မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 12, 2016
စိတ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်
စိတ်ကျန်းမာမှ ကိုယ်ချမ်းသာမယ်
|| ကျန်းမာရေးကဏ္ဍ ||
မြန်မာလူမျိုး တော်တော်များများမှာ စိတ်ရောဂါရှိတယ်ဆိုတာ ကြားတာနဲ့ စိတ်မနှံ့သူတစ်ဦးကိုသာ ပြေးမြင်လိုက်ကြလေ့ ရှိပါတယ်။ မည်သူကမှ ကိုယ့်ကို စိတ်ရောဂါရှိတယ်လို့ ပြောတာကို မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ စိတ်ရောဂါသည်ဆိုတာ စိတ်မနှံ့သူ လမ်းပေါ်မှာ လျှောက်သွားနေသူ၊ စိတ်ရောဂါကုဆေးရုံမှာ သံတိုင်ခတ် ခံထားရသူလို့ အတော်များများက ယူဆလို့ ဖြစ်ပါတယ်။ အမှန်တော့ စိတ်ရောဂါဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ပုထုဇနောဥမ္မတကော ဆိုတဲ့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်အတိုင်းပါပဲ။ ပုထုဇဉ်လူသားတိုင်းဟာ အကြောင်းအမျိုးမျိုးနဲ့ ရူးနေကြသူတွေ ချည်းပါ။
အနည်းဆုံး ကိုယ့်မှာ သည်အချက်တွေ ရှိနေသလား ဆန်းစစ်ကြည့်ပါ။ အိမ်တံခါး ပိတ်ပြီးကာမှ မီးဖိုမီးတွေ မပိတ်ခဲ့ရသေးဘူးဆိုတာ သတိရလို့ အိမ်သော့ပြန်ဖွင့်ကြည့်တဲ့ အကျင့်ရှိပါသလား၊ လက်တွေကို မလိုအပ်ဘဲ ခဏခဏဆေးနေပါသလား။ လူတွေကို မမြင်ချင် မတွေ့ချင် ဖြစ်နေပါသလား။ ဘာအကြောင်း မည်မည်ရရမရှိဘဲ ညဘက်အိပ်လို့ မရဖြစ်နေပါသလား။ အလကားနေ အိပ်ချည်းပဲ နေပါသလား။ ငါသာမရှိရင် အားလုံးအေးမယ်လို့ ထင်နေပါသလား။ ကိုယ့်အိမ်သား တစ်ယောက်ယောက် ညဘက် အိမ်ပြန်မလာပါက စိတ်ကူးယဉ် စိုးရိမ်မှုတွေနဲ့ အတွေးထဲမှာသူတော့ ဒုက္ခရောက်ပါပြီလို့ အလွန်အကျွံ တွေးပူမိနေပါသလား။ မိသားစုနဲ့ စိတ်ဆိုးတဲ့အခါ ထမင်းမစား ဟင်းမစားဘဲ တံခါးပိတ်ပြီး နေလေ့ရှိပါသလား။ ဒါ့အပြင် အလကားနေ စိတ်ဂနာ မငြိမ် မတည်မငြိမ်ဖြစ်နေသလား။
ဒါတွေဖြစ်လေ့ဖြစ်ထ ရှိနေရင်တော့ ကိုယ့်မှာ စိတ်ရောဂါ တစ်မျိုးမျိုး ရှိနေပြီလို့ ယူဆရပါတယ်။ စိတ်ရောဂါဆိုတာ တစ်ခါတလေမှာမှ ပေါ်လာတတ်တာမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် စိတ်ထိခိုက် စိတ်ပင်ပန်းနေချိန်မှာ။ ဆေးရုံတက် ခွဲရစိတ်ရ ကုသရလို့ နာကျင်မှုတွေ ခံစားတဲ့အခါမှာ။ မိန်းမများ ကလေးမီးဖွားလို့ နာကျင်မှုတွေ မကြုံဖူးတဲ့ အတွေ့အကြုံတွေ ကြုံရတဲ့အခါမှာလည်း စိတ်ရောဂါ ဖြစ်လေ့ရှိပါတယ်။ ဆေးရုံတက် ခွဲရစိတ်ရ ဝေဒနာတွေကို ကာလရှည်စွာ ခံရတဲ့ အခါမှာ စိတ်တွေ တစ်မျိုးဖြစ်လာပါတယ်။ အားငယ်သလို စိတ်ဓာတ်ကျသလို သည်လိုခံစားနေရမှာထက် သေတာ အေးပါတယ်ဆိုသော အတွေးတွေ ပေါက်လာတတ်ပါတယ်။ ကလေးမွေးတဲ့ မိခင်တွေမှာလည်း သားဖွားတဲ့အခါ နာကျင်တဲ့ဝေဒနာ၊ ကလေးကိုပြုစုရလို့ ပင်ပန်းမှု၊ ကလေးအတွက် စိတ်ပူပန်မှုတွေကြောင့် ငိုချင်သလို ရယ်ချင်သလို စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ သည်လိုရောဂါသည်တွေကို စိတ်ရောဂါကု ဆရာဝန်နဲ့ပါ တစ်ခါတည်း ကုသလေ့ရှိပါတယ်။ ဒါ့အပြင် စီးပွားရေး၊ လူမှုရေး အဆင်မပြေ ကျရှုံးမှုတွေကို ကြုံရတဲ့အခါမှာလည်း စိတ်ကျရောဂါ အပါအ၀င် စိတ်ရောဂါများ ဖြစ်လေ့ရှိပါတယ်။ ငယ်ရွယ်သူများမှာလည်း အသည်းကွဲတဲ့အခါ ချစ်သူနဲ့ အဆင်မပြေတဲ့ အခါ စိတ်ရောဂါ ဖြစ်လေ့ရှိပါတယ်။ သွပ်သွပ်ခါ ရူးနေတာမဟုတ်လို့ ဒီရောဂါတွေကို ပေါ့ဆလို့ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ အခြေအနေ ဆိုးသွားနိုင်ပါတယ်။
စိတ်ရောဂါဟာ လူကြီးတွေမှာ ဖြစ်တတ်သလို ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မိဘနှစ်ပါး အိမ်ထောင်ရေး အဆင်မပြေရင် ၊ ရန်ဖြစ်ကြရင် ကလေးတွေဟာ ထုတ်မပြော တတ်ကြပေမယ့် သူတို့ စိတ်မှာ အလွန်ထိခိုက်တတ်ပါတယ်။ အဲဒီစိတ်ထိခိုက်မှုက ကလေးရဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့အထိ ပညာရေးနဲ့ ကလေးရဲ့  အနာဂတ်တက်လမ်းကိုပါ ထိခိုက်တတ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကလေးတွေရှေ့ မှာ မိဘတွေ သတ်ပုတ် စကားများရန်ဖြစ်ကြရင် သက်ဆိုင်ရာ ပြည်နယ် ကလေးစောင့်ရှောက်ရေးက ကလေးတွေကို လာခေါ်ပြီး မိဘတွေနဲ့ ခွဲထားပါတယ်။ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာပဲ နေစေပါတယ်။
စိတ်ရောဂါက လူတိုင်းလို ဖြစ်ပွားတတ်ပေမယ့် စိတ်ရောဂါဆေးတွေ သောက်ဖို့လိုတဲ့ အဆင့်မှသာ ဆေးနဲ့ကုဖို့ လိုပါတယ်။ အနောက်နိုင်ငံမှာတော့ စိတ်ရောဂါကို စိတ်ကုထုံးနဲ့ကုတဲ့ စိတ်ပညာရှင်နဲ့ ဆေးနဲ့ကုသတဲ့ စိတ်ရောဂါ ဆရာဝန်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အခြေအနေမဆိုးတဲ့ အခါအားလျော်စွာ အကြောင်းတစ်မျိုးမျိုးနဲ့ ဖြစ်သွားတဲ့ ရောဂါတွေကတော့ စိတ်ပညာရှင်ဆီ သွားပြရုံနဲ့ သက်သာ ပျောက်ကင်းနိုင်ပါတယ်။ စိတ်ပညာရှင်ဆီ မသွားလည်း မိဘမိသားစုက ဖေးမနားလည်ကြမယ် ဆိုရင်လည်း ခဏနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ဥပမာ ကိုယ့်အိမ်မှာ နာတာရှည် လူနာတစ်ဦး ရှိပါက သူအကြောင်းမဲ့ စိတ်တိုတာ အလိုမကျတာကို ရောဂါဝေဒနာကြောင့် ဆိုတာ နားလည် သဘောပေါက်ပေးပါ။ သည်းခံဖေးမပြီး ကူညီပေးမယ်ဆိုရင် သက်သာ ပျောက်ကင်းသွားမှာပါ။ မီးဖွားပြီးစ ကိုယ်ဝန်ဆောင် ဆိုရင်လည်း သည်သဘောအတိုင်း ဖြစ်ပါတယ်။ ဂျီကျနေတယ် ဒုက္ခပေးနေတယ်လို့ မမြင်ဘဲ ဒါကလေးမွေးပြီးစ ယာယီစိတ်ရောဂါလို့ နားလည်ပေးရပါမယ်။
ကလေးတွေမှာ စိတ်အနာတရ ဖြစ်တာကို ရှောင်ကြဉ်ဖို့ အတွက်တော့ သူတို့ ရှေ့မှာ စိတ်နာကျင် ထိခိုက်စေမယ့် အရာတွေ ၊ စကားတွေ အပြုအမူတွေကို ရှောင်ရှားဖို့ လိုပါတယ်။ အထူးသဖြင့် သည်အပြုအမူတွေကို မရှောင်ရှားနိုင်ဘူး ဆိုပါက ငယ်ငယ်ကတည်းကပဲ ကိုယ့်သားသမီးရဲ့ အနာဂတ်ကို အညွန့်ချိုးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
တကယ်တော့ စိတ်ရောဂါဆိုတာ လူတိုင်းမှာ အနည်းနဲ့အများ ရှိပါတယ်။ ကြောက်စရာလည်း မလိုသလို ရှက်စရာလည်း မလိုပါဘူး။ စိတ်ကို စိတ်နဲ့သာ ကုလို့ရပါတယ်။ ကိုယ့်မှာ အဆင်မပြေမှုတွေ စိတ်ညစ်စရာတွေ ရှိရင် ကျိတ်မှိတ်ပြီး မခံစားပါနဲ့။ ယုံကြည်ရသူ တစ်ယောက်ယောက်ကို ဖွင့်ပြောပါ။ ငိုရင် ငိုချလိုက်ပါ။ ဒါကိုယ်တစ်ယောက်တည်းသာ ဖြစ်နေတာ မဟုတ်ဘူးလို့လည်း တွေးပါ။ တစ်ယောက်တည်း မနေဘဲ အသိုင်းအ၀ိုင်းနဲ့ နေပါ။ ဟာသကို ခံစားပါ။ ပျော်စရာများကို တွေးပါ ခံစားပါ။ ရေကူးခြင်း၊ တင်းနစ်ကစားခြင်း စတဲ့ အားကစားတွေ လုပ်ကြည့်ပါ။ အပြုသဘော အကောင်းမြင်စိတ် မွေးကြည့်ပါ။ မိတ်ဆွေသစ်၊ ပတ်ဝန်းကျင်သစ် ပြောင်းလဲကြည့်ပါ။ ဘုရားသွားတာ၊ တရားထိုင်ကြည့်တာတွေလည်း စိတ်ဖိစီးမှုကို ပြေပျောက်စေတဲ့ အရာတွေဖြစ်ပါတယ်။
စိတ်ဟာမိမိရဲ့ ကိုယ်ရောစိတ်ပါ အောင်မြင်မှုအတွက် အရေးကြီးဆုံး အရာတစ်ခုပါ။ ဒါကြောင့် စိတ်ကျန်းမာရေးကို အလေးထားပေးပါ။ ငါးရာ့ငါးဆယ် နိပါတ်တော်မှာ မြတ်စွာဘုရားရှင်က စစ်မြေပြင် တိုက်ပွဲကြီးများစွာကို အောင်မြင်သော်လည်း အောင်မြင်ခြင်း မဟုတ်၊ မိမိစိတ်ကို အောင်နိုင်မှသာလျှင် စင်စစ်အောင်နိုင်ခြင်း၊ မြတ်သော အောင်နိုင်ခြင်းလို့ ဟောကြားခဲ့ပါတယ်။
ဒါကြောင့် စိတ်ကို အောင်နိုင်အောင် ၊ စိတ်ထားတတ်အောင် ကြိုးစားသင့်ပါကြောင်း အကြံပြုလိုပါတယ်။
လင်းလင်း
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment