မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 13, 2016
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ဧည့်အဝင် မရှိသလောက် ဖြစ်နေ ------ ------- -------
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ဧည့်အဝင် မရှိသလောက် ဖြစ်နေ
------ ------- -------
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားစေတီများနှင့် ယဉ်ကျေးမှုအမွေအနှစ် ဒေသသို့ ယခင်ပွင့်လင်း ရာသီများတွင် နိုင်ငံခြားသားများနှင့် ပြည်တွင်းခရီးသွားများ ဝင်ရောက်မှုများသော်လည်း ယခုနှစ်တွင် ပြည်နယ်တွင်း တိုက်ပွဲများကြောင့် လာရောက်သူ မရှိသလောက် နည်းနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရမ်းချောင်းတောင်တန်း တစ်လျှောက် မြောက်ဦးမြို့နယ် လေးမြို့ချောင်းဖျား ဒေသနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့မှ စ၍ လက်ရှိ အချိန်အထိ အစိုးရတပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA) တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
“ အစိုးရစစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ကတည်းက ဘုရားဖူးဧည့်သည်တွေ လုံးဝ မရောက်တော့ဘူးလို့ ပြောလို့ ရတယ်။ တိုက်ပွဲ မဖြစ်ခင်တုန်းက မြန်မာပြည်တစ်ဝန်းက ဘုရားဖူးဧည့်သည် ၀င်ရောက်မှုက တစ်ရက်ကို သုံးရာလောက် ရှိတယ်။ စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် ပိုရောက်လေ့ရှိတယ်။ ဒါကြောင့် ဘုရားဖူး အများစုက ဒီကို လာရမှာကို စိုးရိမ်ထိတ်လန့်တဲ့စိတ် ဖြစ်မိဟန်တူပါတယ်။ အခု ရခိုင်ပြည်နယ်ရဲ့ တခြားမြို့နယ်တွေက ဘုရားဖူးတွေပဲလာရောက်တော့တယ် ” ဟု မြောက်ဦးမြို့၊ သျှစ်သောင်းဂေါပကအဖွဲ့မှ အတွင်းရေးမှူး
ဦးကျော်သိန်းက ပြောသည်။
အဆိုပါ ရခိုင်ဒေသတွင်း ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားရာ အနီးအနားမှ ဒေသခံပြည်သူ ၂၅၀ ခန့်မှာ မြောက်ဦးမြို့နယ်ရှိ ကျီရာပြင်နှင့် စေတီတောင်ရွာသစ်စသည့်
ကျေးရွာများမှ စစ်ရှောင်စခန်းများနှင့် ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာ စစ်ရှောင်စခန်းများတွင် လက်ရှိအချိန်အထိ ခိုလှုံနေရကြောင်း စစ်ရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။
“ဒီနှစ် မြောက်ဦးကို ဘုရားဖူးသွားမယ်လို့ စီစဉ်ထားတယ်။ မိသားစုအားလုံး ကားငှားပြီး သွားမယ်လို့ စိတ်ကူးထားတာ။ အခုချိန်အထိ မသွားဖြစ်သေးပါဘူး။အဲဒီမြောက်ဦး၊ ကျောက်တော်ဘက်မှာ တိုက်ပွဲ ဖြစ်လာတော့ အိမ်က သားသမီးတွေက မသွားတော့နဲ့လို့တားတယ်။ ဒါကြောင့် မသွားဖြစ်တာပါ။ နယ်မြေ အေးချမ်းတဲ့ အခါမှ သွားတော့မယ်လို့ ဆုံးဖြတ်ထားတယ် ” ဟု ရသေ့တောင်မြို့နယ်၊ လောင်းချောင်း ကျေးရွာမှ ဒေါ်အေးမေက ပြောသည်။
မြောက်ဦးမြို့သို့ လာရောက်သည့် ပြည်တွင်းဘုရားဖူး ဧည်သည့်များအနေဖြင့် ရှေးရခိုင်ဘုရင်များ၏ ထီးနန်း စိုက်ခဲ့သော နန်းရာကုန်း၊ သျှစ်သောင်းဘုရား၊ ကိုးသောင်းဘုရား၊ အံတော်သိမ်၊ မာန်ငါးပါးဘုရား စေတီများနှင့် စန္ဒမုနိ ဘုရားကြီးတို့အား အများဆုံးသွားရောက် ဖူးမြော် ကြလေ့ရှိကြောင်း သိရသည်။
ပြည်ပမှ လာရောက်သည့် ခရီးသည်များ အနေဖြင့် အဆိုပါ ဘုရားပုထိုးများအပြင် ယခင်မြောက်ဦးခေတ်တွင် နိုင်ငံခြားသားများ ဖွင့်လှစ်ခဲ့သည့် ကုန်တိုက်ဟောင်း နေရာများဖြင့် သာယာလှပပြီး ရိုးရှင်းသော လူနေမှု ဓလေ့များ ရှိနေသေးသည့် လေးမြို့မြစ်ဖျားပိုင်း ကျေးရွာများသို့ သွားရောက်လည်ပတ်လေ့ ရှိကြကြောင်း သိရသည်။
သတင်း - MMK
Photo - debonairtravels
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment