရေးစနစ်မအောင်မြင် ကျဆုံးခြင်းသာဖြစ်ပါသည်။ ပုဂ္ဂလိက ပညာရေးစနစ်ကို ပြည်သူများအတွက် တန်းတူညီမျှ မဖော်ဆောင် နိုင်ခြင်းသည်လည်း စီမံကွပ်ကဲမှု အားနည်းကြောင်း ထင်ရှားပေါ်လွင်စေခဲ့သည်။ ပညာရေးအခြေပြုပြီး ဘဝရပ်တည်မှု လမ်းကြောင်းပေါ်သို့ အချိုးညီညီ တက်လှမ်းနိုင်ရေး ပုံဖော်ဆောင်မှု မပြုနိုင်ခြင်းကလည်း စာရွက်ပေါ်က ပညာရေးစနစ်ကို ပြည်သူတို့အား အယုံအကြည်မဲ့စေခဲ့ပြန်ပါသည်။ ▄ ယခုဒီမိုကရေစီအစိုးရ ဖော်ဆောင်မည့် ပညာရေး ▄ အမျိုးသားရေး စံနှုန်းနှင့် အမျိုးသားရေးတန်ဖိုးထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာကဏ္ဍ၏ မျှော်မှန်းချက်မှာ မည်သို့ပင် ကမ္ဘာ့နိုင်ငံအများ ဆက်စပ် ယှက်နွယ်ဖြစ်ပေါ်ပြောင်းလဲလာသော်လည်း ပြည်ထောင်စုကို ချစ်မြတ်နိုးသော စိတ်ဓာတ်၊ အမျိုးသားရေးအကျိုး စီးပွား၊ အမျိုးသားရေးတန်ဖိုးနှင့် အမျိုးသားရေး စံနှုန်းများ လျော့ပါး ပျောက်ပျက်သွားခြင်းမရှိစေရန် ဖြစ်သည်။ မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ကျင့်သုံးသင့်သော ပညာရေးဆိုင်ရာ အရည်အသွေး စံချိန် စံညွှန်းများအား ဆန်းစစ်လေ့လာရာတွင် အတိတ် သမိုင်းကြောင်းအခြေအနေများ၊ ပစ္စုပ္ပန်အခြေအနေများနှင့် အနာဂတ်မျှော်မှန်း ချက်များကို သုံးသပ်ပြီး နိုင်ငံအတွက် ကျင့်သုံးသင့်သော ပညာရေးဆိုင်ရာ အရည်အသွေးနှင့် စံချိန်စံညွှန်များကို တင်ပြ မည်ဖြစ် သည်။ “ပြောင်းလဲချိန်တန်ပြီ” ဟူ၍ ကြွေးကြော်ပြီး လူထုထောက်ခံချက်အပြည့်အဝဖြင့် တက်လှမ်းလာ သော ဒီမိုကရေစီအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် အတွက် မြန်မာ့ပညာရေးလောကကို အရည် အသွေး အပြည့်ဖြင့် ပုံဖော်ပြောင်းလဲရမည်ဖြစ်သည်။ ထို့ပြင် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ၊ မိဘတို့ ပူးပေါင်းပါဝင်သည့် ကျောင်းပညာရေးစနစ်ကို ထိထိမိမိ ဖော်ဆောင်နိုင်ရေး စီမံမှု အသစ်များ ပြောင်းလဲမှုအသစ်များကို လက်ရှိ ဒီမိုကရေစီအစိုးရက မလွဲမသွေ လုပ်ဆောင်ရမည် အနေအ ထားဖြစ်သည်။ မြန်မာနိုင်ငံ အစိုးရအဆက်ဆက် ဖော်ဆောင် လုပ်ကိုင်ခဲ့သော ပညာရေးစနစ်များ၏ အားနည်းချက်၊ အားသာချက်များ ကို လေ့လာပြီး ပြုပြင် သင့်သည်များကို စနစ်တကျ ပြုပြင် တိုးချဲ့သင့်သည် များကို သွက်သွက် လက်လက် တိုးချဲ့ ပယ်ဖျက်သင့်သည်များကို ရဲရဲဝံ့ဝံ့ ပယ်ဖျက်ရေးသည် ဒီမိုကရေစီ အစိုးရသစ်အတွက် အဓိကစိန်ခေါ်မှုကြီး ဖြစ်နေပေသည်။ ထို့ကြောင့် မြန်မာ့ပညာရေးနှင့် တိုင်းပြည်၏ အနာဂတ်သည် နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာ ဖြစ်နေသည့် သဘောဖြစ်သဖြင့် ဒီမိုကရေစီအစိုးရ၏ ပြည်သူလူထုအပေါ်ထားရှိသော စေတနာနှင့် ပြည်သူလူထုကို မျက်နှာမူ လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲမှုများကို အများပြည်သူ က မျှော်လင့်ခြင်းကြီး မားစွာ စောင့်မျှော် နေပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

No comments: