မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 12, 2016
၆၉ နှစ်ပြည့်ပေမယ့် ပြည်ထောင်စုမဖြစ်ဘဲ တစ်ပြည်ထောင်အဖြစ်သာ ရှိနေဆဲ
၆၉ နှစ်ပြည့်ပေမယ့် ပြည်ထောင်စုမဖြစ်ဘဲ တစ်ပြည်ထောင်အဖြစ်သာ ရှိနေဆဲ
|| စိုင်းထွန်းအောင်လွင် ||
လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး သမိုင်းမှာ ၁၉၄၈ မတ်လ ၂၈ ရက်နေ့မှာ စခဲ့တဲ့ ပြည်တွင်းစစ် ၊ ၁၉၅၈ ခုနစ် အိမ်စောင့်အစိုးရ တက်လာတာ၊ ၁၉၆၂ ခုနစ် မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းတာ ၊ ၁၉၈၈ ခုနစ် အရေးတော်ပုံနဲ့ စစ်တပ်အာဏာသိမ်းတာ၊ ၂၀၁၂ ခုနစ် ကြားဖြတ်ရွေးကောက်ပွဲ စတဲ့ အချိုးကွေ့တွေဟာ ထင်သာမြင်သာတဲ့ အကွေ့တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီအကွေ့တွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၂ ခုနစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနိုင်ရပြီး လွှတ်တော်ထဲ ၀င်လာခဲ့တဲ့ အချိုးအကွေ့ကလွဲလို့ ကျန်တဲ့ အကွေ့တွေ တော်တော်များများဟာ တိုင်းပြည်ကို နောက်ပြန်ဆုတ်သွားခဲ့စေတဲ့ အချိုးအကွေ့တွေ ဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အာဏာသိမ်းမှုတွေ၊ အာဏာလွှဲပြောင်းမှုတွေကို ကြည့်မယ်ဆိုရင်လည်း ၁၉၅၈ ခုနစ်မှာ အိမ်စောင့်အစိုးရက အာဏာ လွှဲပြောင်းရယူတာ ၊ ၁၉၆၂ ခုနစ်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး တစ်ပါတီ အာဏာရှင်စနစ်ကို အသက်သွင်းတာ ၊ ၈ လေးလုံး အရေးတော်ပုံကို တပ်မတော်ကနေ ဖြိုခွင်းပြီး အာဏာသိမ်းတာ စတဲ့ အဖြစ်ပျက်တွေကို တွေ့ရမှာဖြစ်ပြီး အထက်မှာ ဖော်ပြခဲ့တဲ့ မြန်မာ့နိုင်ငံရေး အချိုးကွေ့တွေနဲ့ တိုက်ရိုက် ပတ်သက်နေတာလည်း တွေ့ရပါတယ်။ ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ကလည်း မြန်မာ့နိုင်ငံအတွက် အရေးပါတဲ့ ရက်စွဲ တစ်ရက်ဖြစ်ပြီး အခုဆိုရင် အရင်က အတိုက်အခံအဖြစ်ပဲ ရှိနေခဲ့တဲ့ပါတီက ဦးဆောင်တဲ့ လွှတ်တော် အစည်းအဝေးတွေတောင် စတင်နေခဲ့ပြီ ဖြစ်ပါတယ်။ အာဏာလွှဲပြောင်းရေး အဆင်ပြေခဲ့ရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ခြေလှမ်းတစ်လှမ်း စတယ်လို့ ဆိုနိုင်မှာဖြစ်သလို နိုဝင်ဘာ ၈ ရက်ရဲ့ အရေးပါမှုဟာလည်း သမိုင်းမှာ ပိုပြီး ပေါ်ပေါ်လွင်လွင် ဖြစ်လာဦးမှာ မုချပါပဲ။
ဒါပေမဲ့ အခုလက်ရှိ အခြေအနေအရတော့ ဆက်ပြီး ရုန်းကန်ကြရဦးမှာပါ။ မြန်မာပြည်ရဲ့ အဓိကနိုင်ငံရေး ပြသ၁နာက နှစ်ရပ်လို့ ဆိုထားတော့ ဒီမိုကရေစီ အရေးနဲ့ အတူ တိုင်းရင်းသားအရေး တစ်နည်းအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု အရေးနဲ့ ပတ်သက်လို့ အားလုံး ၀ိုင်းစဉ်းစားကြရပါလိမ့်ဦးမယ်။ ပြည်ထောင်စုနဲ့ ပတ်သက်လို့ အမျိုးမျိုး အဖုံဖုံ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကြပေမယ့် သေချာတာကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်တွေ ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ် ချုပ်ဆိုတာ ၆၉ နှစ်ပြည့်လာခဲ့ပြီ ဖြစ်ပေမယ့် အခုထိ တိုင်းပြည်မှာ တိုင်းရင်းသား တန်းတူရေးအတွက် တောင်းဆိုသံတွေက ညံနေဆဲဖြစ်သလို အခြေခံဥပဒေမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ သုံးထားပေမယ့် ဖက်ဒရယ်ယောင်ယောင် တစ်ပြည်ထောင်စနစ်နဲ့သာ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။
မြန်မာ့ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ပြည်ထောင်စုဆိုတဲ့ ဝေါဟာရက ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးရမှ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဗမာအပါအ၀င် အသွင်မတူတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ အနေနဲ့ ရှေးဘုရင်တွေ ၊ စော်ဘွားတွေ ၊ သက်ဆိုင်ရာ မျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုနဲ့အတူ ပဒေသရာဇ်ခေတ် ၊ မြို့ပြနိုင်ငံခေတ် တွေကို ဖြတ်သန်းခဲ့ကြတာပါ။ ဘုရင့်နောင် ၊ အလောင်းဘုရား စတဲ့ ဗမာဘုရင်တွေ လက်ထက်မှာ တိုင်းပြည်ရဲ့ နယ်နိမိတ်က ကြီးမားကျယ်လာတာတွေ ရှိခဲ့ပြီး တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ ဒေသတွေကိုပါ တိုက်ခိုက်သိမ်းပိုက် နိုင်တာတွေ ရှိခဲ့ပေမယ့် ပြည်ထောင်စု စိတ်ဓာတ်နဲ့ တည်ထောင်ထားနိုင်ခဲ့တာ မဟုတ်တဲ့အတွက် လက်အောက်ခံ တိုင်းရင်းသား မျိုးနွယ်စုတွေအနေနဲ့ အုပ်ချုပ်သူ ဘုရင်တွေအပေါ် မကြာခဏ တော်လှန် ပုန်ကန်ခဲ့တာတွေလည်း ပဒေသရာဇ်ခေတ် တစ်လျှောက် ဒုနဲ့ ဒေးပါပဲ။
မြန်မာနိုင်ငံကို လွတ်လပ်ရေးရ စေခဲ့တဲ့ သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်မှုမှာမှ မြန်မာနိုင်ငံ အတွင်းမှာရှိကြတဲ့ တိုင်းရင်းသားတွေ အနေနဲ့ ပထမဆုံးအကြိမ် စည်းလုံးညီညွတ် ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အချိန်မှာ နေရာဒေသကို လိုက်ပြီး ဥပဒေ ၅ ခုနဲ့ ခွဲခြား အုပ်ချုပ်ခဲ့တဲ့အတွက် လွတ်လပ်ရေးယူဖို့ ဖြစ်လာတဲ့အချိန်မှာ ပြည်မနဲ့ တောင်တန်းခွဲပြီး လွတ်လပ်ရေး ယူမလား၊ တွဲပြီး လွတ်လပ်ရေး ယူမလားဆိုတဲ့ ကိစ္စတွေ ပေါ်လာတာကြောင့် အားလုံး တစ်ပြိုင်နက်တည်း ပေါင်းစုပြီး လွတ်လပ်ရေး ရယူနိုင်အတွက် ရည်ရွယ်ပြီး သမိုင်းဝင် ပင်လုံစာချုပ်ကို စုပေါင်း လက်မှတ်ရေးထိုး ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ “ခင်ဗျားတို့ တောင်ပေါ်သားတွေကို အင်္ဂလိပ် ကျွန်ဘ၀မှာ မနေစေချင်သလို ၊ ဗမာလူမျိုးတွေရဲ့ ကျွန်ဘ၀မှာလည်း မနေစေချင်ဘူး။ တန်းတူရည်တူ ဆက်ဆံပါ့မယ်။ ဗမာတစ်ကျပ်ရရင် ရှမ်းလည်း တစ်ကျပ်ရစေရမယ်” ဆိုတဲ့ အတွက်ကြောင့်လည်း ပင်လုံညီလာခံကို တက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ အနေနဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်မယ်ဆိုရင်လည်း မှားမယ် မထင်ပါဘူး။
ဒါပေမဲ့ သိကြတဲ့အတိုင်းပါပဲ၊ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးတဲ့ အချိန်မှာတော့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲရာမှာ တိုင်းရင်းသားတွေအတွက် တန်းတူလို့ ပြောနိုင်တဲ့ ပင်လုံစာချုပ်ပါ အခွင့်အရေးတွေက တော်တော်များများက ပါမလာပါဘူး။ အဲဒီအခြေခံ ဥပဒေမှာ ကတည်းကိုက ပင်လုံ ကတိက၀တ်တွေနဲ့ စတင်သွေဖည်လာခဲ့ပြီး လွတ်လပ်ရေး ရပြီးစမှာပဲ ပြည်တွင်းစစ်နဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။
ဒီမိုကရေစီကျင့်စဉ်တွေ အများကြီးပါရှိတဲ့ ၁၉၄၇ ခုနစ်အခြေခံ ဥပဒေမှာတောင် တစ်ပြည်ထောင်စနစ် အင်္ဂလိပ်ပါလီမန်ထရီစနစ်ကို ကူးချထားတဲ့ အနေအထားမှာပဲ ရှိခဲ့တာပါ။ ပြည်နယ်က တိုင်းရင်းသားတွေ အနေနဲ့ နိုင်ငံရေး အာဏာ မရခဲ့သလို ၊ အင်္ဂလိပ် မသိမ်းခင်ကတည်းက ဗမာလက်အောက် ရောက်နေတဲ့ ကရင် ၊ မွန်လို တိုင်းရင်းသား တွေကလည်း ပြည်နယ်သတ်မှတ်ပေးရေး အတွက် လွတ်လပ်ရေးရပြီးစမှာပဲ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။ ဗမာလူမျိုးတွေ အတွက်လည်း ပြည်နယ်ဆိုတာ မရှိခဲ့ပါဘူး။ လွှတ်တော်ကလည်း ပြည်ထောင်စု စနစ်အတိုင်း မဖြစ်ခဲ့ဘဲ အင်္ဂလန်လွှတ်တော် ပုံစံကို ကူးယူခဲ့တဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။ အထက်လွှတ်တော်က လူမျိုးစု လွှတ်တော်ဖြစ်ရမှာ ဖြစ်ပြီး ပြည်နယ်အလိုက် လူဦးရေတူညီစွာ စေလွှတ်ရမှာ ဖြစ်ပေမယ့် အောက်လွှတ်တော်လိုပဲ လူဦးရေ အချိုးအစားအလိုက် လွှတ်တော်အမတ်တွေကို စေလွှတ်လိုက်တဲ့ အခါမှာတော့ လွှတ်တော်နှစ်ရပ်လုံးမှာ ဗမာနိုင်ငံရေးသမားတွေ စိုးမိုးခြယ်လှယ်တဲ့ အခြေအနေမှာ ရှိနေခဲ့တယ်လို့ ဆိုရမှာပါ။
အဲလို တန်းတူမဖြစ်ခဲ့တဲ့အတွက် လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာလာတဲ့ အချိန်မှာ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် အတိုင်း ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည် ဆိုတဲ့အချက်ကို လက်ကိုင်စွဲပြီး အကောင်ထည် ဖော်မပေးရင် ခွဲထွက်မယ်ဆိုပြီး တိုင်းရင်းသားတွေဘက်က တောင်းဆိုမှုတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ တောင်းဆိုမှုတွေကိုလည်း ရှောင်လွှဲတဲ့အနေနဲ့ အိမ်စောင့်အစိုးရ တက်လာပါတယ်။ နောက်ပိုင်းကတော့ သိကြတဲ့ အတိုင်းပါပဲ။ ၁၉၆၀ ရွေးကောက်ပွဲလုပ်တယ်။
ဦးနုဦးဆောင်တဲ့ ဖဆပလက အနိုင်ရတယ်။ တဖြည်းဖြည်း ပြည်တွင်းစစ်ရဲ့ အခြေခံ ပြသ၁နာက နိုင်ငံရေးနဲ့ တန်းတူအခွင့်အရေး ပြသ၁နာလို့ သဘောပေါက်လာခဲ့တဲ့ အတွက် ဖဆပလ အစိုးရအနေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်တွဲပြီး တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် တွန်းတွန်းတိုက်တိုက် လုပ်လာတယ်။ အဲဒီ ဖြစ်စဉ်တွေ မပြီးပြတ်ခင်မှာပဲ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တပ်မတော်က အာဏာ သိမ်းလိုက်တာပါပဲ။ ဖက်ဒရယ် ခွဲထွက်ခွင့်ကြောင့် တိုင်းပြည် ချောက်ထဲကျသွားမှာ၊ ပြည်ထောင်စုကြီး ပြိုကွဲမှာ စသဖြင့် အကြောင်းပြချက်တွေနဲ့ပါ။
အဲဒီနောက်ပိုင်းမှာတော့ ပြည်တွင်းစစ်မီးကလည်း မငြှိမ်းသတ်နိုင်တော့သလို လက်နက်မကိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စုဆိုတာ မရှိသလောက် ဖြစ်လာပါတယ်။ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကလည်း လွတ်လွတ်လပ်လပ် ပြောဆိုလို့ မရတဲ့ တားမြစ်ထားတဲ့ စကားလုံးတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ၁၉၇၄ ခုနစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလည်း တစ်ပါတီ အာဏာရှင်စနစ် ရှင်သန်ရေးအတွက်သာ ဖြစ်ခဲ့သလို တစ်ပြည်ထောင် စနစ်သာ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် တိုင်းရင်းသား လူမျိုးတွေရဲ့ အစိုးရအဖွဲ့အတွင်းမှာ နေရာရရှိမှု အနေအထားနဲ့ တပ်မတော် အပါအ၀င် ဌာနဆိုင်ရာတွေမှာ အဆင့်မြင့် ရာထူးတွေမှာ ရယူနိုင်မှုမှာလည်း ခေတ်ကာလတွေ အလျောက် အရေအတွက်က တဖြည်းဖြည်း လျော့လျော့ ကျလာခဲ့ပါတယ်။ တပ်မတော်မှာရှိတဲ့ တိုင်းရင်းသား တပ်ရင်းတွေဆိုရင်လည်း နောက်ပိုင်းမှာ ပျောက်ကုန်ပါတယ်။
၈ လေးလုံး အရေးတော်ပုံအပြီး တက်လာတဲ့ န၀တ ၊ နအဖ အစိုးရ လက်ထက်တွေမှာလည်း နိုင်ငံရေး ပြသ၁နာတွေက မဖြေရှင်းနိုင်ခဲ့သလို ပြည်တွင်းစစ်မီးကိုလည်း ငြှိမ်းသတ်နိုင်တာ မရှိခဲ့ပါဘူး။ အဲဒီကာလတွေ အတောအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့နဲ့ အပစ်ရပ်တာတွေ ရှိပေမယ့် နိုင်ငံရေးအဖြေရှာနိုင်တဲ့ အဆင့်အထိ မရောက်တဲ့အတွက် အဲဒီ အပစ်အခတ် ရပ်စဲရေးတွေဟာလည်း မတည်မြဲခဲ့ပါဘူး။ တစ်ဖက်မှာလည်း ပြည်တွင်းက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ တောင်းဆိုမှုတွေကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်မှုမရှိတာ တွေ့ရပါတယ်။ အဲဒီနောက် အမျိုးသား ညီလာခံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ပေါ်လာပါတယ်။
၂၀၁၀ နောက်ပိုင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းတွေ၊ ပြည်နယ်တွေမှာ လွှတ်တော်တွေ ရှိလာသလို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ဆိုပြီး လွှတ်တော် သုံးရပ် ရှိလာပါတယ်။ ဒါပေမဲ့လည်း တိုင်းတွေ၊ ပြည်နယ် လွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်ဟာ အင်မတန်မှ နည်းလှသလို အဓိကကျတဲ့ အဆိုတွေ ဥပဒေတွေကို ဆုံးဖြတ်တဲ့ နေရာဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆိုရင်လည်း သိပ်မျှတမှု မရှိပါဘူး။
တခြားနိုင်ငံ တော်တော်များများ မှာတော့ လွှတ်တော်တစ်ရပ်က ကန့်ကွက်လိုက်ရင် အဲဒီအဆိုတွေ ဥပဒေတွေက အတည်မဖြစ်ပါဘူး။ ဒီမှာက ပြည်သူ့လွှတ်တော်က လူဦးရေများပြီး ပြည်သူ့လွှတ်တော်က တင်တာဆိုရင် ပြည်ထောင်စု ( လွှတ်တော်နှစ်ရပ်ပေါင်းက) လွှတ်တော်က ပြန်ပြီး ဆွေးနွေး ဆုံးဖြတ်တာကြောင့် ပြည်သူ့ဘက်က တစ်ခြမ်းစောင်းနေသလို တိုင်းခုနစ်တိုင်းက ပြည်မဒေသတွေ ဖြစ်နေတဲ့အတွက် ညီမျှတယ်လို့ ပြောဖို့ ခက်ပါတယ်။ ဒါတောင် လွှတ်တော်တိုင်းမှာ ရှိနေတဲ့ ၂၅ ရာခိုင်နှုန်းကို ထည့်မတွက်သေးပါဘူး။ လွှတ်တော်တစ်ရပ်က ကန့်ကွက်သည်ရှိသော် ဥပဒေတွေ ၊ အဆိုတွေ အတည်မဖြစ်ဆိုတဲ့ အခြေအနေမျိုး ရှိနေသင့်ပါတယ်။
ပြည်နယ်နဲ့ ဗဟိုအစိုးရအကြား အာဏာခွဲဝေမှု ကြည့်ရင်လည်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေကိုလည်း သမ္မတကပဲ ခန့်အပ်တာဖြစ်သလို သယံဇာတ အရင်းအမြစ် ခွဲဝေမှုတွေလည်း မရှိပါဘူး။ အခွန်ကောက်ခံ နိုင်ခွင့်ကလည်း နည်းပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာ ၀န်ကြီးဌာနတွေ ရှိပေမယ့် လုပ်ပိုင်ခွင့်က သိပ်မရှိလှသလို ဖွဲ့စည်းမှုတွေကလည်း တိကျရှင်းလင်းတဲ့ ပြဋ္ဌာန်းချက်တွေ မရှိပါဘူး။ ဒါတောင် ပြည်နယ်နဲ့တိုင်း ၁၄ ခုနဲ့ တွက်ထားတာပါ။ ဗမာ ခုနစ်ကျပ် တိုင်းရင်းသား တစ်ကျပ်ဆိုတဲ့ အချိုးနဲ့ ချကြည့်မယ်ဆိုရင်တောင် အပြည့်အ၀ မရသေးတဲ့ သဘောဖြစ်နေပါတယ်။ ပြည်နယ်နဲ့ တိုင်းအလိုက် အခြေခံ ဥပဒေတွေလည်း ရှိမနေပါဘူး။ သယံဇာတ ခွဲဝေမှုကလည်း အခြေခံ ဥပဒေမှာ မပါသလို ပြည်နယ်တွေရဲ့ အခွန်ကောက်ခံခွင့်ကလည်း အနည်းအကျဉ်းသာ ရှိပါတယ်။ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုခွင့် အာဏာကလည်း အလွန်နည်းလှသလို ပြည်နယ်အစိုးရကို ထွေအုပ်က ပြန်ထိးန်ချုပ်ထားပါသေးတယ်။
ဒါ့အပြင် ကာလတာရှည် စိတ်ဝမ်းကွဲပြားမှု တွေနဲ့အတူ လူမျိုးရေး အခြေခံတဲ့ ၀ါဒတွေကလည်း ရှိနေဆဲဖြစ်ကာ တပ်မတော် ဆိုရင်လည်း ပြည်ထောင်စု တပ်မတော်လို့သာ အော်နေပေမယ့် လူနည်းစု တိုင်းရင်းသားတွေရော အများစုဖြစ်တဲ့ ဗမာတွေကပါ လက်ခံဖို့ ခက်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။ ဒါက အခုအချိန်အထိ ဖြစ်နေဆဲ အခြေအနေပါ။ အရေးထဲ တိုင်းရင်းသားပေါင်းစုံ ၊ လူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံမှာ ပြည်ထောင်စုစနစ်နဲ့ ပိုမိုဝေးကွာစေတဲ့ ဘာသာတစ်ခုတည်းကို အသားပေးတဲ့ အမျိုးသားရေး ၀ါဒီတွေက တစ်ခါတစ်ခါ ခေါင်းထောင် လာချင်ပါသေးတယ်။ ၀န်ကြီးချုပ်ဦးနုက ဗုဒ္ဒဘာသာနိုင်ငံအဖြစ် ထူထောင်ကြောင်း ကြေညာတဲ့အတွက် ပြည်တွင်းစစ်မီး ပိုလောင်ဖူးတဲ့ သမိုင်းသင်ခန်းစာကိုလည်း ရယူသင့်နေပါပြီ။
ပြည်တွင်းစစ် တာရှည်လာခဲ့ပြီး အာဏာရှင်စနစ် ရှည်ကြာခဲ့တာကြောင့် စစ်ဘုရင်ဝါဒ ၊ အာဏာရှင် အယူဆတွေဟာ နေရာအနှံ့မှာ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်လို့ ဆွေးနွေးခွင့်တွေ ရှိလာခဲ့တာ ကြိုဆိုစရာ ဖြစ်ပေမယ့် သေနတ်သံ ချုပ်ငြိမ်းအောင် မလုပ်နိုင်သေးတာက ပြသ၁နာပါပဲ။ အပစ်မရပ်ဘဲ ကျန်နေတဲ့ အဖွဲ့တွေကလည်း ဒုနဲ့ဒေး ဖြစ်နေပါတယ်။ ၂၁ ရာစု ပင်လုံကဲ့သို့ ညီလာခံဆိုတဲ့ အသံတွေလည်း ထွက်နေပါတယ်။ သို့သော်လည်း အသွင်မတူတဲ့ မျိုးနွယ်စုတွေ အကြားမှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ ဘယ်လိုပုံစံ သွားမယ်ဆိုတာ ကွဲပြားနေကြပါတယ်။
တက်လာမယ့် အစိုးရသစ်အနေနဲ့ ရှုပ်ထွေးများမြောင်လှတဲ့ မျိုးနွယ်စုတွေအကြား သူကလည်း ပြည်နယ်လိုချင်၊ ကိုယ်ကလည်း ပြည်နယ်လိုချင် ဖြစ်နေချိန်မှာ ရေတို ရေရှည်အတွက် ဖက်ဒရယ်ပုံစံ တစ်ရပ် ချမှတ်သင့်နေပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာဖို့ဆိုရင် အားလုံးနဲ့ လက်တွဲညီနိုင်တဲ့ တပ်ပေါင်းစုမူ တစ်ရပ်ကိုလည်း ချမှတ်ထားရမှာ ဖြစ်ပါတယ်။ နှစ်ရှည်လများ တည်ဆောက်ထားတဲ့ အာဏာရှင်ကနေ လာခဲ့သူတွေအနေနဲ့ ဘယ်အချိန်မှ နိုင်ငံရေးက အပြီးထွက်သွားမယ်ဆိုတာ မပြောနိုင်ဘူး မဟုတ်ပါလား။ လွတ်လပ်ရေးရပြီးစ ကာလမှာ တိုင်းရင်းသားတွေ ဖြစ်တဲ့ စ၀်ရွှေသိုက် ၊ မန်းဝင်းမောင်တို့ဟာ သမ္မတ အထိ ဖြစ်ခဲ့ပေမယ့် အခြေခံကျတဲ့ တိုင်းရင်းသား အခွင့်အရေး ပြသ၁နာ မဖြေရှင်းနိုင်တာကြောင့် ပြည်တွင်းစစ်မီး ပိုမိုကျွမ်းလောင် ခဲ့တာကိုလည်း သတိပြုရမှာပါ။ တစ်ချိန်တည်းမှာ တစ်ဖက်က စစ်အုပ်စုတွေဘက်က လာခဲ့သူတွေကလည်း တိုင်းရင်းသား အခွင့်အရေး ဖက်ဒရယ်ဆိုတာ ပြောဆိုနေကြတာ သတိပြုမိကြမှာပါ။ ပြောနေတာ ကြာပေမယ့်လည်း အခုထိ အခြေခံဥပဒေကို ဗဟိုချုပ်ကိုင်မှု လျှော့ချမှုတောင် လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် ရပ်စဲရေးကလည်း တစ်စိတ်တစ်ပိုင်းသာ ဖြစ်ခဲ့ပြီး ပိုမိုရှုပ်ထွေးလာမယ့် အခြေအနေမှာ ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။ လူမျိုးကြီးဝါဒတွေကလည်း အင်စတီကျူးရှင်းတွေက တစ်ဆင့် အမြစ်တွယ်နေဆဲလို့ ဆိုနိုင်ပါတယ်။ ၁၃၅ မျိုးသော မျိုးနွယ်စုတွေအားလုံး အသားကျအောင် တူညီအောင် ( Assimilation ) လုပ်ရမှာ ဖြစ်ပေမယ့် အတင်းအကျပ် တစ်သားတည်းကျအောင် လုပ်ခဲ့တာကြောင့် ဖြစ်မသွားတဲ့ အပြင် မျိုးနွယ်စု အခြေပြု လှုပ်ရှားမှုတွေက ပိုမိုကျယ်ပြန့်စွာ အမြစ်တွယ် နေခဲ့တာလည်း အားလုံးအသိပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ရယူပြီး အင်အားကြီးမားတဲ့ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို အရယူခဲ့တဲ့ တပ်ပေါင်းစု နည်းလမ်းက အခုအချိန်အထိ သုံးရမယ့် နည်းလမ်းတစ်ရပ် ဖြစ်နေဆဲပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ချိန် တောင်တန်းပြည်မ မခွဲခြားဘဲ လွတ်လပ်ရေး အရယူဖို့ ကြိုးစားချိန်မှာ သူဟာ ဘုရင်ခံလည်း မဟုတ်ပါဘူး။ ပင်လုံညီလာခံမှာတောင် ဧည့်သည်တော် အဖြစ်သာ ဖိတ်ကြားခံရသူ သက်သက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ တိုင်းရင်းသား အခွင့်အရေးအတွက် ခိုင်ခိုင်မာမာ တာဝန်ယူခဲ့တာကြောင့် အောင်မြင်တဲ့ ပင်လုံညီလာခံနဲ့ ပင်လုံစာချုပ် ဖြစ်လာခဲ့ရတာပါ။
အခုအချိန်ဟာ ဗိုလ်ချုပ် သမီးရဲ့ ဦးဆောင်မှုနဲ့အတူ တိုင်းရင်းသား ပြည်သူတွေက မျှော်လင့်ချက် ကြီးမားနေချိန်လည်း ဖြစ်ပါတယ်။ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး ၊ အသွင်ကူးပြောင်းရေး ၊ တိုင်းရင်းသား အခွင့်အရေး ၊ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးတို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ သေချာတာကတော့ ပင်လုံစာချုပ် ချုပ်ဆိုတာ ၆၉ နှစ်ရှိလာခဲ့ပြီ ဖြစ်ပေမယ့် တစ်ပြည်ထောင်စနစ် ၊ စစ်ဝါဒီ လွှမ်းမိုးမှုများတဲ့ စနစ်အပြင် လူမျိုးကြီးဝါဒတွေကနေပါ မကင်းလွတ်သေးတာပါပဲ။ အားလုံး ဆက်လက် ရုန်းကန်ကြရပါဦးမယ်။
စိုင်းထွန်းအောင်လွင်
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment