Thursday, September 19, 2013

အုပ်ချုပ်ရေးမှူးတွေသတိထား

ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ်က ရာအိမ်မှူး ထက်ဝက်ကျော်ကို အပြောင်းအလဲပြုလုပ် Thursday, September 19, 2013 မရမ်းကုန်းမြို့နယ်၊ အမှတ်(၂) ရပ်ကွက်တွင် ရွေးချယ်ခံရသော ရပ်ကွက် အုပ်ချုပ်ရေးမှူး အသစ်က ယခင်အုပ်ချုပ်ရေးမှူးဟောင်း လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ရာအိမ်မှူး ထက်ဝက်ကျော်ကို အပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း ရာအိမ်မှူးဟောင်း ဦးမြင့်ကျော်က The Voice သို့ ပြောကြားသည်။ ယခုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးသို့ တင်ပြသွားမည် ဖြစ်ကြောင်း ဦးမြင့်ကျော်က ဆိုသည်။ “အခုလို ဘာအပြစ်မှမရှိဘဲနဲ့ ဖြုတ်လိုက်တာက ကျွန်တော်တို့သိက္ခာကို အများကြီး ထိခိုက်တယ်။ ကျွန်တော်တို့ကို ညှိနှိုင်းတာလည်း မရှိဘူး၊ ဖြုတ်ခံလိုက်ရတဲ့ သူတွေထဲမှာ ရဲဘော်သုံးကျိပ် ဆွေမျိုးတွေ၊ ရှေ့နေကြီးတွေလို ဂုဏ်သိက္ခာရှိတဲ့ လူတွေပါတယ်” ဟု ရာထူးမှ ဖြုတ်ချခံရသူ ဦးဉာဏ်ထွန်းက ပြောကြားသည်။ ယခု ရွေးချယ်ခံရသော အုပ်ချုပ်ရေးမှူးမှာ ယခင်တပ်မတော်အစိုးရ လက်ထက်တွင် (ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ) အုပ်ချုပ်ရေးမှူး တာဝန်ကို ယူခဲ့သူဖြစ်ကာ ကျန်းမာရေးကို အကြောင်းပြု၍ တာဝန်မှ နုတ်ထွက်ခဲ့ပြီး နောက်ယခု တစ်ဖန်လစ်လပ်နေသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး နေရာကို ဝင်ရောက် ရွေးချယ်ခံခဲ့ရာ မဲပေးသူ စုစုပေါင်း ၃၆၅ ဦးမှ ထောက်ခံမဲ ၁၃၉ မဲဖြင့် အနိုင်ရရှိခဲ့သူ ဖြစ်ကြောင်း ၂၀၁၂ ရပ်၊ ကျေးဥပဒေအရ ဖွဲ့စည်းထားသော ရပ်ကွက် ကြီးကြပ်ရေးအဖွဲ့ ပြောကြားချက်အရ သိရသည်။ “ဘာပုဂ္ဂိုလ်ရေးကြောင့်မှ မဟုတ်ပါဘူး။ ကိုယ်နဲ့ လက်တွဲလို့ အဆင်ပြေမယ့် ရပ်ရွာရဲ့အကျိုးကို အမှန်တကယ် ဆောင်ရွက်ပေးနိုင်မယ့် သူတွေကို ရွေးချယ်ခဲ့တာပါ၊ အပြောင်းအလဲ စာရင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း အတည်ပြုပြီးပါပြီ၊ ဥပဒေအရ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အရ လုပ်ခဲ့တာ ဖြစ်တယ်” ဟု အထက်ပါ အပြောင်းအလဲ ပြုလုပ်သူ ယခုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ပြောကြားသည်။ ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်းခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ယင်းဥပဒေအရ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာ ရွေးကောက်ပွဲ ပြုလုပ် ခဲ့ကြရာ အထက်ပါ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၆ရက် မြို့နယ် အုပ်ချုပ်ရေးမှူးက တာဝန်မှ ရပ်စဲလိုက်ပြီး နောက်နှစ်လခန့် အကြာတွင် ရွေးကောက်ပွဲ ထပ်မံပြုလုပ်ကာ ဦးမောင်မောင်ကို အုပ်ချုပ်ရေးမှူး အသစ်အဖြစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ The Voice Weekly

No comments: