မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 20, 2015
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များအား ပြည်သူများ သိရှိစေရန် အစိုးရ ထုတ်ပြန် =========================================
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များအား ပြည်သူများ သိရှိစေရန် အစိုးရ ထုတ်ပြန်
=========================================
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပါက အသုံးပြုမည့် စာချုပ်ပါအချက်များအား ပြည်သူများသိရှိစေရန်အတွက် အစိုးရက ၂၀၁၅ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
“ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်”ဟု အမည်ပေးထားသည့် စာချုပ်တွင် နိဒါန်း၊ အခန်း (၁) အခြေခံမူများ၊ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အခန်း (၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာအောင် လုပ်ဆောင်ခြင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ အခန်း(၆) ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ယုံကြည်မှု တည်ဆောက် ခြင်းနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့်အချက်များ၊ အခန်း(၇) အထွေထွေ စသည့် အခန်းခုနစ်ခန်း ပါဝင်ပြီး ယင်းစာချုပ်ရရှိရေးအတွက် နှစ်နှစ်နီးပါးကြာ ညှိနှိုင်းခဲ့ကြရသည်။
အခန်း (၁) အခြေခံမူများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့်အ၀ရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားရန်၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်၊ ပြည်ထောင်စုအတွင်း နေထိုင်ကြသော နိုင်ငံသားအားလုံးကို လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လိင်ကွဲပြားမှုတို့ကြောင့် ခွဲခြား ဆက်ဆံခြင်းမပြုဘဲ တန်းတူရည်တူ အခွင့်အရေးရရှိစေရန်၊ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရန်၊ နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်းမရှိသည့် နိုင်ငံတော်ကို ထူထောင်ရန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ တို့ဖြင့် ပြည်ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။
အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များတွင် ဤစာချုပ်ကို လက်မှတ်ရေးထိုး သူများအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းအား လက်ခံဆောင်ရွက်ပြီးနောက် တရားမျှတမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးတို့အတွက် နှစ်ဖက်သဘောတူထားသည့် နိုင်ငံရေး ဆွေးနွေးရေး မူဘောင်ပေါ်တွင် အခြေခံ၍ ပါဝင်သင့်သူအားလုံး ပါဝင်သော နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစဉ်ကို စတင်ရန်ဟူ၍ ပါရှိသည်။
အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးဆိုင်ရာကိစ္စရပ်များတွင် ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ၁၄ ရက်အတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို တိကျသောအချိန်ဇယား သတ်မှတ်အကောင်အထည်ဖော်ဆောင်ခြင်းများ ပြုလုပ် သွားရန် သဘောတူသည်ဟု စာချုပ်တွင်ပါဝင်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လိုက်နာရမည့်အချက်များ၊ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ နေရာချထားခြင်း၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ လွတ်လပ်စွာသွားလာခွင့်ကိစ္စ၊ အရပ်သားများကို အကာအကွယ်ပေးခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် ပတ်သက်သည့် ကိစ္စတို့နှင့်ပတ်သက်ပြီး အသေးစိတ် ရေးသားဖော်ပြထားသည်။
အခန်း(၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များတွင် ဤသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးသူများအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လိုက်နာ ကြရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို ဤစာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ လက်မှတ်ရေးထိုးပြီး တစ်လအတွင်း အပြီးရေးဆွဲပြဋ္ဌာန်းရန် သဘောတူသည်ဟုပါရှိပြီး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခြင်းတို့နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားသည်။
အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ နိုင်ငံရေးလမ်းပြ မြေပုံချမှတ်ခြင်း တွင် (က)တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊ (ခ) အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်”ကို ရေးဆွဲသဘောတူညီမှုရယူခြင်း၊ (ဂ)ထိုမူဘောင်ကို အခြေခံ၍ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက် ဖွယ်ရာများကို လုပ်ဆောင်ခြင်း၊ (ဃ)ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပခြင်း၊ (င) ပြည်ထောင်စု သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ (စ)ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း၊ (ဆ)“ပြည်ထောင်စုသဘောတူစာချုပ်” ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည်တို့ကို နှစ်ဖက်သဘောတူသည်ဟု ဖော်ပြထား သည်။
အခန်း(၆) ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ယုံကြည်မှု တည်ဆောက်ခြင်းနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် အချက်များတွင် လက်မှတ်ရေးထိုးပြီးသည့် အချိန်တွင် ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟူသော စွပ်စွဲချက်ဖြင့် မတရားအသင်းအက်ဥပဒေအရ အမှုစွဲဆိုခြင်း ခံထားရသူများနှင့် အကျဉ်းကျခံ နေရသူများ လွတ်မြောက်ရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် သဘောတူသည် ဟူသည့် အချက်အပါအ၀င် ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ၊ စာချုပ်အား ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုနိုင်ရန် တင်သွင်းခြင်းတို့နှင့်ပတ်သက်၍ အသေးစိတ် ရေးသား ဖော်ပြထားသည်။
အခန်း(၇) အထွေထွေတွင် စာချုပ်ပါအချက်များ အကောင်အထည်ဖော်ရာ၌ ကြုံ တွေ့လာသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး”ကို ပုံမှန်ကျင်းပ၍ ဖြေရှင်းသွားရန် သဘောတူသည် ဟူသည်ကိုလည်း စာချုပ်တွင် ရေးသားထားသည်။
By Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment