Tuesday, April 19, 2016

အမှန်တရားဘက်တော်သား၊ ဒီမိုကရေစီအရေးတော်ပုံတပ်သားကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း(၂)နှစ်ပြည့်ဂုဏ်ပြုပွဲများ ကျင်းပမည်

အမှန်တရားဘက်တော်သား၊ ဒီမိုကရေစီအရေးတော်ပုံတပ်သားကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း(၂)နှစ်ပြည့်ဂုဏ်ပြုပွဲများ ကျင်းပမည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ဆုနှင်းလဲ့ မြန်မာ့ဒီမိုကရေစီဖော်ဆောင်ခဲ့ရာတွင် မကြောက်မရွံ့ အမှန်တရား၏ ဘက်တော်သား၊ ခံယူချက်ခိုင်မာစွာဖြင့် ဒီမိုကရေစီအရေးတော်ပုံ တပ်သားကြီး ဟု တင်စား ခေါ်ဝေါ်သည့် သတင်းစာဆရာကြီး ဟံသာဝတီ(ဦးဝင်းတင်) ကွယ်လွန်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ် အနေဖြင့် ဂုဏ်ပြုပွဲများ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဧပြီ ၂၁ ရက်တွင် သတင်းစာဆရာကြီး ဟံသာဝတီ(ဦးဝင်းတင်) ကွယ်လွန်သွားခဲ့သည်မှာ နှစ်နှစ် ပြည့်မြောက်ပြီဖြစ်ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်စီစဉ်၍ မိုးစေတနာလူမှုရေးအသင်းအပါအဝင် အသင်း အဖွဲ့များ၊ ပါတီများ၊ လူမျိုးဘာသာပေါင်းစုံ ပါဝင်ကာ အမှန်တရား ဘက်တော် သားကြီး အတွက် ဂုဏ်ပြု ပွဲအနေဖြင့် စာပေဟောပြောပွဲများ၊ ကဗျာရွတ် ဆိုပွဲများ၊ ပါဖောမင့်များ၊ ဂုဏ်ပြုသီချင်း သီဆိုခြင်းများအပါအဝင် ဂုဏ်ပြုပွဲကို ဧပြီ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်(ကံဘဲ့ဘူတာအနီး) (၁၂)ရပ်ကွက် ရှေ့သို့လမ်း လူငယ်အားကစားကွင်း၌ နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၁ နာရီထိ ကျင်းပသွားမည်ဟု သိရသည်။ ယင်းအပြင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဟံသာဝတီ (ဦးဝင်းတင်) ဖောင်ဒေးရှင်းအနေဖြင့်လည်း ဧပြီ ၂၁ ရက်တွင် တော်ဝင်နှင်းဆီ ခန်းမ၌ အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနား ကျင်းပသွားမည်ဟုသိရသည်။ ယင်း အပြင် ညနေပိုင်းတွင် ဟံသာဝတီ(ဦးဝင်းတင်) အုတ်ဂူသို့ သွားရောက် ဂါရဝပြုသွားမည်ဟု သိရသည်။ ဟံသာဝတီ(ဦးဝင်းတင်)သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင်ဖြစ်ပြီး ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းကို စတင်ထူထောင်ခဲ့သူဖြစ်သည်။ ၄င်း၏ ဘဝတစ် သက်တာတွင် ကိုယ်ကျိုးစွန့် အနစ်နာခံ ပေးဆပ်မှု များနှင့်အတူ မိမိ၏ ယုံကြည်ချက်ကို မည်သည့်အခါမျှ စွန့်လွှတ်ခြင်းမရှိဘဲ ဒီမိုကရေစီ အရေးအတွက် နောက်ဆုံး ထွက်သက်အထိ ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့သူဖြစ်ကာ မြန်မာ့နိုင်ငံရေး မီးရှူး တန်ဆောင် သံမဏိသူရဲကောင်းပင်ဖြစ်သည်။ သတင်းစာ ဆရာ၊ စာရေးဆရာပီပီ အမှန်တရားအတွက် ကြောက်ရွံ့ ခြင်းကင်းမဲ့စွာဖြင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ရာ သတင်းစာဆရာတို့အတွက် အတုယူလေးစားဖွယ်ရာ ပင်ဖြစ်သည်။ သေဆုံးသည်အထိ နာမည်ကောင်း၊ သမိုင်းကြောင်းကောင်းကို ရေးထိုးနိုင်ခဲ့သူဖြစ်ပြီး ပြည်သူ့ ဘက်တော် သားအဖြစ် ရဲဝံ့စွာဆောင်ရွက်ခဲ့သူအဖြစ် ဟံသာဝတီ(ဦးဝင်းတင်)အား ချီးကျူးဂုဏ်ပြုကြသည်။ ၂ဝ၁၄ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကွယ်လွန်အနိစ္စရောက်ရှိ ခဲ့သော သတင်းစာဆရာကြီးသည် မြန်မာ့နိုင်ငံရေးသမိုင်း၏ သမိုင်းဝင်ဖြစ်သော ပြည်သူလူထု တစ်ခဲနက်ပါဝင်ဆင်နွှဲခဲ့ သည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးကို မြင်တွေ့ လိုက်ခြင်းမရှိ သလို၊ ပြည်သူ လူထုရွေးချယ်ခဲ့သော ¤င်း ယုံကြည်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတစ်ရပ် တာဝန် ယူ ဆောင်ရွက်ခြင်း ကိုလည်း တွေ့မြင်သွားခြင်းမရှိခဲ့ပေ။ သို့သော် ဟံသာဝတီ (ဦးဝင်းတင်)၏ မကြောက်မရွံ့ အမှန်တရား အတွက် ရပ်တည်လာခဲ့ခြင်း တွန်းအားများနှင့်အတူ ပြည်သူ့ ဆန္ဒအကောင်အထည်ဖော်ခွင့်ရခဲ့သည့်အတွက် လာမည့် ဧပြီ ၂၁ ရက်တွင် ကျရောက်မည့် ¤င်းကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုပွဲကြီးတစ်ရပ်ကို ကျင်းပ သွားရန် စီစဉ်နေကြောင်း သိရသည်။ ဟံသာဝတီဦးဝင်းတင်အား အဘ ဦးပု၊ အမိ ဒေါ်အမာ တို့မှ ၁၉၃ဝ ပြည့် မတ်လ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် တွင် မွေးဖွား ခဲ့သည်။ မွေးချင်း သုံးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ၁၉၅၃ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းများ၌ ''ဝင်းတင်'' ကလောင် အမည်ဖြင့် စတင်ရေးသားခဲ့သည်။ သံတော်ဆင့်သတင်းစာ မှ ထုတ်ဝေသည့် အကျိုးဆောင်ဂျာနယ်တွင် လက်ထောက် အယ်ဒီတာအဖြစ် စတင်လုပ် ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဂန္ထဝင်ဂျာနယ်လက်ထောက် အယ်ဒီတာနှင့် AFP သတင်း ဌာနတွင် ညအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၅ဝ မှ ၁၉၅၄ အထိ စာပေဗိမာန်မဂ္ဂဇင်းတွင် လက်ထောက် အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၄ မှ ၁၉၅၇ အထိ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့ ဂျန်ဘာတန် စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာကို ဆည်းပူးခဲ့သည်။ မြန်မာ ဘာသာပြန် စာအုပ်များ ထုတ်ဝေရေး အကြံပေး အယ်ဒီတာအဖြစ် လုပ်ကိုင် ခဲ့ပြီး ဒို့ပြည်သတင်းစာကို ထုတ်ဝေခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ကြေးမုံ သတင်းစာကို အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၇ တွင် ပြည်သူ့ အိုးဝေသတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၅၉ မှ ၁၉၆၄ အထိ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆ဝ တွင် ကြေးမုံသတင်းစာ အယ်ဒီတာအဖြစ် ထပ်မံတာဝန်ယူခဲ့သည်။ ၁၉၆၈ မှ ၁၉၇၈ အထိ မန္တလေး မြို့ထုတ် ဟံသာဝတီသတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ ဟံသာဝတီ ဦးဝင်းတင်ဟူသော အမည်နာမကို ရရှိခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများကို လူထုဦးလှ၊ လူထု ဒေါ်အမာတို့နှင့် ဆောင်ရွက်ခဲ့ပြီး သတင်းစာသမိုင်း ပြုစုရန် ဆရာကြီးရွှေ ဥဒေါင်း၊ ဦးထင်ကြီး၊ လူထုဦးလှတို့နှင့် အားထုတ်ကြိုးပမ်းခဲ့သည်။ ၁၉၇၇-၁၉၇၈ မန္တလေးမြို့ ဟံသာဝတီ စနေစာပေဝိုင်းကို ဦးဆောင်ကာ စာတမ်းဖတ် ပွဲများ ပြုလုပ်ခဲ့ပြီး ၁၉၇၈ တွင် ထိုစာပေဝိုင်းမှ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီအား ဝေဖန်သည့် စာတမ်းတစ်စောင် တင်သွင်းခဲ့သဖြင့် အာဏာပိုင်များက ဟံသာဝတီသတင်းစာ ကို ပိတ်ပစ်ကာ ဦးဝင်းတင်သည် ရာထူးမှထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် စာပေနှင့် အနု ပညာရှင်များ သမဂ္ဂကို ဖွဲ့စည်းပြီး တစ်ပါတီအာဏာရှင် စနစ်ကို ဆန့်ကျင်ရေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့၊ စာနယ်ဇင်းသမဂ္ဂတွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့၊ ၃ဝ-၈-၁၉၈၈ တွင် ဆန္ဒဖော်သံသတင်းစာကို ကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းသည့်အခါ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၉ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ အစိုးရကိုဆန့်ကျင်ရာတွင် သုံးစွဲခဲ့သည့် ''အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန် ကြဟူသော''ဆောင်ပုဒ်ကို ရေးသားထားခဲ့ပြီး အာဏာရှင် စနစ်ကို ဆန့် ကျင်ခဲ့သည်။ ၄-၇-၁၉၈၉ တွင် ဖမ်းဆီးခံရပြီး အင်းစိန် အကျဉ်းထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရသည်။ ၁၉၉၂ ခုနှစ် ဇွန်လတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများပြည်သူ ဆူပူအုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင်အားပေးခဲ့ သည်ဟု စွပ်စွဲကာ ထောင်ဒဏ် ၁၁ နှစ် ထပ်မံချမှတ်ခံခဲ့ ရသည်။ ၁၉၉ဝ တွင် အင်းစိန်ထောင်အတွင်း အစာငတ်ခံ တိုက်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့သည်။ အပတ်စဉ် မှတ်တမ်းလွှာ တစ်ခုကို တိုက်အတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် Su-SLORC Dialogue Policy ကို ထောင်တွင်း၌ ပင် ရေးသား ထုတ်ဝေခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် Appeal To The World (ကမ္ဘာသို့ပန်ကြားချက်) ကို ရေးသားခဲ့သဖြင့် ၁၉၉၅ တွင် ထောင်ဒဏ် ၅ နှစ်တိုးကာ ချမှတ်ခံခဲ့ရသည်။ ချွေးတိုက်သို့ အပို့ခံရသည့်အပြင် ရိုက်နှက်ညှဉ်းပန်းခြင်းကို ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ၈၃ မျက်နှာ ပါထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်ထံ လိပ်မူ၍ လျှို့ဝှက်ရေး သားပေးပို့ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ်တွင် ထပ်တိုးထောင်ဒဏ် (၇)နှစ် ချမှတ်ခံရပြန် သည်။ ၂၃-၉-၂ဝဝ၈ ခုနှစ်(ထောင်တွင်း၌ ၁၉ နှစ်ကျော် နေခဲ့ရပြီး)တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၂ဝ၁၁ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန် လည်ထူထောင် ရာတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဒီလှိုင်းစာစောင်အား ဦးဆောင်ဦးရွက်ပြုထုတ်ဝေကာ အာဏာရှင် ဆန့်ကျင်ဝေ ဖန်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေး ဆောင်းပါးများ အဆက်မပြတ်ရေးသားခဲ့သည်။ ၂ဝ၁၂ နှစ်ဦးပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးရန် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကို ထူထောင်ခဲ့ပြီး နှစ်လ တစ်ကြိမ် ထောက် ပံ့ငွေများ ပေးအပ် ကူညီ ပံ့ပိုးခဲ့သည်။ နိုင်ငံရေး အကျဉ်းသား များ၏ မိသားစု စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေးတို့ အတွက် စေတနာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ထပ်မံတိုးချဲ့ ပံ့ပိုးပေးခဲ့ သည်။ အာဏာရှင်ကို ထာဝရဆန့်ကျင်သူ၊ လူ့အခွင့် အရေးနှင့် ဒီမိုကရေစီအတွက် စွန့်လွှတ်ပေးဆပ် တိုက်ပွဲ ဝင်သူ၊ တော်လှန်ရေးစာပေသမားကြီး ဟံသာဝတီ ဦးဝင်းတင် သည် အသက် ၈၅ နှစ်အရွယ် ၂၁-၄-၂ဝ၁၄(တနင်္လာနေ့) နံနက် ၆း၃ဝ နာရီတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန် အနိစ္စရောက်ခဲ့သည်။ ကလောင်အမည်များမှာ မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းတင်၊ ပုည၊ သုတေသီ၊ အယ်ဒီတာ တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးနှင့် စာနယ်ဇင်း ဆိုင်ရာ နိုင်ငံတကာဆုများစွာရရှိခဲ့ကာ ပြင်သစ်နိုင်ငံရှိ လမ်း တစ်လမ်းကို ဝင်းတင်လမ်းဟု ဂုဏ်ပြုအမည်ပေးခြင်းခံခဲ့ ရသည်။

No comments: