Monday, February 8, 2016

တစ်ချို့တောရွာလေးတွေ တော်တော်ချို့တဲ့တယ် ... ဘုရားဆင်းတုတောင် ပူဇော်စရာမရှိလို့ ဂျာနယ် မဂ္ဂဇင်းတွေထဲက ဘုရားပုံတော်လေးတွေကို ဖြတ်ညှပ်ပြီး ပူဇော်ကိုးကွယ်ကြသတဲ့ ...

တစ်ချို့တောရွာလေးတွေ တော်တော်ချို့တဲ့တယ် ...
ဘုရားဆင်းတုတောင် ပူဇော်စရာမရှိလို့
ဂျာနယ် မဂ္ဂဇင်းတွေထဲက ဘုရားပုံတော်လေးတွေကို
ဖြတ်ညှပ်ပြီး ပူဇော်ကိုးကွယ်ကြသတဲ့ ...

ဒီလိုကြားဖူးထားတော့ အမျိုးတစ်ယောက်က
ဘုရား(ကြေး)ဆင်းတု ၁၀၀ ကို
နတ်မောက်ဘက်က ရွာလေးတစ်ရွာကို သွားလှူတယ် ...
ရွာက လူဦးရေများတော့ အိမ်တိုင်းစေ့မပေးနိုင်ဘူး ...
မလှူနိုင်ဘူး ... ဒီတော့ အိမ်ခြေတစ်ရာကို မဲနှိုက်ပေးတယ် ...

အဲ့လိုနှိုက်တော့ တစ်ချို့က အဓိဋ္ဌာန်တယ် တဲ့
ဘုရားဆင်းတုကံစမ်းမဲပေါက်ရင် အရက်ဖြတ်ပါ့မယ် လို့ ...
ပေါက်တော့ တကယ်ပြတ်သွားသတဲ့ဗျ ...
တစ်ချို့မဲမပေါက်တဲ့
အမျိုးသမီးကြီးတွေကလည်း ငိုကြ ယိုကြ တဲ့ ...

ဘုရားတွေကို အဲ့ဒီရွာက ဘုန်းကြီးကျောင်းဝင်းထဲက
ဓမ္မာရုံလို ကျောင်းဆောင်ကြီးထဲမှာ အပူဇော်ခံထားတယ် ...
မနက်ကျတော့ မဲပေါက်တဲ့လူတွေကို
ကုသိုလ်ရှင်တွေက တစ်ယောက်ချင်း လှူလိုက်တယ် ...
သူတို့ကလည်း တဘက်အသစ်ကလေးတွေနဲ့
ရိုရိုသေသေလက်ခံကြတယ် ...
ကြည်နုးစရာကောင်းတယ် ...

အဲ့ဒီထက်ပိုကြည်နူးစရာကောင်းတာက
ဘုန်းကြီးက ဆင်းတုမဲပေါက်တဲ့သူတွေကို
ကိုယ့်ဆင်းတု ကိုယ်လက်ခံပြီးတာနဲ့ မပြန်ရဘူး ...
ဘုန်းကြီးကျောင်းထဲမှာပဲ စောင့်ခိုင်းထားတယ် ...
အားလုံးပြီးပြီဆိုမှ စနစ်တကျတန်းစီ
ရှေ့ဆုံးက သာသနာ့အလံလွှင့် ...
အဲ့ဒီနောက်ကမှ ကြေးစည်ထု
ကြေးစည်နောက်ကမှ ...
ခုနဆင်းတုမဲပေါက်တဲ့လူတွေက တန်းစီပြီးလိုက်တယ် ...

ရိုးရိုးလိုက်တာမဟုတ်ဘူး ...
ပေါက်တဲ့လူတွေက ဆင်းတုတွေကို
ပုဝါဖြူ တဘက်ဖြူအစရှိသည်တို့နဲ့ ပင့်ဆောင်သလို
ဘေးက တစ်ယောက်က ငွေဖလားထဲမှာ
ပေါက်ပေါက်တွေထည့်ပြီး ကြဲပက်ပြီး
ဖြည်းဖြည်းနဲ့ ရွာကိုလှည့်တယ် ...
ယောကျာ်းက ပင့်ရင် မိန်းမက ဘေးက ငွေဖလားနဲ့ ...
တစ်ချို့လည်း သားကပင့်ရင် ဘေးက အမေလိုက် ...
အစ်ကိုပင့်ရင် ညီမက လိုက် ...

အဲ့ဒီတဖြည်းဖြည်းပင့်လာတဲ့လူတန်းကြီးကို
တွေ့တဲ့လူတိုင်းကလည်း
ခြေကျင်းဝတ်မြှုပ်လောက်အောင်ထူတဲ့ဖုန်တောထဲမှာ
ဘာအခင်း ဘာမှ မပါဘဲ ထိုင်တဲ့ပြီး
ပုဆစ်တုပ်ဦးချတော့တာပဲ ...
တကယ့်သဘောကျ ကြည်နူးစရာဗျာ ...

မနက်ဖြန်လည်း ဆင်းတု ၁၀၀ သွား မဲဖောက်ဦးမတဲ့ ...
အလှူရှင်တွေက ဘယ်သူ့မှ အလှူမခံပေမဲ့
လူရင်းတွေက ဇွတ်လှူကြတော့
သူတို့တောင် အဆူ ၃၀ လောက်ပဲ ရတော့တယ် ...

ကျွန်တော်တို့လည်း လှူချင်လို့ ၅ ဆူလောက်တောင်းပေမဲ့
အမျိုးအရင်းကြီးတွေဆိုတော့ မပေးတော့ဘူး ...
နောက်မှ လှူတော့ တဲ့ ...
မနက်ဖြန် နတ်မောက်ဘက် သွားလှူကြပါမယ် ...

( Credit - Than Htut )

No comments: