မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
မတ်လ ၁၇ ရက်နေ့တွင် ဒုတိယသမ္မတ နေရာများ ရွေးချယ်နိုင်ရေး အစုအဖွဲ့များ အစည်းအဝေး စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် နာယက ပြော
မတ်လ ၁၇ ရက်နေ့တွင် ဒုတိယသမ္မတ နေရာများ ရွေးချယ်နိုင်ရေး အစုအဖွဲ့များ အစည်းအဝေး စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် နာယက ပြော
------ ------ ------
တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့အပါအဝင် ရွေးချယ်ခံကိုယ်စားလှယ်များ အစုအဖွဲ့ အသီးသီးတို့မှ ဒုတိယသမ္မတ အမည်စာရင်း တင်သွင်းနိုင်ရေး အစည်းအဝေးများကို လာမည့်မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပရန် ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ပြောသည်။
“သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ်တင်မြှောက် နိုင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များ အဆိုပြုရမယ့် အစုအဖွဲ့အစည်းကို ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ ကြာသပတေးနေ့တွင် စတင်ကျင်းပ ပြုလုပ်ကြရမည် ဖြစ်ကြောင်း ပြောကြား လိုပါတယ်” ဟု ၄င်းက ဆိုသည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရေး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို ရွေးချယ် တင်မြှောက်ကြမည် ဖြစ်ကြောင်းလည်း ၄င်းက ပြောသည်။
အစုအဖွဲ့ သုံးဖွဲ့မှာ မြို့နယ်တစ်ခုအား အခြေခံ၍ လည်းကောင်း၊ လူဦးရေအား အခြေခံ၍ လည်းကောင်း ရွေးကောက် တင်မြှောက်ပြီး ပြည်သူ့လွှတ်တော်တွင် ရွေးကောက် တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်ပြီး အမျိုးသားလွှတ်တော်ရှိ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ တို့ဖြစ်သည်။
“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လည်းကောင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမတွင် လည်းကောင်း၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ အစည်းအဝေးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စီစဉ်ပေးသည့် နေရာများတွင် အစည်းအဝေးများ ပြုလုပ်ရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်း ကပြောသည်။
ကိုပေါက်
Photo - MMK
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment