Friday, December 23, 2016

လုပ်ကြံခံရသည့် သံအမတ်ကြီး ဈာပနသို့ ရုရှားသမ္မတပူတင် တက်ရောက်

လူမြင်ကွင်းရှေ့တွင်ပင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့် သံအမတ်ကြီး၏ ဈာပန အခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်ဒရီ ကာလော့ဗ်သည် အန်ကာရာမြို့၊ အနုပညာ ခန်းမတစ်ခုထဲတွင် မိန့်ခွန်းပြောနေချိန်၌ တူရကီ ရဲအရာရှိ တစ်ဦး၏ ပစ်ခတ် လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို မော်စကိုသို့ ပြန်လည် သယ်ယူလာပြီးနောက် ဒီဇင်ဘာ ၂၂ ရက်က ဈာပန အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပူတင်သည် နှင်းဆီပန်းစည်း တစ်ခုကို ကိုင်ဆောင်ကာ ကာလော့ဗ်ကို နောက်ဆုံးအကြိမ်အဖြစ် လာရောက် နှုတ်ဆက်ခဲ့သလို ကျန်ရစ်သူ ဇနီးသည် မာရီနာ ဒေဗီဒိုဗာ ကာလော့ဗ်ကိုလည်း နှစ်သိမ့်အားပေးစကား ပြောကြားခဲ့သည်။ ဈာပန အခမ်းအနားသို့ ကွယ်လွန်သူ၏ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးနှင့် သံရေးတမန်ရေး အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။

ကွယ်လွန်သူ၏ ကျေးဇူးဂုဏ်ကို ချီးကျူးပြောဆိုသည့် အစီအစဉ်ကို ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က တာဝန်ယူခဲ့ပြီး အသက် ၆၂ နှစ် အရွယ်ရှိ ကာလော့ဗ်သည် အလွန်ထူးချွန်သည့် နိုင်ငံ့ ဝန်ထမ်းကောင်း တစ်ဦးဟု ပြောကြားသွားသည်။ “ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး အန်ဒရီ ကာလော့ဗ်ကို နှုတ်ဆက်လိုက်ရပါပြီ။ သူဟာ တာဝန်ထမ်းဆောင်နေရင်း အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှုရဲ့ သားကောင် ဖြစ်ခဲ့ရရှာတယ်။ ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး”ဟု လက်ဗ်ရော့ဗ်က ဆိုသည်။

Christ the Savior ဘုရားကျောင်းတွင် ကျင်းပသည့် ဈာပန အခမ်းအနား၌ ရုရှား အော်သိုဒေါ့စ် ခရစ်ယာန် ဘာသာရေး အကြီးအကဲ ပါထရစ်ခ်ျ ကီရဲလ်က ကာလော့ဗ်ကို အာဇာနည် တစ်ဦးဟု ဂုဏ်တင် ချီးကျူးသွားခဲ့သည်။ ဓာတ်ပုံများထဲ၌ ကာလော့ဗ်၏ ခေါင်းတလားကို ဖွင့်ထားပြီး ကျန်ရစ်သူ ဇနီးသည်က ၎င်း၏ နဖူးကို ထိနမ်း နှုတ်ဆက်နေသည်ကိုလည်း တွေ့ရသည်။

သံအမတ်ကြီး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ပျက်စီးခံမည် မဟုတ်ဟု ရုရှားနှင့် တူရကီ အစိုးရများက အသီးသီး ကြေညာထားကြပြီး လတ်တလောတွင် အမှုနှင့် ဆက်စပ်၍ လူ ၇ ဦးကို တူရကီ အာဏာပိုင်များက ထိန်းသိမ်း စစ်ဆေးလျက်ရှိသည်။

Ref: AFP

No comments: