မြစ်ကြီးနားမြို့တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အဖွဲ့ ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ကျပ်သိန်း ၁၈၇၄ သိန်းကျော် လှူဒါန်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားလွှတ်တော်မှ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ ပြည်ထောင်စု ၀န်ကြီးဦးစိုးမောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့မွန်းလွှဲက မြစ်ကြီးနားမြို့ရှိ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ရပ်မိရပ်ဖများ တစ်ထောင်ခန့်နှင့် နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကော်မတီက ကချင်ပြည်နယ်အတွင်း အစိုးရ ထိန်းချုပ်မှုအောက်ရှိ စစ်ရှောင်ပြည်သူများအား ကျပ်သိန်းပေါင်း ၁၈၇၄ သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများကို ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။ တွေ့ဆုံမှုတွင် အမျိုးသားလွှတ်တော် ဦးခင်အောင်မြင့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်တို့က ၎င်းတို့ဖြတ်သန်းလာသော စစ်မှုထမ်း တစ်လျှောက်တွင် ကချင်ပြည်နယ်အတွင်း ယင်းတို့၏ စစ်သားဘ၀ ဖြတ်သန်းရပုံများ၊ ချင်းတိုင်းရင်းသားတို့၏ သဘောထားကြီးမှု၊ သစ္စာထားမှုများကို ယင်းတို့၏ ကိုယ်တွေ့ဘ၀ အတွေ့အကြုံများကို ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က "ဒေသခံ တိုင်းရင်းသား ကျေးရွာများမှာ တစ်ခါတာဝန်ကျလျှင် ခြောက်လ၊ တစ်နှစ် နေလာခဲ့ရတယ်။ တိုင်းရင်းသားတို့၏ ဘ၀စေတနာကို နားလည်ပါတယ်။ တိုင်းရင်းသား ညီအစ်ကို မောင်နှမအပေါ်မှာ ကျွန်တော်တို့လောက် နားလည်မှု မရှိလောက်ပါဘူး" ဟု လူထုကို ပြောကြားသည်။ ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက "စဖွဲ့ကတည်းက ကချင်ပြည်နယ်ကို လာဖို့ပါ။ အဖွဲ့ပြီးပြီးချင်း ကရင်နှင့်မွန်မှာ ရေကြီးနေလို့ အရင်သွားရတယ်။ လှူတဲ့ပစ္စည်း ဒုက္ခသည်တွေ ရစေချင်လို့ စခန်း ၉၀ ကျော် လူသုံးသောင်းကျော်အတွက် စက်ရုံမှာ တိုက်ရိုက်မှာပြီး လှူတာပါ" ဟုဆိုသည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့ကို ဒေသခံ အစိုးရအဖွဲ့က ကျေးဇူးတင် ချီးမွမ်းစကား ပြောကြားခဲ့ပြီး ယင်းအဖွဲ့သည် စက်တင်ဘာ ၂၂ ရက်တွင် ဒုက္ခသည် စခန်းများသို့ သွားလေ့လာမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment