Wednesday, February 17, 2016

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီဦးရေအား သေချာမစစ်ဆေးပါက နိုင်ငံတကာ၏ ဖိအားနှင့်အတူ နိုင်ငံသားအဖြစ် လက်ခံရမည့် အခြေနေသို့ ရောက်သွားနိုင်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဆို

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီဦးရေအား သေချာမစစ်ဆေးပါက နိုင်ငံတကာ၏ ဖိအားနှင့်အတူ နိုင်ငံသားအဖြစ် လက်ခံရမည့် အခြေနေသို့ ရောက်သွားနိုင်ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဆို Wednesday, February 17, 2016 ရခိုင်ပြည်နယ်တွင် ရောက်ရှိနေသော ဘင်္ဂါလီ အရေအတွက်မှာ တစ်စထက်တစ်စ တိုးပွားလာနေပြီး နိုင်ငံတော်အစိုးရ အနေဖြင့် သေချာစွာ မစစ်ဆေးနိုင်ပါက ပြဿနာများ ပိုမိုကြီးထွားလာကာ နိုင်ငံတကာ၏ ဖိအားနှင့်အတူ မိမိနိုင်ငံသားများအဖြစ် မလွှဲမရှောင်သာ လက်ခံသွားရမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Tomorrow သို့ ပြောကြားခဲ့သည်။ “ရခိုင်ပြည်နယ်မှာ အရင်ကတည်းက ဘင်္ဂါလီဦးရေ တစ်သောင်းလောက် ရှိနေတယ်။ နောက်ပိုင်းမှာ ခိုးဝင်လာတာနဲ့ တိုးလာတာအရ နှစ်သန်းလောက် ရှိလာနိုင်တယ်။ အဲဒါဆိုရင် ရခိုင်မှာ ဘင်္ဂါလီဦးရေက ရခိုင်ဦးရေထက် ကျော်သွားပြီ။ ဒီတိုင်းပဲ ဆက်သွားမယ်ဆိုရင် ပြဿနာက ပိုကြီးလာပြီး မလွှဲမရှောင်သာ လက်ခံလိုက်ရရင် မကောင်းဘူး။ ဒီကိစ္စက နိုင်ငံတော်ရဲ့ တော်တော့်ကို အားနည်းနေတဲ့ အချက်တစ်ခုပါပဲ”ဟု ဦးဖေသန်းက ထောက်ပြပြောကြားသည်။ ယင်းသို့ နိုင်ငံတော် အစိုးရ အနေဖြင့် ဘင်္ဂါလီဒုက္ခသည် စခန်းများအား ၀င်ရောက်စစ်ဆေးရန်မှာ လွန်စွာခက်ခဲသော အခြေအနေဖြစ်နေပြီး လုံခြုံရေးများသာ ချထားနိုင်ကာ ဒုက္ခသည်စခန်းများ အတွင်းသို့ပင် ၀င်ရောက်ရဲခြင်း မရှိကြောင်း ဦးဖေသန်းက ဆက်လက်ပြောသည်။ “ဘင်္ဂါလီတွေ အနေနဲ့ အမြဲတမ်း အ၀င်အထွက်ရှိပေမယ့် နိုင်ငံတော် အစိုးရအနေနဲ့ ဒုက္ခသည် စခန်းတွေကို ၀င်ရောက်ရဲတာ မဟုတ်ဘူး။ လုံခြုံရေးပဲချထားတာ။ ပင်လယ်ပြင်မှာ ဘင်္ဂါလီလှေတွေ အများကြီး ရှိနေတာကို ဒီအစိုးရက စစ်နိုင်တာမဟုတ်ဘူး။ စခန်းတွေထဲဝင်ဖို့ကို တွန့်ဆုတ်နေတယ်။ အဲဒါကလည်း ပြဿနာတွေ ဖြစ်မှာစိုးလို့ ၀င်မစစ်ရဲတာ။ ဘူးသီးတောင် မောင်တောတို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကိုဆိုရင် လက်ပိုက်ပဲကြည့်နေနိုင်တယ်”ဟု ဦးဖေသန်းက ဆိုသည်။ ထို့ပြင် ၀င်ရောက်စစ်ဆေးရန်ထက် ကျန်းမာရေးအရ စောင့်ရှောက်မှုများ ပြုလုပ်ရန်ပင် လုံခြုံရေးများဖြင့် သွားရောက်ရခြင်းမျိုး ရှိနေသေးသည်ဟု ရခိုင်ဒေသခံ ဦးသန်းထွန်းသန်း၏ ပြောကြားချက်အရ သိရသည်။ “သူတို့နိုင်ငံဘက်ကို ကူးသွားတယ်ဆိုတာ ပြောင်းပြန်ဖြစ်နေတယ်။ ကျွန်တော်တို့ နိုင်ငံဘက်ကို ခိုးဝင်လာတာချည်းပဲ။ လက်ရှိမှာ ဘင်္ဂါလီဦးရေ တစ်သန်းကျော်ရှိတယ်။ အဲဒီတစ်သန်းထဲမှာလည်း ယာယီသက်သေခံ ကတ်ရှိတဲ့သူကလည်း အနည်းအကျဉ်းပါပဲ။ သူတို့ရဲ့ ပင်ရင်းဒေသက ဘင်္ဂလားဒေ့ရှ်ပါပဲ”ဟု ဦးသန်းထွန်းသန်းက ဆိုသည်။ မကြာသေးမီအချိန်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၄င်းတို့နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ ရောက်ရှိနေသော ရိုဟင်ဂျာ မွတ်စလင် အရေအတွက်ကို ကွင်းဆင်းစစ်ဆေးနေပြီ ဖြစ်ကြောင်းသိရပြီး ဒုက္ခသည်စခန်း နှစ်ခုတွင် မြန်မာနိုင်ငံဘက်မှ ရောက်ရှိနေသော ရိုဟင်ဂျာ အရေအတွက်မှာ သုံးသိန်းမှ ငါးသိန်းကြား ရှိနေသည်ဟု ပြောကြားမှုများရှိနေသည်။ ယင်းကဲ့သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်ဆေးနေမှုများ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း နိုင်ငံတကာအား သက်သေပြနိုင်ရန်အတွက် ၄င်းတို့ လူဦးရေကို စစ်ဆေးသင့်သည့် အခြေအနေတွင် ရှိနေပြီဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ “သူတို့နိုင်ငံက စစ်ဆေးနေပြီ ဖြစ်ပေမယ့် ကျွန်တော်တို့နိုင်ငံက စစ်ဆးနိုင်တဲ့ အနေအထားမျိုး မရှိသေးဘူး။ သူတို့ဘက်က သူတို့လုံခြုံအောင် သူတို့စည်း သူတို့ကာနေတဲ့ အချိန်မှာ ကျွန်တော်တို့ နိုင်ငံကလည်း ကျွန်တော်တို့စည်း ကျွန်တော်တို့ ကာသင့်ပါတယ်။ လက်ရှိမှာ ဘင်္ဂါလီတွေကို စစ်ဆေးဖို့အတွက် စီစဉ်ထားပေမယ့် သူတို့က ရိုဟင်ဂျာနာမည်နဲ့ မဟုတ်ရင် အစစ်ဆေးမခံဘူး။ ဒါကြောင့် သူတို့လျှောက်မှ လက်ခံမယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် စစ်သင့်နေပါပြီ။ မဟုတ်ရင် လာသမျှလူတွေကို အကုန်လက်ခံရတော့မယ်”ဟု ရခိုင်ဒေသခံ တစ်ဦးက ဆိုသည်။ လက်ရှိအချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂနှင့် INGOs အစရှိသော အဖွဲ့အစည်းများမှလည်း ဖိအားပေးမှု များစွာရှိနေ၍ နိုင်ငံတော် အစိုးရအနေဖြင့် မိမိတို့ အချုပ်အခြာအာဏာ ရှိသည့်အလျောက် လက်မရှောင်နေဘဲ ရဲရဲတင်းတင်း လုပ်ဆောင်ရန်လိုအပ်နေကြောင်း နိုင်ငံရေးသမား အချို့ကလည်း တိုက်တွန်းပြောဆိုမှုများ ပြုလုပ်ထားသည်။ လျှမ်းလူ Tomorrow

No comments: