Tuesday, February 2, 2016

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမည့် သတင်းကြောင့် ဈေးလျှော့ရောင်းနေ --------- --------

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမည့် သတင်းကြောင့် ဈေးလျှော့ရောင်းနေ --------- -------- --------- ကရင်ပြည်နယ် ဘားအံ ကားဈေးကွက်တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမည့် သတင်းကြောင့် အရောင်းအဝယ် အေးနေပြီး အချို့လိုင်စင်မဲ့ ကားများကို ဈေးလျှော့ ချရောင်းနေကြကြောင်း ဘားအံမြို့ရှိ လိုင်စင်မဲ့ မော်တော်ယာဉ် အရောင်းအဝယ် လုပ်ကိုင်နေသူများထံမှ သိရှိရသည်။ ပြည်နယ်အတွင်းမှ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ဖမ်းဆီးမည်ဟု ပြည်နယ် အစိုးရမှ ဇန်နဝါရီလကုန်ပိုင်းက အတည်ပြုထားသည့် အတွက် လိုင်စင်မဲ့ ယာဉ်များ သာမက တရားဝင် လိုင်စင်ရှိသည့် မော်တော်ယာဉ်များပါ အရောင်းအဝယ် အေးနေကြောင်း သိရသည်။ “ကားဈေး အပြောင်းအလဲ ရှိမလား။ ကျွန်တော်လည်း ကြည့်နေတာဗျ။ အရောင်းအဝယ်တွေ အေးသွားတာပဲ တွေ့ရတယ်။ တချို့ရောင်းချင်တဲ့သူ၊ အစိုးရိမ်လွန်တဲ့ သူပေါ့ဗျာ။ MARK-II ကျပ် ၂၂ သိန်းလောက်ကနေ ကျပ် ၁၇ သိန်း၊ ကျပ် ၁၈ သိန်းလောက်နဲ့ လွှတ်လိုက်တာမျိုးလည်း ရှိတယ်။ ဒါက ရောင်းချင်သူနဲ့တွေ့မှ ဖြစ်တာ။ Showroom မှာ ဝယ်သလို ဝယ်လို့ရတာတော့ မဟုတ်ဘူး” ဟု ဘားအံမြို့မှ ကားဈေးကွက် စောင့်ကြည့် လေ့လာနေသူ ကိုစိုးစိုးက ပြောသည်။ ဘားအံ ကားဈေးကွက်တွင် အရောင်းအဝယ် အနည်းငယ်ရှိသည့် MARK-II၊ Honda Fit၊ Cadina(စက်ရုပ်)နှင့် Probox တချို့တွင် ယခင်က ကျပ် ၂၂ သိန်း ပေါက်ဈေးရှိခဲ့သည့် MARK-II မှာ လက်ရှိတွင် ကျပ် ၁၈ သိန်းခန့်သာ ရှိပြီး ၁၅ သိန်း ဝန်းကျင်ရှိခဲ့သည့် Honda Fit မှာ ရှစ်သိန်း ဝန်းကျင်အထိ ဈေးလျှော့ ရောင်းချမှုများ ရှိနေကြောင်း သိရသည်။ “အဖမ်းအဆီးတွေ လုပ်မယ်ဆိုတော့ လိုင်စင်မဲ့ မော်တော်ယာဉ် အရောင်းအဝယ်က အရင်ကထက် ပိုအေးစက် သွားတယ်။ ဝယ်တဲ့သူ မရှိသလို ရောင်းတဲ့သူတွေကလည်း ငြိမ်နေတယ်ဗျ။ ရှိတဲ့ အိမ်သုံးကားတွေကိုလည်း မြို့ပြင်က နီးစပ်ရာဘုန်းကြီးကျောင်းတို့၊ နယ်ဘက် ရွာဘက်က အသိမိတ်ဆွေတို့ အဲဒီလိုနေရာတွေမှာ သွားပို့ထား ကြပြီလေ။ အစိုးရက ပြောပြီးသားလေ လမ်းပေါ်တက်လာမှ၊ ဖြတ်သန်းမောင်းနှင်မှ အရေးယူမယ်ဆိုတာ။ အဲဒီတော့ ကားတွေ ခေါက်သိမ်း ကြတာပေါ့ဗျာ” ဟု အောင်နန်းဈေး အနီးတွင် ကားအရောင်းအဝယ် လုပ်ကိုင်နေသူ ဦးစိန်ထွန်းထွန်းက ပြောသည်။ ဘားအံမြို့ပေါ်ရှိ တစ်ခုတည်းသော တရားဝင် မော်တော်ယာဉ် အရောင်းပြခန်းတွင်လည်း လိုင်စင်ဖြင့် တရားဝင် ရောင်းချနေသည့် Probox မော်တော်ယာဉ်များမှာလည်း အရောင်းအဝယ် အေးလျက်ရှိကြောင်း အဆိုပါ အရောင်းပြခန်းမှ သိရသည်။ “ကျွန်တော်တို့ ဒီ Showroom မှာက Probox တက္ကစီတွေပဲ ရောင်းတာပါ။ လိုင်စင်မဲ့ကားတွေ အဖမ်းအဆီး ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ အရောင်းပြခန်းမှာတော့ ဘာမှ ထူးခြားမလာပါဘူး။ လိုင်စင်မဲ့တွေ ဖမ်းမယ်ဆို ပြီး ဒီဘက်ကို ဝယ်လက်တွေ လှည့်လာတာမျိုးတော့ မတွေ့သေးပါဘူး။ ဒီမှာရောင်းနေတဲ့ Probox တွေက သိန်းကိုးဆယ် ကျော်ပါပဲ။ စောစောကလည်း ဒီဈေးပါပဲ” ဟု အရောင်းပြခန်း တာဝန်ခံက ပြောသည်။ ကရင်ပြည်နယ် ဘားအံမြို့ပေါ်၌ တရားဝင် လိုင်စင် မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ အရောင်းအဝယ် အေးနေသော်လည်း မြဝတီမြို့တွင် အရောင်းအဝယ်များ ရှိနေဆဲဖြစ်ကာ ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်များကို မဲဆောက်ဘက် အခြမ်းတွင် စိတ်ကြိုက် သွားရောက် ဝယ်ယူလျက်ရှိနေပြီး မဲဆောက်မှ မြဝတီ ဘက်ခြမ်းသို့ သောင်းရင်းမြစ်ကို ဖြတ်ကာ ပို့ဆောင် ပေးနေသည်များလည်း ရှိကြောင်း မြဝတီ ကားဈေးကွက်မှ ကားအရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။ သတင်း - MMK The Ladies News Journal

No comments: