မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်တောင်းစက္ကူစက်ရုံအား ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီမှ နှစ် ၃၀ လုပ်ကိုင်ခွင့်ရယူခဲ့ရာတွင် နိုင်ငံတော်မှ အထွေထွေနှင့်နစ်နာမှုများအဖြစ် ကျပ်သိန်းပေါင်း တသိန်းတသောင်း ခြောက်ရာ (၁၁၀၆၁၃.၂၆)သိန်းကျော်နစ်နာခဲ့သည်ဟု ဆိုသည်။
ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီမှ ၂၀၁၁ သြဂုတ် ၂၆ ရက်တွင် ၁၀ နှစ် စာချုပ်ဖြင့် စက်ရုံဝင်းပတ်လည် ဧရိယာ (၁၅၈ ဒသမ ၃၆) ဧကအား တနှစ်လျှင် ၂၁၆ သန်းဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့သည်။ ငှားရမ်းပြီး ရက်သတ္တပတ်ခန့် အကြာ စက်တင်ဘာ ၁ ရက်တွင် လည်ပတ်နေသော စက်ရုံကြီးအား ရပ်တန့်ခဲ့သည်ဟု စစ်တောင်းစက္ကူစက်ရုံ ၀န်ထမ်းဟောင်းများက ပြောသည်။ ယင်းနောက် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၂ မတ် ၃၁ ရက်အထိ ကုန်ကြမ်းလက်ကျန်ကုန်သည်အထိ စက်လည်ပတ်ခဲ့ပြီး ၂၀၁၂ ဧပြီမှစ၍ ယနေ့အချိန်ထိ စက်ရုံလည်ပတ်ခြင်းမရှိဟု သိရသည်။ နောက်ဆုံး အခြေအနေတွင် ၀န်ထမ်းအများစု အလုပ်လက်မဲ့ဖြစ်ပြီး စက်ရုံအဆောက်အဦဖျက်သိမ်းခံရသည်သာရှိသည်ဟု သိရသည်။
ယင်းနှင့်ပတ်သက်၍ စက်ရုံဝန်ထမ်းဟောင်းဖြစ်သူ ဦးချစ်လှက ''ရွှေသံလွှင်ဟိုင်းဝေးကုမ္ပဏီစပြီးယူစဉ်က ဧက ၁၁၀ စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနအဆောက်အဦ နောက်တော့တွက်ခြေမကိုက်ဘူးဆိုပြီး နိုင်ငံတော်ကို ပြန်အပ် တယ်။ ပြန်အပ်ပြီးတော့ နောက်တကြိမ်ပြန်ယူပါတယ်။ ဒီဒုတိယအကြိမ်ပြန်ယူတဲ့အချိန်မှာ ဧက ၉၀၀ ကျော်ပါတယ်။ အဲဒီမှာ ၀န်ထမ်းအိမ်ရာတွေပါပါသွားတယ်။ နောက်တခါ တွက်ခြေမကိုက်ဘူးဆိုပြီး ပြန်ပေးပါတယ်။ နောက်ဆုံးအကြိမ်မှာ ရွှေသံလွင်ကုမ္ပဏီက Industrial Complex စက်မှုဇုန် (၁၊၂၊၃) လုပ်မယ်ဆိုပြီး ပေးလိုက်၊ ယူလိုက်၊ ယူလိုက်၊ ပေးလိုက်နဲ့ အပေးအယူတွေ မျှနေလိုက်ကြတာ။ အခုတော့ စစ်တောင်းစက္ကူစက်ရုံမှာ အရှက်လုံအောင်ဖုံးတဲ့ လန်ကွတ်တီတောင်မကျန်တော့ဘူး။ ဒါ အဖြစ်မှန်ပါ။ ၀န်ထမ်းအိမ်ရာကို ပေါချောင်ကောင်းနဲ့ရောင်းတာ ဘယ်တော့မှ လက်မခံနိုင်ပါဘူး''ဟု ဒီဇင်ဘာ ၁၀ ရက်တွင် ပြောသည်။
အဆိုပါ ၀န်ထမ်းအိမ်ရာနေရာသည် မြေဧက ၃၄၅ ဧက ကျယ်ဝန်းပြီး ၀န်ထမ်းအိမ်ရာပေါင်း ၉၉၄ လုံးအား ငွေကျပ် ၁၆ သိန်းရှစ်သောင်းဖြင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီမှ နှစ် ၃၀ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ စက်ရုံပိုင်မြေ ၉၂၆ ဧက၏ တန်ဖိုးတွင်လည်း လက်ရှိပေါက်ဈေးနှုန်းမဟုတ်ဘဲ ကျပ်တသိန်း ခြောက်သောင်းနှစ်ထောင်ကျော်ဖြင့်သာ ရယူခဲ့သည်ဟု သိရသည်။ နိုင်ငံတော်အဆင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ဖူးသည့် လူကြီးများ လာရောက်လျှင် တည်းခိုသည့် ဧည့်ရိပ်သာအဆောက်အဦနှစ်ခုအတွက် ကျပ် ၄၄ သိန်းဖြင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ နစ်နာနေမှုများအတွက် မဲဆန္ဒနယ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက အမျိုသားလွှတ်တော် ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေးတွင် လွှတ်တော်တင်ခဲ့ပြီး ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေး၌ သက်ဆိုင်ရာဝန်ကြီးဌာနက ဖြေကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက ''ဒေသခံတွေက စစ်တောင်းစက္ကူစက်ရုံနဲ့ပတ်သက်တဲ့ ဓာတ်ပုံအထောက်အထား အပြည့်အစုံ စာမျက်နှာ ၁၈၁ မျက်နှာနဲ့ ကျွန်တော့်ဆီလာတင်ပြပါတယ်။ ၀န်ထမ်းပေါင်းခြောက်ရာကျော်က အကူအညီတောင်းတာပေါ့။ သူတို့ပြောတာက ရွှေသံလွင် ကတိပေးခဲ့တဲ့ စက်မှုဇုန်က လေးနှစ်ကျော်ကြာပြီ ပေါ်မလာဘူး။ ကျွန်တော်တို့မှာ မေးခွန်းက သုံးမိနစ်ပဲ အချိန်ရတယ်။ ဥက္ကဋ္ဌကြီးက နှစ်မိနစ်အချိန်ပေးတာရယ်။ ငါးမိနစ်အတွင်း စောစောကပြောတဲ့ အထောက်အထားတွေ ခြုံငုံတင်ပြရတာပေါ့။ ရွှေသံလွင်ကုမ္ပဏီကို Book Value တန်ဖိုး လျှော့ချပေးလိုက်တာကြောင့် နိုင်ငံတော်က သိန်းပေါင်းတသိန်းတသောင်းခြောက်ရာကျော် နစ်နာခဲ့တယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရအနေနဲ့ ပြန်လည်စိစစ်ဖို့ အစီအစဉ်ရှိ၊ မရှိမေးခဲ့တယ်။ ကျွန်တော် သိသလောက် ၂၀၁၁ ဇန်န၀ါရီမှာ ရွှေသံလွင်က လုပ်ငန်းရှုံးလို့ ပြန်အပ်ပါရစေဆိုပြီး ပြန်အပ်တယ်။ ပြန်အပ်ချိန်မှာ ဘာပါသလဲဆိုရင် စက်ရုံကိုရောင်းမယ်ဆို သူတို့ကို ရောင်းဖို့ပါတယ်။ တတိယအကြိမ် ပြန်အပ်တော့ အစိုးရမှာ ပြဿနာပေါ်တယ်။ ပြဿနာက နောက်လူသစ်ကိုငှားဖို့ရှာရတာ၊ ရှာတော့ ရှင်ဆောင်းကုမ္ပဏီနဲ့တွေ့တယ်။ သူပေးတာက ရွှေသံလွင်ထက် နှစ်ဆသန်း ၄၅၀ ပေးတာ လူပေါင်း ၅၀၀၀ လောက် အလုပ်ရမယ်ပြောတာ ညှိနေတဲ့အချိန်မှာ ရွှေသံလွင်က သူပဲဆက်ပြီးငှားမယ်။ စက်မှုဇုန် ၁၊ ၂၊ ၃ လုပ်မယ်။ အဲဒီတုန်းက ၀န်ထမ်း ၁၀၇၆ ဦးရှိတယ်။ ၀န်ထမ်းအိမ်ရာမှာ ဆက်လက်နေထိုင်ခွင့်၊ လစာဘယ်လိုရမယ်၊ ရာထူးတိုးမယ်ဆိုတဲ့ ကတိက၀တ်တွေရှိခဲ့တယ်။ ရှိသော်ငြားလည်း လေးနှစ်ကြာတဲ့အထိ စက်မှုဇုန်ဆိုတာ ပေါ်မလာဘူး။ အဲဒီတော့ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေရဲ့ လုပ်အားတွေ ဆုံးရှုံးတယ်။ တိုင်းပြည်ရဲ့ထုတ်ကုန်တွေ ဆုံးရှုံးတယ်။ ၀န်ထမ်းတွေမှာလည်း ပျက်နေတဲ့အိမ်ရာတွေကို မပြင် ဆင်ရဲဘူး။ တော်တော်ကို ဆိုးဆိုးရွားရွား အခြေအနေပဲ။ ၉၉၄ ခန်းကို ၁၆ သိန်း ၈ သောင်းနဲ့ ရောင်းတာ။ အဲဒါကြောင့် ၀န်ထမ်းတွေ အင်မတန် ပူပင်သောကဖြစ် ရတယ်။ နေရာဖယ်ရမလားဆိုပြီးပေါ့။ ၀န်ထမ်းတွေကို သင့်တော်သောဈေးနှုန်းနဲ့ ၀ယ်ခွင့် သို့မဟုတ် ငှားရမ်းနေထိုင်ခွင့်ပေးမလား မေးခဲ့တယ်။ အဲဒီမေးခွန်းတွေကို သက်ဆိုင်ရာကလာဖြေတော့ တိုင်းပြည်အတွက် မနစ်နာဘူးလို့ဖြေခဲ့ပြီး ၀န်ထမ်းတွေနဲ့ပတ်သက်လို့ မွန်ပြည် နယ်အစိုးရနဲ့ ညှိနေဆဲလို့ ဖြေပါတယ်။ ကျွန်တော်တို့ အစိုးရကလည်း ပြည်သူကိုနစ်နာအောင်လုပ်မယ်လို့ မမျှော်လင့်ပါဘူး။ ဒီတော့ ၀န်ထမ်းများရဲ့ဆန္ဒပြည့်ပါစေလို့ပဲ ဆုတောင်းပါတယ်''ဟု ပြောသည်။
ယင်းနှင့်ပတ်သက်၍ ၀န်ထမ်းဟောင်းဖြစ်သူ ဦးချစ်လှက ''လွှတ်တော်ကိုယ်စားလှယ်ဦးလှမြင့်သန်းက မှန်ကန်တဲ့တင်ပြမှုတွေကို စက်မှုဝန်ကြီးဌာနက မျက်စိမှိတ်နားပိတ်ပြီးတော့ ငြင်းနေတယ်။ ဒါယဉ်ယဉ် ကျေးကျေးပြောတာပါ။ မှန်တာကို မှန်တယ်မပြောဘဲ အကြောက်အကန်ငြင်းနေရင် ကျွန်တော်တို့ပြောနေကျ စကားရှိတယ်၊ ဖင်ပိတ်ငြင်းတဲ့သူ။ ဒါပေမဲ့ သူက ၀န်ကြီးတယောက်ဖြစ်လို့ ဖင်ပိတ်ငြင်းတယ်လို့တော့ မပြောသင့်ဘူး ထင်ပါတယ်။ ဒါကြောင့် မျက်စိမှိတ် နားပိတ်ပြီး ငြင်းတယ်လို့ပဲ ပြောတာပါ။ ၀န်ကြီးရဲ့ ဖြေကြားမှုထဲမှာ ၀န်ထမ်းတွေရဲ့ နေထိုင်မှုကိစ္စအ၀၀ကို ၀န်ကြီးဌာနမှာ တာဝန်မရှိတော့ဘူး။ မွန်ပြည်နယ် အစိုးရက ဆက်လက်ဆောင်ရွက်မယ်လို့ ပါတယ်။ ဒီတော့ မွန်ပြည်နယ်အစိုးရ ဘာလဲ၊ ဘယ်လဲ မေးချင်တယ်။ ပြည်သူကို ဗဟိုပြုပြီးတော့ လုပ်မှာလား၊ လုပ်ငန်းရှင်အချို့ရဲ့အကျိုးကိုကြည့်မှာလား၊ ဒါကြောင့် မေးတာပါ။ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုကြည့်ပြီးတော့ ကျွန်တော်တို့ လက်သန်းတွေကို ရွှေချထားရမှာလား။ ဒါမှမဟုတ် ဖြတ်ပစ်ရမှာလား။ အဲဒီချိန်မှ ဆုံးဖြတ်မယ်''ဟု ပြောသည်။
ရွှေသံလွင်ကုမ္ပဏီအနေနှင့် တွက်ခြေမကိုက်သည့်ကိစ္စကို အကြောင်းပြု၍ နိုင်ငံတော်သို့ အခွန်ဆောင်ရမည့် ငှားရမ်းခ တလလျှင် ၁၈ သန်းနှုန်းဖြင့် (၇)လအကြာ ၁၂၆ သန်းကိုလည်း ကင်းလွတ်ခွင့်ရခဲ့သဖြင့် နိုင်ငံတော်မှ ၁၂၆ သန်း နစ်နာခဲ့သည်ဟု သိရသည်။ စက်လည်ပတ်စဉ်ကာလ၌ သဘာဝဓာတ်ငွေ့သုံးစွဲမှု၏တန်ဖိုး ပေးချေရာတွင် အစိုးရငွေလဲလှယ်နှုန်း တဒေါ်လာလျှင် ၆ ကျပ်မှ ၈ ကျပ်နှုန်းထားဖြင့် ပေးချေခဲ့ရသဖြင့် ကုမ္ပဏီသည် နစ်နာမှုမရှိနိုင်ကြောင်း ၀န်ထမ်းဟောင်းများက ပြောသည်။
ယင်းကိစ္စများတွင် ၀န်ထမ်းများအနေနှင့် နှစ်ပေါင်း ၃၀၊ ၄၀ ခန့်လုပ်ကိုင်ခဲ့ပြီး မိသားစုမျိုးရိုး သုံးဆက်ခန့် လုပ်ကိုင်လာသူများဖြစ်သောကြောင့် ပုဂ္ဂလိကအား ငှားရမ်းခြင်းတွင် ၀န်ထမ်းများကိုယ်တိုင် ငှားရမ်းခြင်း၊ အရစ်ကျရောင်းချပေးခြင်းမျိုးဖြင့် ဖြေရှင်းပေးစေလိုသည်ဟု ၎င်းတို့က ဆိုသည်။ ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ငွေကြေးနှုန်းထားများနှင့် နိုင်ငံတော်မှနစ်နာမှုများအား ၀န်ထမ်းများ စနစ်တကျ တွက်ချက်ထားသည့် ဇယားများအရ သိရသည်။
ကိုခက်
News Watch
No comments:
Post a Comment