မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
ရှမ်းနီတွေနေထိုင်တဲ့ အင်းတော်ကြီးဒေသကို KIA လွှမ်းမိုးချုပ်ကိုင်ဖို့ ကြံစည်နေပြီလား…?
ရှမ်းနီတွေနေထိုင်တဲ့ အင်းတော်ကြီးဒေသကို KIA လွှမ်းမိုးချုပ်ကိုင်ဖို့ ကြံစည်နေပြီလား…?
5.2.2016
ရှမ်းနီလူမျိုးဆိုတာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက မြို့ပြပြည်ရွာတွေ တည်ထောင်ပြီး အခြေချနေထိုင်ခဲ့ကြတဲ့ လူမျိုး ဖြစ်ပါတယ်။ မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ ၀န်းသို တို့ဟာ ရှေးဘိုးဘွားရှမ်းနီတွေ တည်ထောင်ခဲ့တယ်ဆိုတာ သမိုင်းသက်သေအဖြစ် ရှိနေပါ တယ်။ မြန်မာ့သမိုင်းမှာတော့ ရှမ်းနီ၊ ရှမ်းဗမာ၊ ရှမ်းကလေး၊ မြေလတ်ရှမ်း၊ တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းလျန် ဆိုပြီး အမျိုးမျိုး ခေါ်ဆိုကြပါတယ်။ တိုင်းလိုင်၊ တိုင်းနိုင်း၊ တိုင်းလျန်ဆိုတာ မြန်မာလိုပြန်ရင် ရှမ်းနီလို့ပဲ အဓိပ္ပာယ်ရပါတယ်။ အဲဒီလို ဆင်းသက်လာခဲ့တဲ့ ရှမ်းနီမျိုးနွယ်စုတွေဟာ ကချင်ပြည်နယ်၊ အင်းတော်ကြီး ဒေသမှာ နှစ်ပေါင်းများစွာကတည်းက အခြေချနေထိုင်ခဲ့တယ်ဆိုတာ ငြင်းဖွယ်မရှိပါဘူး။
ဒါပေမယ့် ကချင်ပြည်နယ်မှာ တခြားလူမျိုးစုတွေ အပေါ်မှာရော ကချင်လူမျိုးစုကိုပါမချန် ဗိုလ်ကျစိုးမိုးနေတဲ့ KIA အဖွဲ့က ရှမ်းနီတွေ နေထိုင်တဲ့ အင်းတော်ကြီးဒေသကို မျက်စောင်းထိုးလာပါတယ်။ အင်းတော်ကြီးဒေသ အရှေ့ခြမ်းမှာ ရွာသစ်၊ ချောင်းဝ၊ နတ်မောက်ကန်ဆိုတဲ့ ရွာတွေရှိပြီး ရှမ်းနီတွေ အများစု နေထိုင်ကြတာ ဖြစ်ပါ တယ်။ ကချင်လူမျိုး အနည်းစုလည်း ရှိပါတယ်။ ကိုယ့်တိုင်းရင်းသားအချင်းချင်းဆိုတဲ့စိတ်နဲ့ ဒီနေ့ ဒီအချိန်ထိ ဘာပြဿနာမှ မဖြစ်ခဲ့ကြပါဘူး။ ဒါပေမယ့် ကြားရတဲ့သတင်းတွေအရ KIA အဖွဲ့ဟာ ရှမ်းနီတွေနေတဲ့ ရွာတွေ မှာ ကချင်လူမျိုးတွေ များလာအောင် အစားထိုး နေထိုင်ခိုင်းမယ်၊ ရှမ်းနီတွေ ပိုင်ဆိုင်တဲ့ လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေတွေကိုလည်း ကချင်တွေ ပိုင်အောင်လုပ်ရမယ်ဆိုပြီး သွေးထိုးမြှောက်ပင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါဟာ အင်းတော်ကြီးဒေသကို KIA မောင်ပိုင်စီးချင်တဲ့သဘောပဲလေ။ ရှမ်းနီတွေကို မောင်းထုတ်ပြီး ကချင်တွေ ကို နေခိုင်းမှ သူတို့လုပ်ချင်သလို လုပ်လို့ရမှာပေါ့။ ကချင်ပြည်နယ်ထဲမှာ ရှိတဲ့ မြို့၊ ရွာတွေ အားလုံး နီးပါး KIA လက်ချက်နဲ့ မကင်းကြပါဘူး။ လူသစ်အတင်းအကြပ် စုဆောင်းခံရတယ်။ ရိက္ခာတောင်းခံရတယ်။ ခေါင်းစဉ် အမျိုးမျိုးနဲ့ ကောက်တဲ့ဆက်ကြေးငွေ ပေးရတယ်။ ယုတ်စွအဆုံး ကိုယ့်လယ်မြေမှာ ကိုယ့်လုပ်အားနဲ့ ထွန်ယက် စားတာတောင် KIA က ဆက်ကြေးကောက်တယ်၊ သစ်ဝါးခုတ်ရင်လည်း ကောက်တယ်။ လမ်းဘေး ကွမ်းယာ ဆိုင်တောင် မချန်ဘူး ကောက်တယ်။ ရှမ်းနီတွေနေတဲ့ အင်းတော်ကြီးဒေသကိုလည်း အဲဒီလို လုပ်ချင်လို့ ကချင်တွေကို မြှောက်ပင့်ပေးနေတာ ဖြစ်ပါလိမ့်မယ်။
ရှမ်းနီတွေကတော့ ဘိုးဘွားစဉ်ဆက်နေလာတဲ့ အင်းတော်ကြီးဒေသကို KIA လက်ထဲ အရောက်မခံနိုင်ပါဘူး။ ဘယ်လိုအကြောင်းတရားမျိုးနဲ့မှ ထွက်ခွာမသွားနိုင်ပါဘူး။ ကချင်တွေအပေါ် ရှမ်းနီတွေ ညှာတာခံခဲ့ရပေါင်း များပါပြီ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတုန်းက ရှမ်းနီတွေ အခြေစိုက်နေထိုင်လာတဲ့ မြစ်ကြီးနား ခရိုင်၊ ဗန်းမော်ခရိုင်၊ ကသာခရိုင်ဒေသတွေကို ကချင်ပြည်နယ်အတွင်း သွတ်သွင်းခဲ့တယ်။ ရှမ်းနီတွေအနေနဲ့ ကန့်ကွက်ခဲ့ပေမယ့်လည်း လွတ်လပ်ရေးရဖို့ အရေးအကြီးဆုံးအချိန် ရောက်နေတာကြောင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တွေဖွဲ့စည်းတဲ့အခါ ရှမ်းနီ လူမျိုးတွေ နေထိုင်တဲ့ ဒေသတော်တော်များဟာ ကချင်ပြည်နယ်အတွင်း ထည့်သွင်းခံလိုက်ရတယ်။ ရှမ်းနီတွေ ဟာ ဘိုးဘွားစဉ်ဆက်နေထိုင်လာတဲ့ အင်းတော်ကြီးဒေသ ကချင်ပြည်နယ်ထဲပါဝင်သွားပေမယ့် နားလည်စွာ ဒီနေ့အချိန်ထိ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ နားလည်ပေးတယ်ဆိုပေမယ့် KIA ရဲ့ လုပ်ရပ်တွေကိုတော့ ဒီအတိုင်းငြိမ်ခံနေမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
အင်းတော်ကြီးဒေသကို KIA ဘာဖြစ်လို့ လွှမ်းမိုးချုပ်ကိုင်ချင်တာလဲဆိုတာ ရှမ်းနီတွေ သိပြီးသားပါ။ KIO/KIA အဖွဲ့ဟာ ကချင်ဝမ်ပေါင်သမ္မတ နိုင်ငံထူထောင်ဖို့ ကြိုးစားနေတာ ဖြစ်တဲ့အတွက် နယ်မြေတွေကို ရသမျှ ချဲ့နေ တာပါ။ KIA ဟာ ဘယ်လောက်ထိ လူပါးဝသလဲဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းအထိတောင် သွားပြီး နယ်မြေ ချဲ့ထွင်နေတာ တွေ့ရပါတယ်။ ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အားလုံး သတိထား ရမယ့် အချက်ဖြစ်ပါတယ်။ ပြည်ထောင်စုကနေခွဲထွက်ပြီး ကချင်ဝမ်ပေါင်သမ္မတနိုင်ငံထူထောင်မှာကို ရှမ်းနီ လူမျိုးတွေက လုံးဝလက်မခံနိုင်ပါဘူး။ ကိုယ့်နယ်မြေထဲဝင်လာရင်တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကာကွယ်သွားရမှာ ပဲဖြစ်ပါတယ်။ ရှမ်းနီလူမျိုးတွေအပေါ် အနိုင်ကျင့်မခံရစေဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီအနေနဲ့ အချက် ၃ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မိမိဒေသ လုံခြုံကာကွယ်ရေးကို အစိုးရတပ်မတော်နဲ့အတူ လက်တွဲဆောင်ရွက်ခွင့်ရရှိရေး၊ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဒေသခံတိုင်းရင်းသားများဖြစ်ကြသည့် ဗမာမျိုးနွယ်စု၊ ရှမ်းမျိုးနွယ်စုတွေရဲ့ သဘောဆန္ဒများကို တင်ပြခွင့်နဲ့ ပါဝင်ဆွေးနွေးနိုင်ခွင့်ရရှိရေး၊ ရှမ်းနီလူမျိုးများကို ရှမ်းနီအမည်နဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် KIA ရဲ့ ရန်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ကြားနေရတဲ့ KIA ရဲ့ အင်းတော်ကြီးဒေသ ထိန်းချုပ်ရေး ပြဿနာကို ရှမ်းနီတွေက ဘယ်လိုနည်းနဲ့မှ ငြိမ်ခံနေမှာ မဟုတ်ဘူးလို့ အသိပေးလိုက်ချင်ပါတယ်။
ဇော်အောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment