Tuesday, February 9, 2016

လှိုင်သာယာ စက်မှုဇုန်(၂)တွင် မြေမြုပ်ထားသည့် ဆေးဝါးအမြောက်အမြားတွေ့

လှိုင်သာယာ စက်မှုဇုန်(၂)တွင် မြေမြုပ်ထားသည့် ဆေးဝါးအမြောက်အမြားတွေ့ -------------------------------------------------- ရန်ကုန်၊ ဖေဖော်ဝါရီ ၈ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ကနောင်မင်းသားကြီးလမ်းရှိ မြေကွက်လပ်တစ်ခုတွင် ဖေဖော်ဝါရီလ ၇ရက် ညနေ ၆နာရီခွဲက အထည်ချုပ် စက်ရုံဆောက်လုပ်ရန် မြေတူးစက်ဖြင့် မြေကြီးတူးဖော်စဉ် ပေပါခြောက်လုံးဖြင့် သိမ်းဆည်းထားသော ဆေးဝါးအမြောက်အမြားကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။ အဆိုပါ သံပေပါများထဲမှ သက်တမ်း လွန်နေသော ငှက်ဖျားဆေး(Artemeter)၊ HIV ဝေဒနာရှင်များ အားပေးသော ဆေး(Nevire Pine Tablets)၊ အနာလိမ်းဆေး(Hydro Pine Tablets)၊ ပိုးမွေးပုလင်း (Conlifori Bactera)တို့အပါအဝင် ဆေးအမျိုးပေါင်း ၃ဝ ခန့် ကို တွေ့ရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး သန်းမြင့်ဦးက ပြောကြားသည်။ ယင်းဆေးဝါးများ တွေ့ရှိခဲ့သည့် မြေနေရာမှာ ၂ဝ၁၃ ခုနှစ်က Save The Children အဖွဲ့မှ ငှားရမ်းခဲ့ပြီး သက်တမ်းလွန်သည့် ဆေးဝါးအမျိုးပေါင်း ၃ဝခန့်ကို သံပေပါ ခြောက်လုံးထဲထည့်ကာ ကွန်ကရစ်အလုံပိတ်၍ မြေမြုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမြေကွက်လပ်ကို ၂ဝ၁၄ ခုနှစ်တွင် မြန်မာလုံရှန်းဖက်ရှင်ကုမ္ပဏီမှ ထပ်မံငှားရမ်းကာ အထည်ချုပ်စက်ရုံတည်ဆောက်ရန် မြေတူးစက်များဖြင့် မြေကြီးများ တူးဖော်ခဲ့စဉ် ယင်းဆေးဝါးများကို တွေ့ရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ် ကျန်းမာရေးအဖွဲ့ထံမှ သိရှိရသည်။ “သက်တမ်းလွန် ဆေးဝါးတွေကို စွန့်ပစ်ဖျက်ဆီးရမယ့် နေရာ မသတ်မှတ်ထားတာကြောင့ှ်Save The Children အဖွဲ့က ငှားထားတဲ့ မြေကွက်လပ်မှာ မြေမြုပ်စွန့်ပစ်ခဲ့တယ်။ စွန့်ပစ်ထားတဲ့ဆေးဝါးတွေ ဖျက်ဆီးဖို့ စက်ရုံပိုင်ရှင်နဲ့ Save The Children အဖွဲ့တို့ ဖေဖော်ဝါရီလ ၈ရက်နေ့က ညှိနှိုင်းနေပေမယ့် ဘယ်နေရာမှာ စွန့်ပစ်မယ် ဘယ်ရက်မှာ ပြုလုပ်မယ်ဆိုတာတော့ အဖြေမသိရသေးဘူး” ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းမြင့်ဦးက ပြောကြားသည်။ သက်တမ်းလွန် ဆေးဝါးများကို စတင်တွေ့ရှိခဲ့စဉ် လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းကာ လာရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

No comments: