နိုင်ငံတော်လုံခြုံရေး၊ တိုင်းတစ်ပါသား လက်အောက် ပြန်လည်မကျရောက်ရေး၊ နိုင်ငံရဲ့ထာဝရ လွတ်လပ်ရေးအတွက် ပုဒ်မ၅၉(စ) ထာဝရလိုအပ်
========================================
လွှတ်တော်အတွင်း မလိုလားအပ်သော ဥပဒေများကို ပယ်ဖျက်သွားမည်ဟူ၍ အမျိုးသားလွှတ်တော် ဥက္ကဌအသစ်ဖြစ်သူ ဦးမန်းဝင်းခိုင်သန်းမှ ပြောကြားသွားကြောင်း ကြားသိရပါသည်။ ထိုသို့မလိုလားအပ်သော ဥပဒေများကိုပယ်ဖျက်ရန်မှာ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဖြစ်စေရန် မှန်ကန်သော်လည်း တမျိုးသားလုံး အတွက် မရှိမဖြစ် လိုအပ်သော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)အား ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်းပြုလုပ်ခဲ့လျှင် သက်ဆိုင်တာဝန်ရှိသူများက အပြင်းအထန်ကန့် ကွက်သင့်ပါသည်။
မည်သူကိုမျှ ရည်ရွယ်ခြင်းမဟုတ်ပါဘဲပြောရလျှင် တစ်ဦးတစ်ယောက် သမ္မတသက်တမ်း (၅)နှစ် အတွက် ၅၉(စ)အား ပြင်ဆင်ပါက နိုင်ငံတော်၏လုံခြုံရေးနှင့် အနာဂတ်ကို လောင်းကြေး ထပ်နေသလို ဖြစ်နေပါတော့သည်။ ၅၉(စ)နှင့်ပတ်သက်၍ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၅)မှာ ပုဒ်မ၄၉(က)ဟူ၍ ရှိခဲ့ပါသည်။ ယင်းပုဒ်မ၄၉(က)ပါ အကြောင်းအရာများမှ ယခု ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ)နှင့် အကြောင်းအရာများ ထပ်တူကျ နေပါသည်။
ပြည်သူလူထုတစ်ချို့ ထင်နေကြသော ၅၉(စ)သည် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း သမ္မတမဖြစ်မြောက်ရေးအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေး၊ တိုင်းတစ်ပါသား လက်အောက် ပြန်လည်မကျရောက်ရေး၊ နိုင်ငံရဲ့ထာဝရလွတ်လပ်ရေး စသည့် ရည်ရွယ်ချက် ပေါင်းများစွာဖြင့် ယခင်၄၉(က) ယခု၅၉(စ)အား ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ အနာဂတ်နိုင်ငံတော်အတွက် ရေးဆွဲခဲ့တဲ့ဥပဒေဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကိုယ်တိုင်ဦးစီးပြီး နိုင်ငံနဲ့လူမျိုးအတွက် လိုအပ်လို့ ရေးဆွဲခဲ့တဲ့ ၅၉(စ)အား ပြင်ဆင်ခြင်း ပြုပါက မြန်မာနိုင်ငံသားများကိုယ်စား အပြင်းအထန်ကန့်ကွက်မိပါသည်။
ယခုအခါ မြန်မာနိုင်ငံ လူမှုစာမျက်နှာကွန်ယက်ပေါ်မှာလည်း ၎င်း၅၉(စ)အားပြင်ဆင်ခြင်း ဆိုင်းငံ့ခြင်းပြုမည်ကို ပြည်သူအများစုက သဘောမတူကြောင်း ရေးသားထားသည်ကိုလည်း တွေ့ရှိရပါသည်။ ထို၅၉(စ)အား မြန်မာနိုင်ငံ တည်ရှိနေသရွေ့ နိုင်ငံသားတိုင်းအနေဖြင့် ဆက်လက် တည်မြဲစေရေး ထိန်းသိမ်းရန် လိုအပ်ပါကြောင်း မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် တိုက်တွန်းလိုပါသည်။ နိုင်ငံသူနိုင်ငံသားများအား နောက်ဆုံးအနေဖြင့် “ဖိနပ်ကိုပဲကြီးမလား၊ ဖနောင့်ကိုပဲ လှီးမလား” မေးမြန်းလိုပါတယ်….
No comments:
Post a Comment