Saturday, July 2, 2016

မန္တလေးတွင် ကျူးကျော်ဆိုင်၊ အိမ်များကို စတင် အရေးယူမည် -------------------------------


မန္တလေး၊ ဇူလိုင်၁

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမတ်အတွင်းရှိ လမ်းနယ်နိမိတ် ကျူးကျော် ဈေးဆိုင်များနှင့် နေအိမ်များကို ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ အရေးယူမည်ဖြစ်ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ထားသည်။စည်ပင်သာယာ နယ်နိမိတ် ခြောက်မြို့နယ်မြို့နယ်အတွင်း ယင်းသို့ လုပ်ဆောင်မည်ဖြစ်သည်။

“နေအိမ်တွေဆို ဥပစာ ကျူးတာတို့၊ အိမ်ဆိုင်တို့ လုပ်တာမျိုးပေါ့။ ဒါမျိုးတွေ မလုပ်ဖို့ ဇွန်လအတွင်းက ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။ လိုက်နာမှု မရှိတဲ့ သူတွေကို အရေးယူသွားမှာပါ”ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရောင်းကုန် ပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ အိမ်ထောင် ပရိဘောဂများ၊ မီးစက်များကို လူသွားစင်္ကြ၊ ပလက်ဖောင်း၊ ရေမြောင်း၊ လမ်းမ၊ လမ်းဆုံလမ်းခွများတွင် ကျူးကျော်၍ ပစ္စည်းထားခြင်းများ၊ စုပုံခင်းကျင်းခြင်းများ မပြုလုပ်ရန် အသိပေးထားပြီးဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ကြေညာထားသည်။

လက်တွန်းလှည်း ဈေးအရောင်းဆိုင်များ အနေနှင့်လည်း လမ်းပိတ်ဆို့ ရောင်းချခြင်း၊ ပုံသေရပ်နားရောင်းချခြင်းများကို ခွင့်မပြုကြောင်း၊ တရားမဝင် လောင်စာဆီများကိုလည်း တရားဝင် ခွင့်ပြုချက် မရှိဘဲ လမ်းဘေး၊ လမ်းမပေါ်တွင် ဆီဘူးထောင် ရောင်းချခြင်း စသည်တို့ကို မပြုလုပ်ရကြောင်း ယင်းကော်မတီက ကြေညာထားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ကြေညာချက်များသာ ထုတ်နေပြီး ထိရောက်သည့် အရေးယူမှု အားနည်းနေသည်ဟု ပြည်သူများက ဝေဖန်နေသည်ဟု မီဒီယာများက မေးမြန်းရာ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် ဝန်ဒေါက်တာရဲလွင်က ဇွန်လ ၂၉ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

ယခုအစီအစဉ်သည် ဝန်ကြီးချုပ်၏ တာဝန်ပေးချက်အရ လမ်းပိတ်ဆို့မှု များပြားသည်ဟု လူပြောများနေသည့် နေရာများတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အရေးယူမည့် အပိုင်းတွင် စည်ပင်သာယာရေး ကော်မတီ၏ စည်းမျဉ်းစည်းကမ်းများအရ အရေးယူမည်ဖြစ်သော်လည်း ပြည်သူကို အတတ်နိုင်ဆုံး ငဲ့ညှာကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သတ်မှတ်ရက်အတွင်း ရွှေ့ပြောင်း ဖယ်ရှားခြင်း မပြုလျှင် စည်ပင်သာယာရေး ကော်မတီက ဖယ်ရှား ရှင်းလင်းမည်ဖြစ်ကာ ဖယ်ရှားခကို ဆိုင်၊ အိမ်ပိုင်ရှင်များက ပေးဆောင်ရမည်ဖြစ်ကြောင်း၎င်းကဆိုသည်။


No comments: