Monday, October 19, 2015

သူတို့ ကြိုက်တဲ့ နိုဝင်ဘာ တနင်္ဂနွေရက်များ သူတို့ ကြိုက်တဲ့ နိုဝင်ဘာ တနင်္ဂနွေရက်များ

သူတို့ ကြိုက်တဲ့ နိုဝင်ဘာ တနင်္ဂနွေရက်များ

၂၀၀၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ သတင်းများနှင့် နိုင်ငံတကာ သတင်းဌာနများ၏ နေပြည်တော်အကြောင်း ဖော်ပြမှု

“ငါတို့ ထွက်နေပြီဟေ့...”
“ငါတို့ ထွက်နေပြီ ...”

ဆောင်းနံနက်ခင်း တစ်ခုမှာ ရာချီရှိတဲ့ အစိုးရ ၀န်ထမ်းတွေ ဒီလို အော်ခဲ့ကြတယ်လို့ ဆိုသူတွေ ရှိပါတယ်။

တချို့ကလည်း အဲဒီနေ့ နံနက်ခင်းမှာ

“ထွက် ... ”
“ထွက် ... ” လို့ အော်ခဲ့ကြတယ်လို့ ပြောခဲ့ဖူးပါတယ်။

တစ်ချို့ကတော့

“အောင်ပြီ ... ”
“အောင်ပြီ ... ” လို့ အော်ဟစ် ကြွေးကြော် ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ ဘာအတွက် အော်ခဲ့ကြတာလဲ။

■ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်
တနင်္ဂနွေ၊ နံနက် ၆ နာရီ ၃၇ မိနစ်

နေပြည်တော်ကို အစိုးရ ၀န်ထမ်းတွေ စတင် ပြောင်းရွှေ့ ကြရပါတယ်။ အချိန်အားဖြင့် နံနက် ၆ နာရီ ၃၇ မိနစ်မှာ “ငါတို့ ထွက်နေပြီ... ထွက်...ထွက် ... အောင်ပြီ” ဆိုတဲ့ အသံတွေနဲ့ ရန်ကုန်ကို ကျောခိုင်း လိုက်ကြတာပါ။

နောက်ငါးရက် အကြာမှာ ထူးခြားတဲ့ ဂဏန်းစဉ်တစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်၊ နံနက် ၁၁ နာရီ အချိန်မှာ တပ်မတော်ယာဉ် ၁၁၀၀ ခြံရံပြီး တပ်ရင်း ၁၁ ရင်းနဲ့ ၀န်ကြီးဌာန ၁၁ ခုဟာ ဒုတိယ အသုတ်အဖြစ် နေပြည်တော်ကို ရွှေ့ခဲ့ကြပါတယ်။ ဒီအခါမှာတော့ ကြွေးကြော် အော်ဟစ်သံတွေ မရှိခဲ့ပါဘူး။

နိုဝင်ဘာမှာ သူတို့ ပြောင်းခဲ့ပါတယ်။

အလယ်ရိုးမ ရပ်ဝန်း ပျဉ်းမနားမြို့ အနောက်ဘက် နှစ်မိုင်မှာ အစိုးရရဲ့ အုပ်ချုပ်ရေး မြို့တော် (မြန်မာနိုင်ငံရဲ့ မြို့တော်သစ်) ရှိလာမယ် ဆိုတာ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။

ပျဉ်းမနား ဒေသရဲ့ သမိုင်းက ရှည်လျားပါတယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) စစ်ဌာနချုပ် ရှိခဲ့တဲ့ အောင်မြေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရဲ့ တစ်ကျော့ပြန် တော်လှန်ရေး စတင်ရာ အောင်မြေ၊ ဒီလို ဒေသ တစ်ခုမှာ စစ်အစိုးရက အုပ်ချုပ်ရေး မြို့တော်သစ် တည်ခဲ့တယ် ဆိုတာ အံ့သြစရာပါ။ နောက်ပြီး တိုင်းပြည်က ဆင်းရဲ၊ ပြည်သူတွေ ဖွတ်မွဲပြာစု နေချိန်မှာ ကျပ်သန်းပေါင်း များစွာ အသုံးပြုပြီး မြို့တော်သစ် တည်ခဲ့တာပါ။

နေပြည်တော် ဇာတ်လမ်းက ၂၀၀၁ ခုနှစ်လောက်မှာ စပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၂ ခုနှစ် တန်ဆောင်းမုန်း လပြည့်နေ့၊ နံနက် ၉ နာရီ ၁၈ မိနစ်မှာ ရွှေအုတ်ကိုးလုံးနဲ့ အုတ်မြစ်ပန္နက် ချခဲ့တယ် ဆိုတဲ့ သတင်းတွေ ရှိခဲ့ပေမယ့် ဒါဟာ နေပြည်တော်အတွက် စတင်ခြင်းလို့ ပြည်သူတွေ မသိခဲ့ပါဘူး။

ဒီအတိုင်းပဲ အစိုးရ ၀န်ထမ်းတွေ ကိုယ်တိုင်လည်း သေချာ မသိခဲ့ပါဘူး။ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းမှာ နေရပ်သစ်ကို သူတို့ ပြောင်းရွှေ့ကြရတယ်။ ပြောင်းသာ ပြောင်းခဲ့ပေမယ့် သူတို့ ပြောင်းတဲ့ ဒေသရဲ့ နာမည်ကို မသိပါဘူး။

ဒီလိုပြောင်းပြီး တစ်ရက်အကြာ နိုဝင်ဘာ ၇ ရက်မှာ အချိန် လေးမိနစ်လောက်ပဲ ကြာတဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့ပါတယ်။ အစိုးရ ရုံးဌာနတွေကို ပျဉ်းမနား ဒေသဆီ ပြောင်းရွှေ့လိုက်ပြီလို့ ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောခဲ့ပါတယ်။ နေပြည်တော်လို့ မသုံးခဲ့ပါဘူး။

၂၀၀၆ ခုနှစ် မတ် ၂၇ ရက် တပ်မတော်နေ့ ရောက်မှ အုပ်ချုပ်ရေးမြို့ရဲ့ နာမည်ဟာ “နေပြည်တော်” လို့ အားလုံး သိခဲ့ကြပါတယ်။ ဒီ မတိုင်ခင် ဘယ်သူကမှ သေချာ မသိခဲ့ဘဲ မြို့တော်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်ဟာ လျို့ဝှက် စီမံကိန်းကြီး တစ်ခုလို ဖြစ်ခဲ့ပါတယ်။

လက်တွေ့မှာတော့ နေပြည်တော်ဟာ လျှို့ဝှက် စီမံကိန်း ပုံစံထက် ရာဇ၀င် နောက်ကြောင်း ပြန်ချင်တဲ့ ပုံစံမျိုးပဲ ဖြစ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် ဦးနုက သာသနာပြု မင်းတစ်ပါး ပုံစံ ဖြစ်အောင် ဆဋ္ဌသင်္ဂါယနာ တင်ခဲ့တယ်။ နိုင်ငံတော် ဘာသာကို ဗုဒ္ဓဘာသာ အဖြစ် ပြဋ္ဌာန်းဖို့ ကြိုးစားပါတယ်။ အာဏာရှင် ဦးနေ၀င်းက ကမ္ဘာအေး မဟာဝိဇယ စေတီတည်ပြီး ထီးတော်တင်တဲ့ နေ့မှာ အကျဉ်းသားတွေကို ဓမ္မရာဇ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးပါတယ်။

ဦးသန်းရွှေကတော့ နေပြည်တော် မြို့သစ်တည်ပြီး ဦးနု၊ ဦးနေ၀င်းတို့ထက် သာအောင် လုပ်ခဲ့ပါတယ်။

နေပြည်တော် စစ်ရေးပြကွင်းမှာ ရှိတဲ့ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားစတဲ့ ရုပ်တုကြီး သုံးခုနဲ့ ရွှေတိဂုံ ပုံစံတူ စေတီတော် ဥပတ္တသန္တိ စေတီတော်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ဟာ စတုထ္ထ နိုင်ငံတော် ပြယုဂ်ပုံစံ ဖြစ်အောင် ပုံဖော်ခဲ့ပါတယ်။

ရာဇ၀င် နောက်ကြောင်း ပြန်ခြင်းနဲ့ အတူ ဗေဒင်ယတြာ စိုးမိုးမှုတွေလည်း နေပြည်တော်မှာ ပြည့်နှက်နေပါတယ်။

ဝန်ကြီးရုံး ၃၁ ရုံးဟာ ၃၁ ဘုံကို ကိုယ်စားပြုခဲ့တယ်လို့ ပြောကြသူတွေ ရှိကြပြီး ၀န်ကြီးရုံးတွေရဲ့ တည်ဆောက်ပုံဟာ ကင်းမြီးကောက် လက်မထောင် ပုံစံ ဖြစ်နေတာကြောင့် ဒါဟာ ဗေဒင်ယတြာ၊ ကက်ကင်း သဘော နာမ်ပိုင်းဆိုင်ရာ သဘော ထည့်သွင်း တွက်ချက်ထားတဲ့ ပုံစံ လို့ ဆိုကြပါတယ်။

ဒါ့အပြင် နေပြည်တော် မြောက်ဘက် ချောင်းမကြီးဆည်မှာ တည်ထားခဲ့တဲ့ လေးကျွန်း မဏ္ဍိုင် ပြည်လုံးချမ်းသာ စေတီဟာ နေပြည်တော်ရဲ့ ၀ိဉာဉ်ပိုင်းဆိုင်ရာ ပြယုဂ်ဖြစ်တယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရှေးဗမာမင်းများရဲ့ အယူအဆအတိုင်း မြို့သစ်၊ နန်းသစ် တည်ခဲ့တဲ့ နေပြည်တော်ကို နိုဝင်ဘာ ၆ တနင်္ဂနွေနေ့မှာ အစိုးရ တစ်ဖွဲ့လုံး စတင်ပြောင်းရွှေ့ လိုက်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ထွက်လာတဲ့ အခါ နေပြည်တော်ကို နိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာတော့ နေပြည်တော် စည်ပင်သာယာရေး ဥပဒေကို ပြဋ္ဌာန်းပြီး နေပြည်တော် တည်ဆောက်ရေး လုပ်ပိုင်ခွင့်တွေကို တရားဝင် ပေးခဲ့ပါတယ်။

■ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်၊
တနင်္ဂနွေ

နေပြည်တော်ကို ပြောင်းရွှေ့ပြီးလို့ ငါးနှစ်အကြာ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက် (တနင်္ဂနွေ) မှာ အထွေထွေ ရွေးကောက်ပွဲ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ လုပ်မယ့်ရက်ကို သြဂုတ် ၁၃ ရက်(စနေ)မှာ ကြေညာပါတယ်။

နေပြည်တော်ကို စတင်ပြောင်းရွှေ့ ခဲ့ကြတာက နိုဝင်ဘာ ၆ (တနင်္ဂနွေ) ဖြစ်ပါတယ်။ နှစ် ၂၀ ကြာပြီးမှ ပထမဆုံး လုပ်မယ့် ရွေးကောက်ပွဲကို နေပြည်တော် ပြောင်းပြီး ငါးနှစ်ပြည့်လို့ တစ်ရက် အကြာ တနင်္ဂနွေနေ့မှာ လုပ်ပါတယ်။

ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်တွေ ကြီးစိုးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး)ပါတီပဲ အနိုင်ယူခဲ့ပါတယ်။ သူတင် ကိုယ်တင် ယှဉ်ပြိုင်ပြီး နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ကြိုတင်မဲ လုပ်ပွဲနဲ့ နိုင်ခဲ့တာပါ။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက သတ်မှတ်ခဲ့ပါတယ်။

အဲဒီ ရွေးကောက်ပွဲ မတိုင်ခင် တစ်နှစ်အလို ၂၀၀၉ ခုနှစ် သြဂုတ် ၁၁ ရက် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် သုံးနှစ် ထပ်တိုးပြီး ရွေးကောက်ပွဲနဲ့ လွဲအောင် လုပ်ခဲ့ပါသေးတယ်။ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည် နေအိမ်ထဲကို တရားမ၀င် ၀င်ရောက်ခဲ့တာနဲ့ ဆက်စပ်ပြီး နေအိမ် အကျယ်ချုပ် သုံးနှစ် တိုးခဲ့တာပါ။

ဒါပေမဲ့ ရွေးကောက်ပွဲမှာ အနိုင် သေချာအောင် လုပ်ပြီး စိတ်ချရတဲ့ အခြေအနေ ရောက်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့နေ့က ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက် ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လုပ်ပြီး တစ်ပတ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာပါ။

ဒီနောက်ပိုင်း နိုင်ငံတကာ ဆက်ဆံရေး နှင်းခဲပျော်ချိန်ဟာလည်း နိုဝင်ဘာတွေမှာပဲ စတင်ခဲ့တာပါ။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် နေပြည်တော်ကို လာခဲ့ပါတယ်။ ဟီလာရီ လာပြီးတဲ့နောက် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာ အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံကို ပထမဆုံး သမိုင်းဝင် ခရီးအဖြစ် လာခဲ့ပါတယ်။ ဒုတိယအကြိမ် နေပြည်တော်ကို သမ္မတ အိုဘားမား လာခဲ့တဲ့ နေ့ကလည်း ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၃ ရက် ဖြစ်ပါတယ်။

■ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်၊
တနင်္ဂနွေ

လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲ လုပ်ပါမယ်။

နေပြည်တော် ဆယ်နှစ်ပြည့်နဲ့ တိုက်ဆိုင်နေပါတယ်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက် တနင်္ဂနွေမှာ နေပြည်တော်ကို စရွှေ့တယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက် တနင်္ဂနွေမှာ အငြင်းပွား ဖွယ်ရာ ရွေးကောက်ပွဲ ရလဒ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စစ်တစ်ပိုင်း အစိုးရအဖြစ် ပြောင်းလဲခဲ့ပါတယ်။

အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် တနင်္ဂနွေမှာ ဘာဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာတော့ သဘာဝဘေးဒဏ်ကို အကြောင်းပြုပြီး အထွေထွေ ရွေးကောက်ပွဲနေ့ကို ရွှေ့ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မူလ သတ်မှတ်ထားတဲ့အတိုင်း နိုဝင်ဘာ ၈ ရက်၊ တနင်္ဂနွေမှာပဲ မပြောင်းလဲဘဲ လုပ်ဖို့ ညပိုင်းမှာ ကြေညာချက် ထုတ်ခဲ့ရပါတယ်။

ဒါက ရွေးကောက်ပွဲရက် ရွှေ့မှာကို ကန့်ကွက်တဲ့ နိုင်ငံရေး ပါတီတွေကြောင့်တော့ မဟုတ်ပါဘူး။ သူတို့ ကြိုက်လို့ ကြိုတင် သတ်မှတ် ထားပြီးဖြစ်တဲ့ နိုဝင်ဘာ တနင်္ဂနွေ တစ်ရက်ကို မဖျက်ချင်လို့ပဲ ဖြစ်ပါလိမ့်မယ်။

အခုထိတော့ မဲစာရင်းလည်း မမှန် သေးသလို ပြည်ပရောက် မြန်မာတွေရဲ့ ကြိုတင်မဲပေးမှုမှာလည်း နိုင်ငံသား အခွင့်အရေး ဆုံးရှုံးအောင် လုပ်ရုံသာ မကဘဲ မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေ အတွက် ကြိုတင်မဲတွေကို အသုံးချနေပြန်ပြီလို့ အထင်ရောက်စရာတွေ ရှိနေပါတယ်။

အစဉ်အလာ အားဖြင့်တော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲက နိုဝင်ဘာဟာ အကောင်း၊ အဆိုး ရောထွေးခဲ့ပါတယ်။ နိုဝင်ဘာချင်း တူရင်တောင် ၂၀၀၅ ခုနှစ် နောက်ပိုင်း နိုဝင်ဘာ တနင်္ဂနွေများရဲ့ ရာဇ၀င်ဟာ ရှုပ်ထွေးမှုတွေ ရှိတတ်ပါတယ်။

၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ နေပြည်တော်ကို ဇွတ်အတင်း ပြောင်းခဲ့ကြပေမယ့် ဒီနေ့အ ချိန်အထိ မြို့ပြ အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပုံစံ ဖြစ်မလာပါဘူး။ ကျပ်ငွေ သန်းပေါင်းများစွာ အကုန်ကျခံ သုံးစွဲခဲ့ပေမယ့် မြို့ဟာ မြို့ပုံစံ ဖြစ်မလာဘဲ ‘တစ္ဆေ မြို့တော်’၊ ‘အတုအယောင်မြို့’၊ ‘အသက်ဝိဉာဉ် ကင်းမဲ့နေတဲ့မြို့’ ဆိုပြီး သတ်မှတ်ခံရတာပဲ အဖတ် တင်ပါတယ်။ ဒီကြားထဲမှာ ယာဉ်မတော်တဆ မှုတွေကြောင့် သေဆုံးသူ များခဲ့တဲ့ နေပြည်တော် အမြန်လမ်းကို ‘သေမင်းတမန်လမ်း’ လို့ ခေါ်ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်ရဲ့ အဖြေကတော့ ရှင်းပါတယ်။ အဲဒီနေ့မှာ လိုချင်တဲ့ ရလာဒ်တစ်ခုကို တရားမျှတခြင်း မရှိတဲ့ နည်းလမ်းနဲ့ ယူခဲ့တယ်။ ပြုပြင် ပြောင်းလဲမှုတွေ ထင်သလောက် ဖြစ်မလာခဲ့ဘူး။ ဒီအခါ ပြည်သူတွေ အကြား ပြောင်းလဲလို စိတ်တွေ ဒီနေ့ အချိန်မှာ ပြင်းထန်လာပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်ဟာ နိုဝင်ဘာ တနင်္ဂနွေကို ကြိုက်ကြ သူတွေနဲ့ ပြည်သူတွေ အကြား အားပြိုင်ကြမယ့် ပွဲပဲ ဖြစ်ပါတယ်။ တရား မျှတစွာ အားပြိုင်ခဲ့တဲ့ ပွဲ ဖြစ်ခဲ့ရင် ပြည်သူတွေ အောင်ပွဲ ခံပါလိမ့်မယ်။ ဒီလို မဟုတ်ဘဲ တရားမျှတခြင်း မရှိခဲ့ဘူး ဆိုရင် နေပြည်တော် ဆယ်နှစ်ပြည့်နဲ့ အတူ အကျည်းတန်မှုတွေသာ ဆက်ဖြစ် သွားပါလိမ့်မယ်။ နေပြည်တော် ဆိုတာလည်း လူတွေသာ နေကြပေမယ့် တည်ဆောက်လို့ ဘယ်တော့မှ မပြီးတဲ့ မြို့ကြီးတစ်ခုပဲ ဖြစ်နေပါလိမ့်မယ်။

credit: ELeven



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: