Friday, December 23, 2016

အိန္ဒိယ အမျိုးသားတစ်ဦး ဆန္ဒပြရင်း ခန္ဓာကိုယ်တွင် မီးစွဲလောင်

အိန္ဒိယတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတစ်ဦး မတော်တဆ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောင်းဆရာ တစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ် ဆူခါမင်ဒါဆင်းမန်းသည် ပန်ဂျပ်ပြည်နယ် အစိုးရအဖွဲ့ကို ဦးတည်သော ဆန္ဒပြပွဲ တစ်ခုတွင် အရုပ်ကြီး တစ်ခုကို မီးတင်ရှို့ခဲ့သည်။ သို့သော် ဓာတ်ဆီများ ၎င်းအပေါ် ဖိတ်စင်ပြီး အမှတ်မထင် မီးကူးလာရာမှ ခန္ဓာကိုယ်ပေါ် မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်။

ယခုသီတင်းပတ် ဖြစ်စဉ်အတွင်း ဆင်းမန်းကို အနီးတဝိုက်တွင် ရှိနေသည့် ဆန္ဒပြသူများက ကူညီ၍ မီးငြှိမ်းသတ်ပေးခဲ့ရသည်။ ၎င်းသည် ဆိုးရွားပြင်းထန်သည့် မီးလောင်ဒဏ်ရာများ ရရှိသွားသော်လည်း ဆေးရုံပေါ်တွင် စိတ်ချရသည့် အခြေအနေ ရှိနေပြီဟု သိရသည်။

ဆင်းမန်းသည် ပန်ဂျပ်ပြည်နယ် အစိုးရ၏ ပညာရေး မူဝါဒအပေါ် ဘာသင်ဒါမြို့တွင် စုရုံးဆန္ဒပြရာ၌ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူများက ပန်ဂျပ်အစိုးရသည် ဗဟိုအစိုးရနှင့် ညှိနှိုင်းထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များ ပြည့်မီအောင် ၂ နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားကြသည်။

ပန်ဂျပ်ပြည်နယ် အစိုးရသည် ပညာရေး ကဏ္ဍတွင် စေတနာ့ဝန်ထမ်းများ ခန့်အပ်ပြီး ၂ နှစ်ပြည့်ချိန်၌ ၎င်းတို့ကို တရားဝင် အလုပ်အကိုင် ပေးသွားရန် ကတိပြုထားသော်လည်း လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဟု သတင်းများက ဖော်ပြသွားသည်။

Ref: The Sun

No comments: