Tuesday, July 19, 2016

တစ်ခုတည်းသော အများသုံးရေကန်တွင် ငါးများသေဆုံးနေသောကြောင့် အဆိပ်ခတ်ထားသည်ဟု သံသယရှိနေကြ



မြောက်ဦးမြို့နယ် သျှင်ကျော်ကျေးရွာရှိ တစ်ခုတည်းသော အများသုံးရေကန်တွင် ငါးများသေဆုံးနေသောကြောင့် အဆိပ်ခတ်ထားသည်ဟု သံသယရှိနေကြ
July 18. DNJ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သျှင်ကျော်ကျေးရွာတွင် တစ်ခုတည်းသာရှိသော အများသုံးရေကန်တွင် ငါးများသေဆုံးနေသောကြောင့် အဆိပ်ခတ်ထားသည်ဟု သံသယရှိနေကြပြီး လက်ရှိတွင် မိုးရေကိုသာ အဓိကအားထားနေကြရကြောင်း သိရသည်။


အဆိုပါ ကျေးရွာတွင် ဇူလိုင်လ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က သျှင်ကျော်မုနိဘုရားကြီးအနီးရှိ ရေကန်တွင် ငါးကြီး၊ ငါးငယ်စုစုပေါင်း(၂၀)ကျော်ခန့်မှာ သေဆုံးနေကြပြီး ကြာပင်များမှာလည်း အမြစ်ပြတ်နေသည်ကို ဒေသခံများက မြင်တွေ့ကြသောကြောင့် ၄င်းရေကန်အတွင်း အဆိပ်ခတ်ထားသည်ဟု သံသယရှိနေကြပြီး ရေကန်မှရေကို အသုံးမပြုဝံ့ကြကြောင်း သျှင်ကျော်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ တစ်ခါမှ ဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ဖူးဘူး။ ခုက ငါးတွေအလိုအလျောက်သေနေတယ်မြင်တော့ တစ်စုံတစ်ဦးက အဆိပ်ခတ်လိုက်တယ်လို့ ထင်ပါတယ်။ ခုက အဲဒီရေကန်ကို အသုံးမပြုတော့ဘူး။ ရွာမှာက ရေကန်က တစ်ခုတည်းသာ ရှိပါတယ်။ ” ဟု သျှင်ကျော်ကျေးရွာမှ ဦးမောင်ကျော်သိန်း က ပြောသည်။


သျှင်ကျော်ကျေးရွာတွင် အိမ်ခြေ(၅၀)ကျော်ရှိကာ ရေကန်တစ်ခုတည်းသာရှိသောကြောင့် ယခုအခါတွင် မိုးရေများကိုခံယူကာ ထမင်းချက်၊ ရေချိုးရာတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။ မိုးများဆက်လက်ပြီး ရွာသွန်းမှုမရှိပါက ရေပြတ်တောက်ဖွယ်ရှိကြောင်း ဒေသခံများက ဆိုသည်။

ငါးများသေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး တိန်ညိုဆေးရုံးကို အစစ်ဆေးခံရန် တင်ပြထားကြောင့်နှင့် တိန်ညိုရဲစခန်းများကိုလည်း တိုင်ကြားထားကြောင်း သိရသည်။

Development Media Group

No comments: