Tuesday, January 19, 2016

စဉ်းစားမရတာက အမတ်တွေ ဘာဖြစ်လို့များ ခေါင်းပေါင်းဆိုတာကြီးကို စွပ်ထားလဲ။ ဒီခေါင်းပေါင်းဟာ လာမယ့် လွှတ်တော်မှာတော့ ပြုတ်သွားဖို့ရှိတယ် ထင်တာပဲ။

ခေါင်းပေါင်း || စိုပြေ || စဉ်းစားမရတာက အမတ်တွေ ဘာဖြစ်လို့များ ခေါင်းပေါင်းဆိုတာကြီးကို စွပ်ထားလဲ။ ဒီခေါင်းပေါင်းဟာ လာမယ့် လွှတ်တော်မှာတော့ ပြုတ်သွားဖို့ရှိတယ် ထင်တာပဲ။ တကယ်တော့ ခေါင်းပေါင်းသာ ပြောတာ ခေါင်းစွပ်ကြီးရယ်ပါ။ ၀ါးနဲ့ရက်ပြီး အပေါ်မှာ ဇာလိုလို ပိုးစ လိုလိုအုပ်ထားတဲ့ ခေါင်းစွပ်ကြီးတစ်ခုပေါ့။ အချို့ကတော့ ပြောကြမှာပေါ့။ ခေါင်းပေါင်းဆိုတာ မြန်မာ့ ယဉ်ကျေးမှု။ ဒါကို အမြတ်တနိုး ထိန်းသိမ်းသင့်တယ်။ ဘာညာပေါ့။ ဟုတ်မှာပါ။ ခေါင်းပေါင်းဆိုတာ မြန်မာ့ယဉ်ကျေးမှုပေါ့။ အဲ့တော့လည်း ထိန်းသိမ်းရမှာပေါ့။ ဒါပေမဲ့.....။ ယဉ်ကျေးမှုကို ထိန်းသိမ်းမယ် ဆိုရင်တော့ တကယ် ဖြစ်ဖြစ်မြောက်မြောက် ထိန်းသိမ်းဖို့ လိုတယ်လေ။ ဟိုးရှေးရှေ့ က ဗမာတွေဟာ အခုလို ၀ါးနဲ့ကွပ်ထားတဲ့ မောင့်ကျက်သရေ ခေါင်းစွပ်ကို စွပ်ကြတာလား။ ဒါမှ မဟုတ်။ ပိတ်စကို ခေါင်းမှာ တကယ်ပေါင်းကြတာလား။ အခုခေတ်လည်း တချို့ တောရွာတွေကို ရောက်ရင် လူကြီးတွေ ခေါင်းပေါင်း ပေါင်းထားကြတာကို တွေ့ရမှာပါ။ သူတို့ ပေါင်းတာကတော့ အခု လွှတ်တော်အမတ်တွေ ခေါင်းမှာစွပ်တဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းဆိုတာကြီး မဟုတ်ပါဘူး။ တကယ့်အစစ်အမှန် ပေါင်းတာပါ။ ပိတ်စ၊ ပ၀ါစ၊ တဘက်စ တစ်ခုခုကို ခေါင်းမှာ ပတ်ပြီး ပေါင်းထားတာပေါ့။ အဓိကကတော့ နေပူဒဏ်ကို ကာကွယ်ဖို့အတွက်။ ပြီးတော့ ချွေးတွေ ဘာတွေ ထွက်ရင်လည်း သုတ်လို့ရတယ်။ ခေါင်းခုပြီးတော့လည်း အိပ်လို့ရတယ်။ တစ်ခါတလေ ရေစစ်လည်း လုပ်လို့ရတယ်။ ပစ္စည်းတွေ ဘာတွေလည်း ထုပ်လို့ရတယ်။ အဲ့တော့ လွှတ်တော်အမတ်တွေ အနေနဲ့လည်း မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းချင်တယ် ထင်တာပဲ။ အခု အမတ်တွေ၊ တရားသူကြီးတွေ၊ ရှေ့နေတွေ အသုံးပြုနေတဲ့ ခေါင်းစွပ်ကြီးဟာ မြန်မာ့ ယဉ်ကျေးမှု မဟုတ်ဘူးထင်တယ်လေ။ အင်္ဂလိပ်တွေ ဆောင်းတဲ့ ဦးထုပ်နဲ့ မြန်မာ့ ခေါင်းပေါင်းကို အချိုးကျကျ ပေါင်းစပ်ထားတာ မဟုတ်လား။ အင်္ဂလိပ်တွေ ဆောင်းတဲ့ ဦးထုပ်တွေဟာ နေရောင်ကို ကာကွယ်တယ်။ နှင်းတွေ၊ မိုးရေတွေကိုလည်း ကာကွယ်တယ်။ ခေါင်းကိုလည်း ကာကွယ်တယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါး ရှိတယ်။ ဖိမိတိုက်မိလို့လည်း ဘာမှမဖြစ်ဘူး။ လူတိုင်းလိုလို လွယ်လွယ်ကူကူပဲ ဦးထုပ်ကို ဆောင်းကြတယ်။ အခု မြန်မာ့နည်း မြန်မာ့ဟန် ခေါင်းစွပ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ မျက်စိကိုလည်း နေရောင်ကနေ မကာကွယ်ဘူး။ စွပ်ရင်လည်း ကွက်တိဖြစ်မှ ကျွတ်မကျမှာမို့ ခေါင်းကို ကျပ်စေတယ်။ ဖိမိ၊ တိုက်မိရင်လည်း ကျိုးကြေ ပျက်စီးတတ်သမို့။ ဘူးလေးနဲ့ ထည့်ထားရတယ်။ တကယ်တော့ မြန်မာတွေဟာ ယဉ်ကျေးမှုကိုလည်း ထိန်းချင်တယ်။ ဒါပေမဲ့ ခေါင်းပေါင်းအစစ်ကို ပေါင်းဖို့လည်း မတတ်ဘူး။ တတ်ရင်လည်း ပေါင်းရတာ မလွယ်ကူဘူး။ ခေါင်းပေါင်းနည်း တွေကလည်း တော်တော်များတာကို။ ဟိုးရှေးရှေးတုန်းက မင်းညီမင်းသား ပေါင်းတာနဲ့ အရပ်သားပေါင်းတာ မတူပြန်။ မှူးမတ်က တစ်နည်း။ စစ်သူကြီးက တစ်မျိုး။ ကိုလိုနီခေတ် ရောက်တော့ ခေါင်းပေါင်းကို တစ်နည်း ဆန်းသစ်လာကြပြန်တယ်။ အုပ်ပေါင်း၊ ပတ်ပေါင်း၊ ဘီအေပေါင်း ဆိုတာတွေပေါ့။ ဆန်းသစ်ရင်းနဲ့ ခက်လာတယ်။ အဲ့တော့ နောက်လူတွေဟာ ခေါင်းပေါင်းကို မပေါင်းတတ်ကြတော့ဘူး။ ဒီတော့ အလွယ်ရတဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းဆိုတဲ့ ခေါင်းပေါင်းအတု။ တစ်နည်းအားဖြင့် ဗမာခေါင်းစွပ်ကြီးကို စွပ်လိုက်တာပါပဲ။ အဲ့တော့ ခေါင်းပေါင်းလိုလို ဘာလိုလို ထင်သွားတာပေါ့။ အဲ့လိုမျိုး စွပ်တာဟာ ဟိုးအရင်ခေတ်။ လူတွေ ခေါင်းပေါင်းကို တန်ဖိုးထားတဲ့ အချိန်တုန်းကတော့ ကိစ္စမရှိပါဘူး။ ခေါင်းပေါင်းပါမှ လူရာဝင်တယ် ထင်ကြတာကိုး။ အဲ့တော့ လူရာဝင်ဖို့ ခေါင်းပေါင်းအတုကို စွပ်ရမှာပေါ့။ အဲ့လို စွပ်ရင်း၊ စွပ်ရင်းနဲ့ အတုက နေရာ ရလာရော။ ဒီလိုနဲ့ ခေါင်းပေါင်းအတုက မြန်မာ့ယဉ်ကျေးမှုဆိုပြီး ဖြစ်လာတယ်။ မောင့်ကျက်သရေ ခေါင်းစွပ်ဟာ မြန်မာ့ယဉ်ကျေးမှုပေါ့။ ဒါပေမဲ့ ခက်တာက အဲ့ ယဉ်ကျေးမှုဆိုတဲ့ ခေါင်းစွပ်ကြီးကို နေရာတကာမှာ မစွပ်ကြတာပါပဲ။ ပွဲတွေ။ အခမ်းအနားတွေရှိရင် စွပ်မယ်။ မင်္ဂလာဆောင်မှာ စွပ်တယ်။ တရားရုံးမှာ စွပ်တယ်။ အဲ့လောက်ပဲ။ အခုတော့ လွှတ်တော်မှာ ပြန်စွပ်ကြတယ်။ အပြင်မှာတော့ ခေါင်းပေါင်းကို စွပ်ပြီး လျှောက်မသွားကြဘူး။ အခု လွှတ်တော်မှာတောင်မှ ခေါင်းပေါင်း ချွတ်ရေး၊ စွပ်ရေးနဲ့ ခဏခဏ ပြသ၁နာ တက်ကြတယ်လို့ ကြားတယ်။ တက်မှာပါပဲ။ လွှတ်တော် အစည်းအဝေး တောက်လျှောက် အဲ့ဒါကြီးကို စွပ်ထားတာ ဘယ်သက်သာပါ့မလဲ။ ခေါင်းကို ချုပ်ထားသလို ကျပ်ကျပ်တည်းတည်း ရှိနေမှာပဲ။ အပြင်ကနေ ဒီအတိုင်းလာ။ လွှတ်တော်ထဲ ရောက်ရင် ခေါင်းကို စွပ်။ တီးဘရိတ်ကြရင် ပြန်ချွတ်။ လွှတ်တော်ထဲ ပြန်ထိုင်ရင် ပြန်စွပ်။ နောက်ဆုံးတော့ လွှတ်တော်ဥက္ကဋ္ဌက “ဘယ်သူ ချွတ်ချွတ် မချွတ်ချွတ် ကျုပ်တော့ ချွတ်ပြီ” ဆိုမှ ပြသ၁နာ ခဏအေးလေတယ်။ တကယ်တော့ ခေါင်းပေါင်းဟာ ဗမာလူမျိုး တစ်မျိုးတည်းမှာ ရှိတာတော့ မဟုတ်ဘူး။ အခြားလူမျိုးတွေလည်း ကိုယ်စီကိုယ်ငှ ခေါင်းပေါင်းရှိကြတာပဲ။ ဒါပေမဲ့ သူတို့က တကယ့်ခေါင်းပေါင်းတွေ များတယ်။ အချို့ တိုင်းရင်သားတွေရဲ့ ခေါင်းပေါင်းကတော့ ချိုတွေ၊ ရွှေတွေ၊ ငွေတွေ ထည့်ထားလေတော့ ပိသာနဲ့ ချီပြီးလေးတယ်လို့ ကြားမိတယ်။ ယဉ်ကျေးမှုဆိုတာကြီးကလည်း ခက်တော့ခက်တယ်။ မထိန်းသိမ်းပြန်တော့လည်း အမျိုးကို မချစ်လို့၊ ဘာညာပြောကြမယ်။ ထိန်းသိမ်းပြန်တော့လည်း လူမှာ မသက်သာလှဘူး။ ဟိုးအရင်တော့ ခေါင်းပေါင်းဆိုတာ လူတိုင်းလိုလို လွယ်လွယ်ကူကူ ပေါ့ပေါ့ ပါးပါး ပေါင်းကြတယ်။ နှောင်းပိုင်း ရောက်လာတော့ ခေါင်းပေါင်းနည်းတွေကို စတန့်ထွင်ရင်းနဲ့ ခေါင်းပေါင်း ပေါင်းရတာ ခက်လာတယ်။ အဲ့တော့ လွယ်အောင် ခေါင်းစွပ် လုပ်ပလိုက်တယ်။ လျှော်ရတာလည်း သက်သာတယ်။ ဘူးလေးထဲ ထည့်သယ်သွားရုံပဲ။ တစ်ခါတလေတော့ ခေါင်းပေါင်းထည့်ဖို့ လုပ်ထားတဲ့ သရေဘူးလေးတွေဟာ ခေါင်းပေါင်းထက်တောင် ဈေးကြီးလေမလားပဲ။ မြန်မာ့ယဉ်ကျေးမှု လိုလို၊ ကုလားယဉ်ကျေးမှု လိုလို ဖြစ်နေတဲ့ ပုဆိုးဟာ အခုအချိန်အထိ မြန်မာပြည်မှာ ပန်းပန်နေဆဲပဲ။ ဘောင်းဘီတွေ ဘယ်လိုကောင်းတယ် ဆိုပေမယ့် မြန်မာပြည်ရဲ့ ဘယ်နေရာကို ကြည့်လိုက်၊ ကြည့်လိုက် ပုဆိုးဝတ်တဲ့လူတွေကို အများဆုံးတွေ့ရမှာပဲ။ လူငယ်ဘ၀မှာ ဘောင်းဘီကို ကြိုက်လှချည်ရဲ့ ဆိုသူတွေလည်း အသက် နည်းနည်းကြီးလာတာနဲ့ ဘောင်းဘီကိုစွန့်ပြီး ပုဆိုးကို ပြောင်းဝတ်ရတာပဲ။ လွယ်တာကိုး၊ ပေါ့ပါးတာကိုး။ အခုခေတ် ပုဆိုးလိုသာ မဟုတ်ဘဲ။ ရှေးခေတ်တုန်းကလို အတောင်နှစ်ဆယ် ပိတ်စကို ပတ်ရမယ် ဆိုရင်တော့ လူတွေ ယဉ်ကျေးမှုကို ထိန်းသိမ်းမယ် မထင်မိဘူး။ ပိတ်စ အတောင်နှစ်ဆယ်ဆိုတော့ ဈေးကလည်း သက်သာမှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ တောင်ရှည်ပုဆိုး ၀တ်နည်း အတိုင်းသာ ၀တ်မှ မြန်မာ့ယဉ်ကျေးမှု ဆိုရင်လည်း အဲ့ယဉ်ကျေးမှုကို ထိန်းကြမှာ မဟုတ်ဘူး။ အဲ့တော့ အခု အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားဆိုတာ မရှိတော့ဘူး။ ဇာတ်ထဲမှာတော့ ရှိမလားပဲ။ တောင်ရှည်ကတော့ လူရွှင်တော်တွေ တစ်ခါတလေ ၀တ်ကြသေးတယ်။ ပြောချင်တာကတော့ လွှတ်တော်အမတ်တွေ အနေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမယ် ဆိုရင်လည်း တောင်ရှည်နဲ့ တိုက်ပုံကိုဝတ်။ (တိုက်ပုံကလည်း တရုတ်က ယူတယ်လို့ ဆိုပြန်တယ်။ အခုတရုတ်တွေ တိုက်ပုံမှ မ၀တ်တာ ကိစ္စမရှိဘူး။ မြန်မာ့ယဉ်ကျေးမှု ဖြစ်သွားပြီ) ပြီးတော့ ခေါင်းစွပ်မဟုတ်တဲ့ ခေါင်းပေါင်းကို ကျကျနနပေါင်း။ ပြီးတော့ လွှတ်တော်တက်။ ဒါပေမဲ့လည်း လွှတ်တော်ဟာ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းဖို့ နေရာလား။ ဥပဒေတွေပြဋ္ဌာန်းပြီး တိုင်းပြည်ကို ပဲ့ကိုင်ဖို့ နေရာလား။ ဥပဒေပြဋ္ဌာန်းပြီး တိုင်းပြည်ကို ပဲ့ကိုင်ရမယ့် နေရာဆိုရင်တော့ အ၀တ်အစားက အရေးမကြီးဘူးလေ။ အဲ့ တစ်နည်းအားဖြင့် ဆိုရမယ်ဆိုရင် ခေါင်းမှာ စွပ်တဲ့ ခေါင်းစွပ်က အရေးမကြီးဘူး ၊ ခေါင်းစွပ်အောက်မှာရှိတဲ့ ဦးနှောက်ကမှ အရေးကြီးတာ။ မင်းကလည်းကွာ။ သူ့ဟာသူ စွပ်စွပ်၊ တပ်တပ် မင်းနဲ့ ဘာဆိုင်တုံး။ အဲ့ခေါင်းပေါင်းလေး စွပ်ထားတာ ဘာအပန်းကြီးလို့တုံး လို့ တချို့က ပြန်ပြောကြလိမ့်မယ်။ အဲ... အခုတော့ မဆိုင်ဘူးပေါ့လေ။ ဒါပေမဲ့ တစ်ချိန်မှာ ကျုပ်လည်း လွှတ်တော်အမတ် မဖြစ်ဘူးလို့ ပြောနိုင်မလား။ အဲ့ဒါအခါကျရင် ကျုပ်မကြိုက်တဲ့ ခေါင်းစွပ်ကြီးကို ခေါင်းမှာ စွပ်ထားရမှာ။ အဲ့ဒါကြောင့် အခုရှုပ်မှ နောင်ရှင်းဆိုသလို အခုတည်းက ပြောထားရတာ။ နိုမို့ဆို ကျုပ်ရောက်လာရင် ဘာအလုပ်မှ မလုပ်ရဘဲ ခေါင်းပေါင်းလား၊ ခေါင်းစွပ်လား ဆိုတဲ့ ပြသ၁နာနဲ့တင် လွှတ်တော်ကြီး အလုပ်မဖြစ်မှာ စိုးလို့ပါလို့။ စိုပြေ The Ladies News

No comments: