Sunday, December 18, 2016

ပန်းတောင်းက မူးယစ်ကုန်ကူးမှုကြီးကို ဖော်ထုတ်ဖို့ ထမင်းထုပ် ကွမ်းထုပ်နဲ့ တောထဲမှာ (၈)ရက်ကြာ ကင်းထောက်ခဲ့သူ


18-12-2016

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ် တောင်ကြားလမ်း ညောင်ဂျိုး စစ်ဆေးရေးဂိတ်အနီး ဆီပေပါခွံများဖြင့် ထည့်သို သယ်ဆောင်လာသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၆ နာရီခန့်တွင် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ ဥသျှစ်ပင်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိမှုမှာ သက်ဆိုင်ရာ ကြိုတင်သတင်းပေးချက်၊ သတင်းရရှိချက်ကြောင့် ရှာဖွေဖမ်းဆီးမိခြင်းမဟုတ်ဘဲ မူးယစ်ဆေးဝါးများတင်ဆောင်သည့် ဆီဘောက်ဆာကားကို မသင်္ကာသဖြင့် စောင့်ကြည့်ခဲ့သူမှာ သာမန်အရပ်သားတဦးဖြစ်သည်။ တနည်းအားဖြင့် ၎င်းဖြစ်စဉ်ကို ပထမဆုံးခြေရာခံမိသူမှာ ဥသျှစ်ပင်မြို့နေ ကိုရာဇာ ဆိုသူဖြစ်သည်။

ဖြစ်စဉ်မှာ ကိုရာဇာသည် ဒီဇင်ဘာ ၂ ရက် ညနေတွင် စမ်းပက်လက်နားနေစခန်းအနီး ဘုန်းကြီး ကျောင်းတွင် ခြံသန့်ရှင်းရေးလုပ်နေစဉ် ဆီဘောက်ဆာ ကားတစီးက တောထဲရှိ ခင်ဇော်ဦးအိမ်ရှိရာသို့ မောင်းဝင်သွားပြီး လမ်းပေါ်မှ မမြင်နိုင်သော ချိုင့်ဝှမ်းအကွယ်တွင် ရပ်လိုက်သည်ကိုတွေ့ရှိရာမှ သင်္ကာမကင်းဖြစ်ပြီး လိုက်လံချောင်းမြောင်းကြည့်ရှုရာ ဘောက်ဆာကိုဖွင့်၍ စက္ကူဖြင့်ထုပ် ထားသောအထုပ်များ ချနေသည်ကို တွေ့ရှိရသောကြောင့် ဥသျှစ်ပင်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယောက်ဖဖြစ်သူ ရဲအုပ်ကျော်စိုးဦးကို တိတ်တဆိတ် အကြောင်းကြားခဲ့သည်။

''အစ်ကိုက မယုံတ၀က် ယုံတ၀က်နဲ့ပေါ့။ ဒါပေမဲ့ အဲဒီနေ့ကစပြီး ကျွန်တော့်ကို အိမ်ပြန်မလွှတ်တော့ဘူး။ အစ်ကိုက ထမင်းထုပ်၊ ရေ၊ ကွမ်းအစုံအလင်နဲ့ တောထဲပြန်လွှတ်ပြီး အချိန်နဲ့ဖုန်းဖွင့်ဖုန်းပိတ်နဲ့ စောင့်ကြည့်ခိုင်းလို့ ၈ ရက်လုံးလုံး တောထဲမှာ နေခဲ့ရတယ်။ ကျောက်ကွင်းလုပ်သား ယောင်ဆောင်လိုက် လူမမြင်ရင် တောထဲမှာ ပုန်းနေလိုက်နေရတာ''ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ စောင့်ကြည့်နေပြီး ဒီဇင် ဘာ ၄ ရက် ည ၈ နာရီခန့်တွင် ရဲအုပ် ကျော်စိုးဦး ယာဉ်ထိန်းရဲတပ်ကြပ် ဇာနည်အေးကျော်၊ ကိုရာဇာတို့ သုံးဦး တောတွင်းမှပတ်၍ ခင်ဇော်ဦးခြံအနောက်ဘက်သို့ တိတ်တဆိတ်ချဉ်းကပ်ခဲ့ရာ ည ၁၁ နာရီခန့်တွင် တိုင်ကီများထားရာအနားသို့ ချဉ်းကပ်မိသော်လည်း ညစောင့်၏ ဓာတ်မီးရောင်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြသည်။

''အစ်ကိုက သူ့ရဲ့အတွေ့အကြုံအရဘာလဲဆိုတာ သိလိုက်ပြီ။ ဒါနဲ့ ပြည်ခရိုင် ဒ/န ကို လျှို့ဝှက်ဆက်သွယ်လိုက်တယ်။ ဟိုက အဓိကလူတွေမိမှဖြစ်မယ်၊ နယ်မြေစခန်းကိုမပြောပါနဲ့ဆိုလို့ ကျွန်တော်ပဲ ဆက်စောင့်ရတယ်''ဟု ကိုရာဇာက ဆက်လက်ပြောကြားသည်။

မည်သို့ပင် သတင်းပိတ်ဆို့ထားစေကာမူ သတင်းပေါက်ကြားခဲ့ဟန်ရှိပြီး ခင်ဇော်ဦးတယောက် ဂနာမငြိမ်ဖြစ်လာတော့သည်။ ''ဒီဇင်ဘာ ၈ ရက်မှာ ပေပါတွေကို ဖင်ဖွင့်အထုပ်ထည့်၊ ၀ရိန်ပိတ်နေတာမြင်ရတယ်။ ဒီကြားထဲ ညောင်ခြေထောက်ရွာက ယာဉ်မောင်းကျော်ကျော်ရဲ့ အိမ်ကို ကားနဲ့လူ ရှိ၊ မရှိ ဧည့်သည်အ၀င်အထွက်ကို သွားကြည့်ရသေးတယ်။ စမ်းပက်လက်နဲ့ ညောင်ခြေထောက်ရွာက မိုင်အားဖြင့်မဝေးပေမဲ့ တောင်ဆင်း တောင်တက်နဲ့ 'ဂ'ငယ်ကွေ့တွေဆိုတော့ အရမ်းပင်ပန်းတယ်ဗျာ''ဟု ကိုရာဇာက နွမ်းလျစွာ ပြောဆိုသည်။

ဒီဇင်ဘာ ၁၀ ရက် နံနက် ၄ နာရီ ခန့်တွင် မူးယစ်ဆေးများသယ်ဆောင်ထားသော 9H/7427 ခြောက်ဘီးတပ်အပြာရောင် FAW-SKAT ယာဉ်သည် ဥသျှစ်ပင်ဘက်သို့ စတင်ထွက်ခွာပြီး တောင်နှစ်လုံးအကျော်လောက်တွင် နောက်ကြောင်းပြန်လှည့်ပြီး ရခိုင်ပြည်နယ် တောင်ကုတ်သို့ ဦးတည်မောင်းနှင်နေစဉ် ကိုရာဇာက သတင်းပေးပို့ရာ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ဒ/န၊ ပန်းတောင်း ဥသျှစ်ပင်ရဲတပ်ဖွဲ့နှင့် အသိသက်သေများက ညောင်ဂျိုးလ၀ကဂိတ်တွင် လိုက်လံပိတ်ဆို့ဖမ်းဆီးရာ ယာဉ်မောင်းကျော်ကျော်(ခ) ၀င်းကျော် ဦး (၃၆)နှစ်၊ ပန်းတောင်းမြို့နယ် ညောင် ခြေထောက်ရွာ၊ ၎င်းနှင့်ယောက်ဖတော်စပ်သူ ချစ်ဖွယ် (၄၆)နှစ် ရတနာပုံရပ်ကွက်၊ ဥသျှစ်ပင်၊ သက်ဝင်းအောင် တောင်လည်ရွာ၊ ပေါက်ခေါင်းနေသူတို့ကို WY စာတန်း ပါ လိမ္မော်ရောင် စိတ်ြွကရူးသွပ်ဆေးပြား ထည့်ထားသော တပေပါလျှင် ဆေးပြား တသောင်းဝင်အထုပ်တရာစီနှင့် ပေပါ ၁၄ လုံး ဒီဇယ်ပေပါ ၃ လုံး စုစုပေါင်း ပေပါ ၁၇ လုံးနှင့်အတူ ဖမ်းဆီးရမိပြီး ပစ္စည်း စုဆောင်းထားသူ ခင်ဇော်ဦး (၅၁)နှစ် စမ်းပက်လက်စခန်း တဲအိမ်စုနေသူအား နံနက် ၈ နာရီ ၄၅ တွင် ထပ်မံဖော်ထုတ်ဖမ်းဆီးရမိသည်။ စုစုပေါင်းတရားခံလေးဦးဖမ်းမိသည်ဟု ရဲမှတ်တမ်းများအရသိရပြီး ကွင်းဆက်တရားခံဖြစ်သူ ခင်ဇော်ဦး၏သားမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း၊ အမှုကို ဥသျှစ်ပင်နယ်မြေရဲစခန်းနှင့် အထူးအဖွဲ့တို့မှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ထန်းထန်း(မဲဇလီ)
News Watch

No comments: