Sunday, December 18, 2016

ဒေါ်လာဈေး စံချိန်တင် မြင့်တက်မှုကြောင့် အထွေထွေ ကုန်ဈေးနှုန်းများ လိုက်တက်


အမေရိကန် ဒေါ်လာဈေး တစ်ဟုန်ထိုးတက်ခြင်းနှင့်အတူ ပြည်ပမှမဖြစ်မနေ တင်သွင်းရသည့် ကုန်ပစ္စည်းများ ဖြစ်သည့် စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းနှင့် အခြားသော ကုန်ကြမ်း ပစ္စည်းများလည်း လိုက်ပါဈေးမြင့်တက်ကြောင်း ကုန်စည်ဈေးကွက် အတွင်းမှ သိရသည်။

အောက်တိုဘာလမှစ၍ မြင့်တက်လာသော ဒေါ်လာဈေးသည် ဒီဇင်ဘာလ  ၁၇ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၄၃၃ ကျပ်အထိ ဈေးမြင့်ခဲ့ပြီး ကုန်စည်ဈေးနှုန်းများမှာလည်း ယင်းကာလအတွင်း တဖြည်းဖြည်း ဈေးမြင့်တက်လာခဲ့သည်။

ပြည်တွင်းဈေးကွက် လိုအပ်ချက်ကြောင့် ပြည်ပမှ ၈ဝ ရာခိုင်နှုန်း တင်သွင်းရသည့် စားအုန်းဆီ လက်ကားဈေးနှုန်းမှာ အောက်တိုဘာလက တစ်ပိဿာ ၁၆ဝဝ ကျပ်နီးပါး ရှိခဲ့ရာမှ လက်ရှိ ဒီဇင်ဘာလ လယ်တွင် တစ်ပိဿာကို ၂၁ဝဝ ကျပ်နီးပါး ဈေးတက်လာခဲ့ပြီး လက်လီဈေးကွက်တွင်မူ တစ်ပိဿာ ၂၄ဝဝ ကျပ်နီးပါး ဈေးတက်ကြောင်း စားအုန်းဆီ ရောင်းချသူများထံမှ သိရသည်။

“ပြည်တွင်းရဲ့ ဆီစားသုံးမှုကလည်း တက်လာတယ်။ ဒီလပိုင်းမှာ ငွေလဲနှုန်းက အတက်ပိုင်းမှာ ရှိနေတယ်။ အဲဒါကြောင့် စားအုန်းဆီဈေးတွေ တက်လာတယ်။ မြေပဲဆီလည်း တက်တယ်။ မြေပဲဆန်တွေကို တရုတ်နဲ့ထိုင်းက အဝယ်မရပ်ဘူး။ ဈေးဆက်တက်တယ်။ ဒီလိုမျိုး ဆက်သွားနေရင် ဆီဈေးကျဖို့ မမြင်ဘူး” ဟု ဆီစက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက သုံးသပ်ပြောကြားသည်။

စက်သုံးဆီ ဈေးနှုန်းများမှာလည်း လွန်ခဲ့သည့် နှစ်လခန့်မှ စတင်ကာ ဈေးနှုန်းများ မြင့်တက်လာခဲ့ရာ လက်ရှိအချိန်တွင် ဒီဇယ်တစ်လီတာကို ၆၇ဝ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာကို ၆၉ဝ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၆၈ဝ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာကို ၇၂ဝ ကျပ်အထိ ရှိပြီး အောက်တိုဘာလ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက သက်ဆိုင်ရာ စက်သုံးဆီ အမျိုးအစားအလိုက် တစ်လီတာလျှင် ကျပ် ၁ဝဝ ကျော် ဈေးတက်လာခဲ့ကြောင်း စက်သုံးဆီဈေးကွက် အတွင်းမှ သိရသည်။

စက်သုံးဆီ၊ စားအုန်းဆီများ ဈေးတက်လာသည့်အပြင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများမှာလည်း ဒေါ်လာဈေး တက်လာမှုကြောင့် ဈေးတက်လာခဲ့ပြီး ယင်းပစ္စည်းများမှာ အခြားသော ကုန်စည်များထက် ဈေးနှစ်ဆနီးပါးတက်ကြောင်း ဆေးကုန်သည်များထံမှ သိရသည်။

“ဆီးချိုရောဂါသည်တွေဆိုရင် ဆေးကို မဖြစ်မနေ လိုတယ်။ အဲလိုမျိုး လူတွေက ဆေးမဖြစ်မနေ ဝယ်ရမှာပဲ။ တခြားရောဂါတွေလည်း ဆေးမဖြစ်မနေ ဝယ်ရတာမျိုး ရှိတယ်။ အများစုကတော့ အရင်ကထက် ၃ဝဝ (ကျပ်)၊ ၅ဝဝ ဈေး တက်တယ်။ တချို့ပစ္စည်းကောင်းတဲ့ ဆေးတွေက ပိုပြီးဈေးတက်တယ်” ဟု ဆေးကုန်သည် ဦးအောင်မြင့်က ပြောဆိုသည်။

ဒေါ်လာဈေးမှာ ပြည်တွင်းတွင် သာမက ပြည်ပတွင်ပါ ဈေးတက်နေကြောင်း၊ မြန်မာနိုင်ငံအနေနှင့် သွင်းကုန်များသည့် အနေအထား ဖြစ်နေသောကြောင့် ဒေါ်လာဈေးတက်သည့်ဒဏ်ကို  ပိုမိုခံစားရခြင်း ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

ဒေါ်လာဈေးမြင့်တက်မှုသည် ကုန်ဈေးနှုန်းအပေါ်တွင်သာ ရိုက်ခတ်ခြင်း မဟုတ်ဘဲ ပြည်ပပို့ကုန်လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ကုန်ကြမ်းအားလုံးက ပြည်ပက သွင်းရတာ။ ကုန်ကြမ်းဝယ်တာ ဈေးမြင့်ရင် ကိုယ့်အတွက် သိပ်မကျန်ဘူး။ ဈေးအရမ်းမြင့်လွန်းရင် သူများနိုင်ငံက ဝယ်သွားမှာ။ ပို့ကုန်မြင့်တက်စေချင်ရင် ထုတ်လုပ်မှု စရိတ်တွေ လျှော့ချနိုင်မှဖြစ်မှာ” ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

လက်ရှိတွင် တရုတ်နှင့် ထိုင်းဘက်မှသွင်းသည့် အသင့်စား စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများမှာလည်း  ဈေးတက်လျက်ရှိပြီး ဒေါ်လာဈေး ပိုမိုတက်လာပါက ယခင်ကထက် ဈေးနှစ်ဆနီးပါး ထပ်တက်လာနိုင်ကြောင်း သွင်းကုန်လုပ်ငန်းရှင်များက ပြောဆိုကြသည်။

မြန်မာနိုင်ငံသည် သွင်းကုန်ပိုများသည့်အတွက် ငွေလဲနှုန်းတက်ပါက ဈေး ပိုတက်လာနိုင်ကြောင်း၊ ယင်းအခြေအနေများတွင် အစိုးရက သွင်းကုန်များအပေါ်တွင် အခွန်များ လျှော့ကောက်ပြီး ဈေးတက်ခြင်းကို ထိန်းချုပ်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးရဲမင်းဦးက မှတ်ချက်ပေး ပြောကြားသည်။        

No comments: