Friday, December 23, 2016

တူရကီ စစ်သားနှစ်ဦးကို အိုင်အက်စ်များ အရှင်လတ်လတ် မီးရှို့သတ်

အိုင်အက်စ် စစ်သွေးကြွများက ဖမ်းဆီးရမိသည့် တူရကီ စစ်သားများကို အရှင်လတ်လတ် မီးရှို့သတ်နေသည့် ဗီဒီယို တစ်ခုကို အွန်လိုင်းပေါ် တင်ခဲ့ကြောင်း သိရသည်။

အိုင်အက်စ်က ယင်းဗီဒီယိုတွင် ပါရှိသည့် မီးရှို့သတ်ခံရသူ နှစ်ဦးမှာ နိုဝင်ဘာလ နှောင်းပိုင်းက ဆီးရီးယားတွင် ဖမ်းဆီးရမိလာသည့် တူရကီ စစ်သားများဟု အခိုင်အမာ ပြောကြားထားသည်။ တူရကီ စစ်တပ်သည် ဩဂုတ်လမှစ၍ အိမ်နီးချင်း ဆီးရီးယား ပိုင်နက်ဘက် ဝင်ရောက်ကာ အိုင်အက်စ်တို့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။

မွတ်ဆလင်များကို တူရကီစစ်တပ်က သတ်ဖြတ်နေခြင်းအပေါ် တုံ့ပြန်သည့် အနေဖြင့် သုံ့ပန်းစစ်သား နှစ်ဦးကို ရက်စက်သော နည်းလမ်းဖြင့် ကွပ်မျက်လိုက်ကြောင်း အိုင်အက်စ်က ကြေညာသည်။ တူရကီသည် ဆီးရီးယား ပိုင်နက်တွင် အိုင်အက်စ်တို့ကို မြေပြင်တပ်များရော၊ ဝေဟင်ထိုးစစ်ဖြင့်ပါ တိုက်ခိုက်လျက် ရှိသည်။

တူရကီ စစ်တပ်သည် ပြီးခဲ့သည့်လက ဆီးရီးယား မြောက်ပိုင်းတွင် စစ်သည်နှစ်ဦး အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း ကြေညာခဲ့ဖူးသည်။ ဒီဇင်ဘာ ၂၂ ရက်က အွန်လိုင်းပေါ် ထွက်ပေါ်လာသည့် ဗီဒီယိုနှင့် ပတ်သက်၍မူ သတ်ဖြတ်ခံရသူများမှာ မိမိတို့၏ စစ်သည်များ ဟုတ်မဟုတ် တူရကီ အာဏာပိုင်များက တိတိကျကျ မှတ်ချက် မပေးသေးချေ။ သို့သော် ယင်းဗီဒီယိုကို လူမှုကွန်ရက်များပေါ်မှ ပယ်ဖျက်နိုင်ရန် ကြိုးစားနေသည်။

ဗီဒီယိုထဲတွင် အိုင်အက်စ် ပါးကွက်သားများက ခေါင်းတုံးရိတ်ထားသည့် စစ်သားနှစ်ဦးကို ဖမ်းဆီး ချုပ်နှောင်ရာမှ ခေါ်ထုတ်လာပြီး ခွေးများသဖွယ် လေးဘက်ထောက်စေကာ လည်ပင်းမှဆွဲ၍ ကွပ်မျက်မည့် နေရာသို့ ခေါ်ဆောင်လာသည်။ ထို့နောက် ၎င်းတို့နှစ်ဦး၏ လည်ပင်းတွင် သိုင်းချည်ထားသည့် ကြိုးနှင့် ချိတ်ဆက်ထားသော စနက်တံကို အဝေးထိန်း ခလုတ်ဖြင့် မီးရှို့ကာ တူရကီ စစ်သားများကို မီးလောင်တိုက် သွင်းခဲ့ခြင်း ဖြစ်သည်။

တူရကီသည် ယခုသီတင်းပတ် အတောအတွင်း အိုင်အက်စ်တို့နှင့် ဆင်နွှဲသည့် စစ်ပွဲများတွင် အထိနာနေခဲ့ပြီး ဆီးရီးယားမြောက်ပိုင်း အယ်လ်ဘက်ဘ်ကို သိမ်းယူရန် ကြိုးစားမှု အတောအတွင်း တစ်ရက်တည်း၌ စစ်သည် ၁၆ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

Ref: Daily Mail

No comments: