မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 18, 2016
ပုသိမ်ရွှေဆိုင်လုသူကို Facebook Account မှ ခြေရာခံပြီး ဖမ်းမိ ------------------------------------------------
ပုသိမ်ရွှေဆိုင်လုသူကို Facebook Account မှ ခြေရာခံပြီး ဖမ်းမိ
------------------------------------------------
ပုသိမ်၊ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့လယ်ရှိ မြေနုလမ်းတွင် ဖွင့်ထားသော နဝရတ် ရွှေဆိုင်မှ ရွှေဆွဲကြိုး လုယက်သည့် သံသယရှိသူကို လူမှုကွန်ရက်ဖြစ်သော Facebook Account မှ တစ်ဆင့် ခြေရာခံ၍ တစ်ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
“လုယက်သူရဲ့ ပုံသဏ္ဌာန်က ရွှေဆိုင်ရဲ့ CCTV မှာ ဖော်လို့ရပေမယ့် သူ (သံသယရှိသူ) ဘယ်မှာနေတယ် ဆိုတာကို ကျကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းကနေ တစ်ဆင့် ဖော်ထုတ်သိရှိပြီး ဖမ်းဆီးရမိခဲ့တာပါ” ဟု အဆိုပါ စခန်းမှ ရဲအုပ် မြင့်ထွန်းနိုင်က ဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦးမှာ နဝရတ်ရွှေဆိုင်သို့ လာရောက်ပြီး ရွှေဝယ်ဟန်ဆောင်၍ အလေးချိန် တစ်ကျပ်သားကျော် (ကာလတန်ဖိုး ၁၂ သိန်းခန့်) ရှိ ရွှေဆွဲကြိုးကို လုယူကာ အမျိုးသားတစ်ဦး အသင့်စောင့်ဆိုင်းနေသည့် ဆိုင်ကယ်ဖြင့် ထွက်ပြေးစဉ် ၎င်း၏ လက်ကိုင်ဖုန်း ကျကျန်ရစ်ခဲ့ကြောင်း၊ လက်ကိုင်ဖုန်းတွင် ဖုန်းနံပါတ် သုံးခုသာရှိပြီး ဖေ့ဘွတ်အမည်နှစ်မျိုး အသုံးပြုထားကြောင်း၊ အဆိုပါ Facebook အကောင့်များမှ တစ်ဆင့် သံသယရှိသူများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့နယ် ရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက ရှင်းပြသည်။
နဝရတ်ရွှေဆိုင်ကို လုယက်ခဲ့ကြသူများဟု ယူဆရသူများမှာ ပုသိမ်မြို့နယ်၊ ရေမနေပင်ကိုင်း ကျေးရွာအုပ်စု၊ ဆယ်ပင်ကြီးရွာနေ အသက် ၂၇ နှစ်ရှိ ဝင်းလှိုင်နှင့် အသက် ၁၉ နှစ်ရှိ မြင့်လှိုင်တို့ ညီအစ်ကိုနှစ်ဦး ဖြစ်ကြောင်း၊ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးရာ လုယက်ခဲ့သော ရွှေဆွဲကြိုးကို သာပေါင်းမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ကျပ်ဆယ်သိန်းဖြင့် ပေါင်နှံထားပြီး ကျပ်ငါးသိန်းကို သန်လျက်စွန်းရွာအနီး ချုံပုတ်ထဲတွင် ဝှက်ထားခဲ့ကြောင်း၊ ကျန်ငွေများဖြင့် လျှပ်စစ်ဆိုင်ရာ ပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အပြင် ယခင်က အခြားရွှေဆိုင်တစ်ဆိုင်နှင့် ဖုန်းဆိုင်နှစ်ဆိုင်တို့ထံမှ လုယက်ခဲ့မှုများပါ ပေါ်ပေါက်ခဲ့ကြောင်း၊ အသေးစိတ် အချက်အလက်များကို သိရှိနိုင်ရန် ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
“အခုပုသိမ်က အရင်လို မဟုတ်ဘူး။ လမ်းတွေအများကြီး ပေါက်နေပြီ။ ပုသိမ်-သာပေါင်း၊ ပုသိမ်-မြောင်းမြ၊ ပုသိမ်-ငပုတော၊ ပုသိမ်-ငွေဆောင်၊ ချောင်းသာ စသည်ဖြင့် အများကြီးပဲ၊ လူစိမ်းလား လူကျက်လားဆိုတာ ခွဲဖို့မလွယ်တော့ဘူး၊ ဟိုတစ်ခါ ငွေဆောင် ဖောက်ထွင်းမှုတုန်းက နောက်တစ်နေ့ ဟင်္သာတမှာ ဖမ်းမိတယ်။ အခုလည်း ပုသိမ်ရွှေဆိုင်ကနေ လုသွားတယ်။ ချက်ချင်း သာပေါင်းမှာ သွားပေါင်ပြီးနေပြီလေ။ ရွှေဆိုင်တွေ၊ ဖုန်းဆိုင်တွေက သတိထားဖို့ လိုပါတယ်” ဟု မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။
အဆိုပါ လုယက်မှုနှင့် ပတ်သက်၍ ဝင်းလှိုင်နှင့် မြင့်လှိုင်တို့ နှစ်ဦးကို (ပ) ၅၇/၂၀၁၆၊ ပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ပုသိမ်မြို့နယ် ရဲစခန်းထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment