Thursday, February 11, 2016

နိုင်ငံအနာဂတ်နှင့် လူငယ် ----- ----- ----- ----- -----

♪♫ ♪ တက်လူတွေ တက်လူတွေ လုံ့လဝီရိယရှိပြီး မျိုးဂုဏ်တက်အောင် ရွက်ဆောင် တို့တာဝန်မှန်ပေ ♪♫ ♪ ♫ ♪

♪♫ ♪ အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ ♪♫ ♪ ♫ ♪

♪♫ ♪ ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ ♪♫ ♪ ♫ ♪

----- ----- ----- ----- -----
နိုင်ငံအနာဂတ်နှင့် လူငယ်
----- ----- ----- ----- -----

ဘမောင် လူငယ်ဘဝတုန်းကလည်း လူငယ်တွေဘက်ကပဲ ရပ်တည်ခဲ့တယ်၊ အခု အသက်ခြောက်ဆယ် ကျော်လာတော့လည်း လူငယ်တွေဘက်က ရပ်တည်လျက်ပဲ။ မျိုးဆက်တွေ လက်ဆင့်ကမ်းသွားရင်းနဲ့ နိုင်ငံရဲ့ အနာဂတ် ကောင်းကိုတည်ဆောက်ဖို့ဆိုရင် လူငယ်တွေလက်ထဲ ထည့်ပေးနိုင်ဖို့ လိုတယ်လေ၊ ဒီနေ့ လူကြီးတွေ ဆိုတာ တစ်ချိန်က လူငယ်တွေပါ၊ ဒီနေ့ မိဘတွေဆိုတာလည်း တစ်ချိန်က သားသမီးတွေပါ၊ ဒီနေ့ နိုင်ငံ ခေါင်းဆောင်ဆိုသူတွေလည်း လူငယ်ဘဝနဲ့ အခြေခံတွေကို ဖြတ်သန်းပြီးမှ တာဝန်ကြီးကြီးယူနိုင်ကြတဲ့သူတွေ ချည်း ဖြစ်ပါတယ်၊

----- ----- ----- ----- ----- ----- -----
တိုးတက်နိုင်ဖို့ မှီခိုစိတ် ကင်းကြစေချင်တယ်။
----- ----- ----- ----- ----- ----- -----

ကမ္ဘာ့သန်းကြွယ်သူဌေးကြီး ဝါရင်းဘက်ဖက်က အသက် (၁၂) နှစ်သားအရွယ်မှာ Slotting Machine လေးကိုဝယ်ပြီး ဆံပင်ည§ပ်ဆိုင်မှာထားရင်း အလုပ်လုပ်ခဲ့တဲ့ဘဝက-စခဲ့တာ၊ ကမ္ဘာကျော် ဘီလ်ဂိတ် ဆိုတာလည်း သူ့သူငယ်ချင်းတစ်ဦးနဲ့ပေါင်းပြီး ကွန်ပျူတာအစုတ်လေးနဲ့ ကားဂိုဒေါင်ထဲမှာ ဘဝစခဲ့တာ၊ မီဒီယာ သူဌေးကြီးရူးပါ့မားဒေါ့ရဲ့သားကလည်း အသက် (၂ဝ) လောက်မှာ သူ့မိဘဆီက ထွက်ခွာခဲ့ပြီး တခြားကုမ္ပဏီမှာ လုပ်ခဲ့ တယ်၊

တိုးတက်တဲ့နိုင်ငံတွေကို ဘာလို့ တိုးတက်သွားသလဲဆိုတဲ့အပေါ်မှာ လေ့လာရင် ]မှီခိုစိတ်ကင်းခြင်း} က အဓိကအကြောင်းတရားတစ်ခုဆိုတာ တွေ့ရပါလိမ့်မယ်။ သူဌေးသားဆိုပေမယ့် မာစီးဒီးကြီးနဲ့ ကျောင်းပို့ ပေးကြတာ မဟုတ်ဘူး၊ သိပ်ငယ်သေးတဲ့အချိန်မှာ ကျောင်းကားနဲ့သွား၊ သွားတတ်လာတတ်တဲ့အခါမှာ ကိုယ့်ဖာ ကိုယ်သွား၊ ကျောင်းပြီးရင် မိဘအိမ်မှာ မနေကြတော့ဘူး၊ ကိုယ့်ဒူးကိုယ်ချွန် စပြီး-အလုပ်လုပ်ကြလေ့ ရှိတယ်၊ မိဘတွေကလည်း ဆက်ပြီးကျွေးမထားသလို၊ လူငယ်တွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ခြေထောက် ပေါ်ကိုယ် ရပ်တည်ကြရမယ်ဆိုတဲ့အသိက မွေးကတည်းက ကပ်ပါလာပြီးသား၊ မှီခိုစိတ်မရှိတတ်ကြဘူး၊ မြန်မာ နိုင်ငံမှာတော့ တချို့အိမ်ထောင်ပြုပြီး ကလေးပြန်ရတဲ့အချိန်အထိ မိဘအပေါ်သာ မှီခိုမလွတ်သေးတာ၊ မှီခိုစိတ် ရှိနေသေးတာ တွေ့ရတယ်။

မှီခိုစိတ်ဆိုတာ နောက်လိုက်စိတ်ဖြစ်လို့ ဦးဆောင်စိတ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်၊ တိုးတက်ကြီးပွား သွားတဲ့သူတွေကို လေ့လာရင် ကိုယ်လည်း တတ်သိအောင်လေ့လာပြီး သူများကို ဦးဆောင်ရမှာ မကြောက်ရွံ့ တတ်တဲ့သူတွေဖြစ်နေတာ တွေ့ရလိမ့်မယ်။ နောက်လိုက်ဆိုတာက ခေါင်းဆောင်ကညွှန်ပြမှ လုပ်တတ်တဲ့သူ၊ လုပ်လိုတဲ့ စိတ်ပိုင်ရှင်တွေသာဖြစ်လို့ ခေါင်းဆောင်ပေါ် မှီနေရသူတွေ ဖြစ်တယ်၊ ငယ်စဉ်က မိဘအပေါ် မှီခိုစိတ် ကြီးကြတဲ့သူတွေဟာ ကြီးလာရင်လည်း ဦးဆောင်ရမှာ မဝံ့မရဲဖြစ်ပြီး သူများအပေါ်ပဲ မှီခိုချင်တဲ့စိတ် ရှိနေပါ လိမ့်မယ်။ အချိန်တန် အရွယ်ရောက်ကြရင် အိမ်ထောင်ပြုသားမွေးပြီး ကိုယ့်မိသားစုကို ကိုယ်ကပြန်ပြီး ဦးဆောင်ကြရမယ့်သူတွေ ဖြစ်လာရမှာပါ၊ ကိုယ်က မှီခိုစိတ်သိပ်များနေရင် ကိုယ့်သားသမီးတွေကို ဦးဆောင် စိတ် မသွင်းပေးတတ်၊ မလေ့ကျင့်တတ်လို့ ကိုယ့်ရဲ့မှီခိုစိတ်ဟာ နောက်မျိုးဆက်အထိ ကူးသွားနိုင်တယ်ဆိုတာကို သတိပြုမိကြဖို့ လိုပါတယ်၊

----- ----- ----- ----- ----- ----- -----
ခေါင်းဆောင်စိတ်ရှိရင် တကယ်တိုးတက်တယ်။
----- ----- ----- ----- ----- ----- -----

ကျွန်တော် နိုင်ငံတကာစီးပွားရးကို ၁၉၉၁-မှာ စလုပ်တယ်၊ တစ်ရက်ကျတော့ အမျိုးသမီး (၃) ဦး ပါတဲ့အဖွဲ့က အီလက်ထရောနစ်ထုတ်ကုန်တစ်ခုနဲ့ပတ်သက်ပြီး Marketing လာလုပ်ပါတယ်။ ခေါင်းဆောင် လုပ်သူက ရှင်းပြတယ်၊ ကျွန်တော်ကသိချင်တာ မေးတယ်၊ ခေါင်းဆောင်လုပ်သူကတချို့ကို မဖြေနိုင်တော့ သူ့နိုင်ငံခြားသားကို ပြန်မေးပြီး ပြောပါ့မယ်လို့ ဆိုတယ်။ နောက်တစ်ယောက်ကတော့ ခေါင်းဆောင်မျက်နှာ ကိုပဲကြည့်ပြီး ဘာမှမပြော၊ မဆွေးနွေးခဲ့ဘူး၊ အသက်အငယ်ဆုံး အလုပ်သင်ဖြစ်ဟန်ရှိတဲ့ ကလေးမတစ်ဦးက ခဏစဉ်းစားပြီး အတတ်နိုင်ဆုံး ပြန်ဖြေတာ ကြုံခဲ့ရဖူးတယ်၊

နောက် (၂) ပတ်လောက်ကြာတော့ အဲဒီအငယ်ဆုံး ကလေးမလေးက ခွင့်တောင်းပြီး လာတွေ့တယ်။ တော်တော် လေ့လာထားပြီးမှ ပြန်လာပုံပါ။ ကျွန်တော်လိုချင်တဲ့အဖြေ ရသွားတယ်။ အခု အဲဒီကောင်မလေးက အမေရိကန်မှာရောက်နေပြီး ကော်ပိုရေးရှင်းကြီးတစ်ခုမှာ လစာအတော်မြင့်တဲ့ရာထူးနဲ့ အလုပ်လုပ်နေတာ တွေ့ရတယ်၊ Marketing ဆင်းတုန်းက အဖွဲ့ခေါင်းဆောင်လုပ်တဲ့သူရော၊ ခေါင်းဆောင်မျက်နှာကိုကြည့်ပြီး ဘာမှပြန်မပြောခဲ့တဲ့ အမျိုးသမီး (၂) ဦးလုံးက ဘာမှသိပ်မထူးခြားတဲ့ဘဝတွေကိုပဲ ဖြတ်သန်းနေကြတာ တွေ့ရ တယ်၊

နောက်တစ်ဦးတွေ့ဖူးပါသေးတယ်၊ဆေးရုံတစ်ရုံရဲ့ဌာနတစ်ခုကမန်နေဂျာအမျိုးသမီး ဆရာဝန်တစ်ဦး ပါ၊ အဲဒီဆေးရုံက CEO လုပ်တဲ့သူနဲ့ ခင်မင်နေတာ အတော်ကြာခဲ့ပါပြီ၊ တစ်ရက် သူတို့ (၂) ဦး လာကြတယ်၊ အဲဒီတုန်းက ဆေးရုံတိုးတက်ရေး၊ အပြိုင်အဆိုင်ပေါ်လာတဲ့ ဆေးရုံတွေကြားမှာ ယှဉ်ပြိုင်နိုင်ရေးနဲ့ပတ်သက်ပြီး လာပြီး အကြံÓဏ်ယူကြတာပါ။ ကျွန်တော်လည်း တတ်သလောက်မှတ်သလောက် ဆွေးနွေးပေးလိုက်ပါတယ်၊ အရှည်သဖြင့် HR ကို ဖွံ့ဖြိုးစေဖို့၊ ဆေးရုံအတွင်း အုပ်ချုပ်မှု Structure မှန်ကန်စေဖို့၊ နိုင်ငံတကာနည်းပညာ တွေနဲ့ချိတ်ဆက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ကနေပြီး ဆေးရုံမှာ လူနာထက်ပိုတဲ့ ဈေးကွက်ချဲ့ထွင်ရေး ပါတဲ့ ဆွေးနွေးမှုကို ဆွေးနွေးပေးလိုက်ပါတယ်။ ပါလာတဲ့ ဆရာဝန်မလေးက အတော် တွန်းတွန်းတိုက်တိုက် လုပ်လိုတဲ့ ဦးဆောင်လိုတဲ့စိတ်မျိုးရှိနေတာ တွေ့ရတယ်။

တစ်ရက် အဲဒီဆရာဝန်မလေး ရောက်လာပြီး ကျွန်တော် ဆွေးနွေးပေးလိုက်တာကို အသေးစိတ် ပြန်လာမေးတယ်၊ ကျွန်တော်လည်း လက်လှမ်းမီသလောက် ဆွေးနွေးပေးလိုက်ပါတယ်။ တစ်နှစ်လောက်ကြာ တော့ အဲဒီဆရာဝန်မလေး ထပ်ရောက်လာတယ်၊ ကျွန်တော် ဆွေးနွေးလိုက်တာကို သူအကောင်အထည်ဖော် နေတဲ့အကြောင်း၊ သူတို့ ဆရာဝန်လေး-ငါးဦးပေါင်းပြီး သူက ဦးဆောင်နေတဲ့အကြောင်း လာပြန်ပြောပါတယ်၊

ပြီးခဲ့တဲ့ လအနည်းငယ်က မိတ်ဆွေတစ်ယောက် ဆေးရုံတက်နေရလို့ သွားကြည့်ဖြစ်တယ်၊ မထင်မှတ် ပဲ အဲဒီဆရာဝန်မလေးကို သွားတွေ့တယ်၊ အဲဒီဆေးရုံမှာ CEO ပြန်ဖြစ်နေတာ တွေ့ရတယ်၊ လူနာအခန်းထဲ အထိ လိုက်ကြည့်ပေးပြီး ကူညီနိုင်တာတွေ အကူအညီပေးသွားတယ်၊ ပြောရရင် … ကြိုးစားချင်တဲ့စိတ်ရှိရင်၊ လေ့လာလိုတဲ့စိတ်ရှိရင် ဦးဆောင်လို၊ ဦးဆောင်ရဲတဲ့စိတ်မျိုးရှိခဲ့ရင် အနှေးအမြန်သာ ကွာမယ်၊ တစ်ချိန်ချိန်မှာ ဖြစ်တည်လာတယ်ဆိုတာကို ပြောချင်ပါတယ်။

----- ----- ----- ----- ----- ----- -----
ဗိုလ်ချုပ်အောင်ဆန်း လျှမ်းလျှမ်းတောက်ချိန်
----- ----- ----- ----- ----- ----- -----

ဗိုလ်ချုပ်အောင်ဆန်းဆို လူတိုင်း သိပြီးသားပါ၊ သူ့အသက် (၂၉) နှစ်မှာ မြန်မာပြည်တွင်းမှာသာမက ဗြိတိသျှမှာပါ သူနာမည်က လျှမ်းလျှမ်းတောက်ပါ၊ အရွယ်ကောင်းတဲ့ အသက် (၃၁) နှစ်မှာ ဆုံးပါးသွားခဲ့ပါ တယ်၊ တက္ကသိုလ်ကျောင်းသားဘဝဆိုတာ ဆယ်ကျော်သက်တွေ ဖြစ်ပါတယ်၊ အဲဒီ တက္ကသိုလ်ကျောင်းသားဘဝ မှာထဲက ကျောင်းသားသမဂ္ဂ၊ အိုးဝေမဂ္ဂဇင်းတွေမှာ အရေးကြီးတဲ့တာဝန်တွေယူပြီး ဦးဆောင်စိတ်နဲ့ တက်တက် ကြွကြွ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်၊ လေ့လာမှုကလည်း အံ့မခန်းပါပဲ၊ မကြာခင်မှာပဲ ရဲဘော် (၃) ကျိပ်ကို ဦးဆောင်ခဲ့ပြီး ၈ျပန်မှာ စစ်ပညာသင်၊ မြန်မာပြည်ကိုပြန်လာပြီး တော်လှန်ရေးကို ဦးဆောင်ခဲ့သူ ဖြစ်တယ်၊ လူငယ်တွေအတွက်ရော လူကြီးတွေအတွက်ပါ ဗိုလ်ချုပ်အောင်ဆန်းဟာ အတော့်ကို စံနမူနာထားစရာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်၊ သူ့အသက် (၂၉) နှစ်မှာ အားလုံးက ဖိမ့်ဖိမ့်တုန်ရသူတစ်ဦး ဖြစ်နေပါပြီ၊

ကျွန်တော်တို့ ဒီနေ့အသက် (၃ဝ-၄ဝ) အရွယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်ပြီး၊ နေ့တစ်ဝက် လေပစ်ကောင်းတုန်း တွေ့နေရဆဲပါ၊

ဗိုလ်ချုပ်လို မလေ့လာ၊ ဦးဆောင်စိတ်လည်း-မထား၊ အချိန်ကိုလည်း အကျိုးရှိရှိ အသုံးမချနိုင်ကြ သေးတာ တွေ့ရပါတယ်၊ ဗိုလ်ချုပ်ကအားရင် အခန်းအောင်းပြီး စာဖတ်တယ်၊ စာထဲမှာပါတဲ့ ပညာနဲ့ ဗဟုသုတ တွေကို တစ်ဝကြီးယူတယ်၊ ကျွန်တော်တို့က အပြင်ထွက်တယ်၊ ဘာမှမယ်မယ်ရရ မဟုတ်တာတွေကို ငြင်းကြ ခုန်ကြတယ်၊ သူများအကြောင်း အတင်းပြောကြတဲ့၊ အဲဒီယဉ်ကျေးမှု ကြီးကြီးမားမား အမြစ်တွယ်နေသမျှ ကာလပတ်လုံး ကြီးပွားတိုးတက်မှုကို အဟန့်အတား ဖြစ်နေစေပါဦးမယ်၊

--- --- ---
အရင်းအနှီး
--- --- ---

လူငယ်ထု တော်တော်များများမှာ အရင်းအနှီးမရှိရင် ဘာမှလုပ်မရဘူးလို့ ဆင်ခြေပေးတတ်တာ သတိထားမိပါတယ်၊ သူတို့ပြောတဲ့ အရင်းအနှီးက ငွေကြေးအရင်းအနှီးကိုဆိုမှန်း သိရပါတယ်၊ ချမ်းသာသူ တစ်ချို့ကလွဲရင် လူတိုင်း အရင်းအနှီးလိုအပ်ကြတာ တွေ့နိုင်တယ်၊ ငွေကြေးဆိုတာ အရင်းအနှီးတွေထဲက တစ်ခု သာဖြစ်ပြီး၊ ကိုယ့်ကြိုးစားမှု၊ Óဏ်ရည်Óဏ်သွေး၊ ဦးဆောင်စိတ်၊ ပညာ၊ အတွေ့အကြုံတွေက အရင်းအနှီး ကောင်းတွေဆိုတာကို မေ့နေကြဟန် တူပါတယ်၊ အနောက်နိုင်ငံက ကြီးပွားသွားကြတဲ့သူတွေကို လေ့လာရင် မိဘတွေဆီက အမွေရပြီး ချမ်းသာသူတွေက သိပ်မမြဲတတ်ကြပြီး၊ ငွေကြေးအရင်းအနှီးမရှိဘဲ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး မီလျံနာတွေဖြစ်လာကြတဲ့ အရေအတွက်က ပိုလည်းများ၊ ပိုပြီးလည်း ခိုင်မာတတ်ကြတာ သုတေသနတွေအရ တွေ့ရပါလိမ့်မယ်၊

ကိုယ့်ပညာ၊ ကြိုးစားမှု၊ အတွေ့အကြုံတွေကိုကျော်ပြီး ငွေကြေးအရင်းအနှီးအပေါ်သာ အာရုံများ နေတဲ့သူတွေဟာ မှီခိုစိတ် ကြီးမားကြသူတွေဖြစ်တာ တွေ့ရပါလိမ့်မယ်၊ ကိုယ်တတ်ထားသလောက် ပညာနဲ့ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားကြသူတွေက ခေါင်းဆောင်စိတ်ဓာတ် ကြီးမားကြသူတွေ ဖြစ်တာကိုလည်း သတိထား တွေ့နိုင်ကြပါတယ်၊

တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း (၅ဝ) လောက် နိုင်ငံရေးစနစ် (၂) ခုကြားမှာ ခေါင်းဆောင်စိတ်တွေ အားနည်းခဲ့ကြရပါတယ်၊ ဒီနေ့ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေနဲ့ ခရီးဆက်နေပါပြီ၊ လွတ်လပ်စွာ ပြောနိုင်ဆိုနိုင်ပါပြီ၊ လွတ်လပ်စွာ ဦးဆောင်နိုင်ပါပြီ၊ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့် အလမ်းတွေလည်း အများကြီး ပွင့်လာခဲ့ပါပြီ၊ ကိုယ်စိတ်ဝင်စားတဲ့ကဏ္ဍနဲ့ ဆက်စပ်တဲ့ပညာကို အသေအချာ ထဲထဲဝင်ဝင် တတ်သိအောင် ကြိုးစားပြီး လုပ်ကိုင်ကြမယ်ဆိုရင် ကြီးပွားတိုးတက်ဖို့ သိပ်ပြီးမခဲယဉ်းတော့ဘူးလို့ မြင်ပါတယ်၊ အရင်က လုပ်ခွင့်ကိုင်ခွင့်ကို မရှိခဲ့တာပါ၊ အခု လုပ်ခွင့်ကိုင်ခွင့်ရှိလာတဲ့အပြင် ပညာရပ်ဆိုင်ရာကို ဆည်းပူးနိုင်ဖို့ အင်တာနက် အထောက်အပံ့တွေကအစ ရှိနေနှင့်ပါပြီ၊ အချိန်ကို အကျိုးရှိအသုံးချနိုင်ဖို့၊ ကိုယ့်ရဲ့ ခွန်အားကို မှန်မှန်ကန်ကန်အကျိုးရှိရှိ အသုံးချနိုင်ဖို့၊ အခွင့်အလမ်းကို မှန်မှန်ကန်ကန်ရှာဖွေနိုင်ဖို့ပဲ လိုပါတယ်၊

အလုပ်လုပ်ကြပြီဆိုရင် ဘယ်နေရာမှာမှ ချောချောမွေ့မွေ့ မရှိတတ်တာကိုလည်း လူငယ်တွေ မျှော်လင့်ထားသင့်ပါတယ်၊ အပြိုင်အဆိုင်ရှိလာတဲ့ခေတ်ဖြစ်လို့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကျော်ဖြတ် ရပါလိမ့်မယ်၊ စိန်ခေါ်မှုတွေကို စိုးထိတ်နေလို့ ကြောက်ရွံ့နေရင် နောက်လိုက်စိတ်ပဲ ဖြစ်ပါတယ်၊ ဦးဆောင်စိတ်၊ ခေါင်းဆောင်စိတ်၊ ကြီးပွားလိုတဲ့ စိတ်ပိုင်ရှင်တွေက စိန်ခေါ်မှုတွေကို လက်ခံဖြတ်သန်းနိုင်ကြသူတွေပါ၊ အဲဒီလို စိန်ခေါ်မှုတွေကို ဖြတ်သန်းကြရင်း အတွေ့အကြုံကို ရယူသွားကြဖို့သာ လိုပါတယ်၊ နောက်တစ်ခုက ကမ္ဘာကြီး မရပ်မနား လည်ပတ်နေသလို ခေတ်ကြီးမှာလည်း အပြောင်းအလဲတွေ မရပ်မနား ဖြစ်ပေါ်နေတတ်တာကို သတိ ထားမိကြပါလိမ့်မယ်၊ အပြောင်းအလဲတိုင်းကိုလည်း တွန့်ဆုတ်နေစရာ မလိုပါဘူး၊ ဘယ်အချိန်မှာ ဘယ်လို ပြောင်းလဲနိုင်သလဲဆိုတာကို ကြိုတင်မျှော်လင့် ပြင်ဆင်ထားနိုင်တာကိုတော့ ခေါင်းဆောင်ဖြစ်ကြမယ့်သူတွေ ပိုင်ဆိုင်ကြရတဲ့ အရည်အချင်းဖြစ်နေတယ်ဆိုတာကို သတိထားကြရပါလိမ့်မယ်၊

လူငယ်တွေအတွက် အခွင့်အရေးတွေ ရှိလာနေပါပြီ၊ မြန်မာနိုင်ငံအတွက် တစ်သက်မှာ တစ်ခါ လောက်ရတဲ့ အခွင့်အလမ်းလို့ပြောရင် ရပါတယ်၊ အဲဒီအခွင့်အလမ်းပေါ်မှာ ဒီနေ့ အရွယ်ကောင်းရှိနေကြတဲ့ လူငယ်တွေ ကောင်းကောင်းအသုံးချသွားနိုင်ကြဖို့ပဲ လိုပါတယ်၊ ခေတ်ကာလရဲ့ အခွင့်အလမ်းနဲ့ အရွယ်ကောင်း တိုက်ဆိုင်မှုဟာ ရတောင့်ရခဲအခွင့်အလမ်းကြီး ဖြစ်ပါတယ်၊ အဲဒီအခွင့်အလမ်းကို ခေါင်းဆောင်စိတ်ရှိကြသူတွေ က လက်ဆုပ်လက်ကိုင် အသုံးချသွားပြီး တိုးတက်ကြီးပွားခွင့်တွေ ရကြပါလိမ့်မယ်၊ ဒါကြောင့် ကြီးပွားတိုးတက် ချင်ရင်တော့ လူငယ်တွေ ခေါင်းဆောင်စိတ်မွေးပြီး ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ ။
  

နေဇင်လတ် ( ၂.၁၂.၂ဝ၁၅ )

Credit : Nay Zin Latt

https://web.facebook.com/Dr.NayZinLatt/posts/1526869000946842

No comments: