အယ်လ်နီညို နဲ့ ကျွန်တော်
ကျွန်တော့ပထမဆုံးဆောင်းပါးဟာ ၁၉၈၁ ခုနှစ်ကရေးခဲ့တဲ့ အယ်လ်နီညို အကြောင်းပါ။
၁၇-၂-၂၀၁၆
နံနက်(၉း၂၆)နာရီ
၁၉၈၁ ခုနှစ်၊ဧပြီလက ဌာနမှာ ၁၉၈၁ ခုနှစ်အတွက် ရက်ရှည်မိုးလေ၀သခန့်မှန်းချက်ထုတ်ဖို့ ဆွေးနွေးကြတော့ အရာရှိငယ်(ဦးစီးမှူး)သာဖြစ်တဲ့ ကျွန်တော်က" ဒီနှစ်ဟာ အယ်လ်နီညိုဖြစ်မယ်လို့ခန့်မျန်းထားပါတယ်၊ အယ်လ်နီညိုဖြစ်ရင် ပူပြင်းခြောက်သွေ့တတ်ပြီး မုတ်သုံဝင်တာလည်းနောက်ကျတတ်ပါတယ် "လို့ ၀င်ရောက်ဆွေးနွေးတော့ လူကြီးက "ဘာလည်းကွ..အယ်လ်နီညို ဆိုတာ" ဆိုပြီး ပြန်မေးပါတယ်။ ကျွန်တော်က "အယ်လ်နီညိုဆိုတာ တောင်အမေရိကတိုက်ရဲ့အနောက်ဖက်ကမ်းခြေကို ခရစ်စမတ်ကာလလောက်မှာ ရောက်လာတတ်တဲ့ ရေနွေးစီးကြောင်းတွေကို ခေါ်တာပါ "လို့ရင်းပြလိုက်ရော လူကြီးက "မင်းဟာက ညောင်ဥိးကကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုရ်က နွားမ ပေါင်ကျိုးရတဲ့ကိန်းလိုဖြစ်နေပါပြီကွာ" လို့ပြောတဲ့ပြီး ကျွန်တော့တင်ပြချက်ကို ဘယ်သူကမှ အလေးအနက်မယူခဲ့ကြပါဘူး။
အဲဒီတုန်းက ကျွန်တော်ဟာ အဲဒီ ညောင်ဥိးကကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုရ်က နွားမ ပေါင်ကျိုးရတဲ့ကိစ္စကိုရှင်းမပြတတ်ခဲ့ဘူးဗျ။
အဲဒီဖြစ်ရပ်လေးကြောင့် ကျွန်တော်ဟာ ကျွန်တော့ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ်ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်။ အယ်လ်နီညို(သို့မဟုတ်) အသစ်တိုးလာတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဆိုပြီး လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ၁၉၈၁ ခုနှစ်၊ ဇွန်လက ဖေါ်ပြဖြစ်ခဲ့ပါတယ်။ အဲဒီဆောင်းပါးကို အဲဒီတုန်းက အကြံပေးပုဂ်ဂိုလ်လုပ်နေတဲ့ ဆရာကြီးဦးလှက မိုးလေ၀သနယ်စခန်းတွေကို ဖြန့်ဝေဖို့အကြုံပြုခဲ့လို့ ဖြန့်ဝေခဲ့ရတာကြောင့် ပေါက်ဆောင်းပါးတစ်ပုဒ်လည်းဖြစ်ခဲ့ပါတယ်။
နောက်တော့ ၁၉၈၁-၈၂ မှာ အလွန်အားကောင်းတဲ့အယ်လ်နီညိုနှစ်ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအနှံ့ ရာသီဥတုတွေ ပူပြင်းခြောက်သွေ့ပြီး ထိခိုက်မှုတွေများခဲ့ရပါတယ်။
အခုတော့ ကျွန်တော် ညောင်ဥိးကကမ်းပါးပြိုတာနဲ့ စမ္ပါနဂိုရ်က နွားမ ပေါင်ကျိုးရတဲ့ကိစ္စကို ရှင်းပြတတ်ပါပြီ။
၁၉၈၁-၈၂ အယ်လ်နီညိုကြောင့် မိုးလေ၀သခန့်မှန်းရေးမှာ ဘာသာရပ်(၂)ခုတိုးပွားလာခဲ့ရပါတယ်။
(၁) Air-Sea Interaction (ပင်လယ် နဲကလေ ထု အပြန်အလှန်အကျိုးသက်ရောက်မှု)
(၂) Teloeconnecdtion (တာဝေးဆက်နွယ်မှု)
စတာတွေဖြစ်ပါတယ်။
အယ်လ်နီညိုဟာ ကျွန်တော့ဘ၀အတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။
ဒေါက်တာထွန်းလွင်
No comments:
Post a Comment