မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 12, 2016
၅၉ (စ) ကို ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း မပြုသင့်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ပြောကြား ---------------
၅၉ (စ) ကို ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း မပြုသင့်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ပြောကြား
---------------------------------------------------
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတား ဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ယာယီဆိုင်းငံ့ခြင်းနှင့် ရုပ်သိမ်းခြင်းများကို လက်ရှိအခြေအနေတွင် မပြုလုပ်သင့်ကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဟန်ရွှေက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရအဖွဲ့ အနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြင်ဆင်နိုင်ရန် ကြိုးစားသင့်ကြောင်း ဦးဟန်ရွှေက အကြံပြု ပြောကြားသည်။
“ဒါကြောင့် ကျွန်တော်တို့ ပါတီရဲ့ သဘောထားကတော့ ၅၉ (စ) ကို ပြင်ပါ။ ပြင်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နည်းလမ်းနဲ့ပဲ ပြင်ပါ။ အဲ့လိုမဟုတ်ရင် အများကြီး ပြဿနာ ရှိနိုင်တယ်။ ဒါကြောင့် တပ်မတော်နဲ့ညှိပါ။ တစ်ခါနဲ့ မရရင် အကြိမ်ကြိမ် ထပ်ညှိပါ။ အဲ့ဒါကို စိတ်မရှည်ဘဲ လုပ်လိုက်ရင် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ အကျပ်အတည်း ဖြစ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် သမ္မတ တင်မြှောက်ခွင့် ရရှိထားသည့် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြောက်နိုင်ရေးအတွက် အဟန့်အတား ဖြစ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ယာယီဆိုင်းငံမှု ပြုလုပ်နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယကဖြစ်သူ သူရဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကြိုးပမ်းလျက်ရှိပြီး ဖြစ်အောင်လုပ်မည် ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment